Friday, March 2, 2012

HI!

အပြည့်အစုံသို့....

Friday, March 12, 2010

သင်္ကြန်

တဖြည်းဖြည်းနဲ့ သင်္ကြန်နား နီးလာပြီ။ မနှစ်ကတော့   ဘလော့သင်္ကြန် လုပ်ပြီး ပျော်နေခဲ့တယ်။ ဒီတစ်နှစ်တော့ ဘာလုပ်ရမှန်း မသိဘူး။ ဒီနှစ်သင်္ကြန် အတွက် ထွက်တဲ့ သီချင်းတွေကို နားထောင်ရင်း ရေပက်ခံ ထွက်ရမှာလည်း ကြောက်၊ မဏ္ဍပ်ထိုင်ရမှာလည်း ကြောက်ပါတယ်။ အိမ်မှာလည်း မနေချင်၊ တရားလည်း သွားမထိုင်ချင်။ ဘလော့သင်္ကြန်လုပ်ဖို့လည်း ကွန်အခြေအနေနဲ့ လွယ်မယ်မထင်။ ခရီးထွက်တာပဲ ကောင်းမလား.........လို့ စဉ်းစားနေတယ်။ ဟိုနေ့ကမှ လောလောလတ်လတ် သက်တမ်းတိုးထားတဲ့ ပတ်စပို့လေးကလည်း ရှိနေတော့ ပြည်ပထွက်မယ်ဆိုလည်း ရတော့ရသား။ ပြည်တွင်းမှာလည်း လည်စရာတွေတော့ အပေါသား။ "ဘယ်ကို သွားဖြစ်မလဲ၊ ဘာကို လုပ်ဖြစ်မလဲ " စဉ်းစားရင်း စဉ်းစားရင်းနဲ့ သိတော့ပါဘူး။

အပြည့်အစုံသို့....

Wednesday, March 10, 2010

တစ်ယောက်တည်း ခရီးသွားခြင်း(2)



တကယ်တော့ ကျမ ဘာသာ တွေးကြောက်နေတာပါ။ ကျောင်းနဲ့ ပတ်သတ်ပြီး သွားတာဆိုတော့ ကျောင်းက ခေါ်ပြောတယ်။ "အာမခံလုပ်သွားတဲ့။ မလုပ်ရင် မသွားရဘူးတဲ့။ "ဒါနဲ့ အသက်အာမခံရော၊ ပစ္စည်းအာမခံရော လုပ်ပြီးမှ သွားတာ။ ဟိ ဟိ၊ ဒါကြောင့် တစ်ခုခုဖြစ်ရင် စိုးရိမ်စရာ သိပ်မရှိဘူးသိလား။ သူတို့ ရှင်းပေးမှာ။ ကျမကသာ ကိုယ်မရောက်ဖူးတဲ့ နိုင်ငံခြားကို တစ်ယောက်တည်းသွားရလို့ ကြောက်တာ။ ဂျပန်လာတုန်းကလည်း တစ်ယောက်တည်းလာတာပဲ။ ကံကောင်းချင်တော့ ကျောင်းတုန်းက အတန်းဖော်နဲ့ လေဆိပ်မှာ တွေ့တယ်လေ။ အဲ့ဒါနဲ့ပဲ သူမနဲ့ အတူသွားဖြစ်သွားတယ်။ ဟိုရောက်တော့လည်း လာကြိုပေးမယ့်လူရှိတော့ အဆင်ပြေပြေနဲ့ ဂျပန်နိုင်ငံကြီးကို ခြေချနိုင်ခဲ့တယ်။

ကိုရီးယားကျမှ နည်းနည်းအခက်တွေ့ပြီး ကြောက်ရတာ။

အသွားတင် မဟုတ်ဘူး။ အပြန်မှာလည်း ချက်ချင်း အဆင်မပြေဘူးသိလား။ မြန်မာကနေ ဂျပန်ကို ဝင်လာတုန်းက အသစ်မှလား။ ဒီတော့ စစချင်းလာတဲ့နိုင်ငံခြားသားတွေကို စစ်တဲ့ ဂိတ်ပေါက်မှာ တန်းစီရတာလေ။ အခု ကိုရီးယားသွားပြီး ဂျပန်ကို  ပြန်ဝင်တော့  Re-entry ဖြစ်သွားပြီလေ။ ဒါကို ကျမက ဘယ်မှာသွားတန်းစီတယ်ထင်လဲ။ ဟိ ဟိ၊ စစချင်းလာတဲ့လူတွေ စီတဲ့ အပေါက်မှာ။ အကြာကြီးမှ အကြာကြီးပဲ။ နောက်မှ စဉ်းစားမိတယ်။ Re-entryဆိုတော့ ဒီဂိတ်မဖြစ်နိုင်ဘူးလို့။  ;p ဒါနဲ့ ဟိုဒီကြည့်လိုက်တော့မှ ဟိုဘက်နားက ဂိတ်မှာ "Re-entry နဲ့၊ ဂျပန်နိုင်ငံသားများသာ"လို့ ရေးထားတဲ့ အပေါက်ကို တွေ့တယ်။ အဲ့ဒီ ဂိတ်မှာကျတော့ တန်းစီစရာတောင် မလိုတော့ဘူး။ ကျမ တစ်ယောက်တည်းပဲ ရှိတော့တယ်။ ကျမတို့ လေယာဉ်မှာပါလာတဲ့ Re-entryသမားတွေရော၊ ဂျပန်တွေကော ရှိတော့ဘူးသိလား။

အပြည့်အစုံသို့....

Tuesday, December 1, 2009

တစ်ယောက်တည်း ခရီးသွားခြင်း

 
 မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ယောက်တည်း ခရီးသွားရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ဘူး။ အထူးသဖြင့် ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသတစ်ခုကို သွားရင်ပေါ့။ ခရီးတစ်ခုကို မဖြစ်မနေသွားရမယ်ဆိုရင် ရောက်မယ့်အချိန်၊ နေရာကို လေ့လာထားသင့်ပါတယ်။ လာကြိုမယ့်လူမရှိပဲ ညသန်းခေါင်ယံရောက်ခဲ့ရင် ဘယ်လိုလုပ်မလဲ ကြိုစဉ်းစားထားသင့်တယ်။ ကိုယ့်အန္တရာယ်ကို  ကိုယ်ကြိုမြင်ထားသင့်တယ်။ ဆရာကြီးလုပ်တာ မဟုတ်ပါဘူး။  ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြတာပါ။

 ကိုရီးယားကို ကျမ ရောက်ခဲ့စဉ်ကပေါ့။ လေယာဉ်က ဘာဖြစ်လဲ မသိဘူး နောက်ကျတယ်။ တကယ်ဆို နှစ်နာရီပဲ စီးရမယ့်ခရီးကို လေဆိပ်မှာ စောင့်တာနဲ့၊ စီးတာနဲ့၊ ဝင်တာနဲ့ အားလုံးပေါင်း ခြောက်နာရီလောက် ကြာသွားတယ်။ ည ကိုးနာရီလောက်ရောက်ရမယ့် လေယာဉ်က ည သန်းခေါင်ကျော်မှ ရောက်တယ်။ လေဆိပ်မှာ လိုအပ်တဲ့ အမှုထမ်းတွေ၊ အစောင့်တွေကလွဲရင် လူတောင်မရှိတော့ဘူး။ အဲဒီမှာ ဒုက္ခစရောက်တာပဲ။ ဘယ်ကားစီးလို့ စီးရမှန်းမသိဘူးလေ။ လာကြိုမယ့် လူကလည်း လေယာဉ်နောက်ကျလို့  မစောင့်နိုင်လို့ ပြန်သွားပြီ။ ဖုန်းဆက်တော့ ကိုယ့်ဟာကိုယ်ပဲ လာခဲ့တော့တဲ့။ စီးရမယ့် ကားနံပါတ်ပြောတယ်။ ဒါပေမယ့် သူပြောတဲ့ ကားကို ရှာမတွေ့ဘူး။ ကိုယ်ကလည်း ကိုရီးယားလို မပြောတတ်၊ တွေ့တဲ့လူကို မေးတော့လည်း အင်္ဂလိပ်လို နားမလည်၊ တကယ့်ကို ဒုက္ခရောက်တာ။ နောက်ဆုံးမှ နားလည်တဲ့သူတစ်ယောက်ရှာတွေ့တယ်။ သူပြောတဲ့ကားကို အမြန်တက်လိုက်မိလို့ တော်သေးတယ်။ အဲဒါ နောက်ဆုံးကားတဲ့လေ။ တော်သေးတယ်။ ကံကောင်းပေလို့သာပေါ့။

  ဘုရားစာဆိုရင်း ကားစီးလာခဲ့ရတယ်။ ဘေးမှာ ကိုရီးယားအန်တီကြီးတစ်ယောက်နဲ့ ထိုင်ရတယ်။ သူ့စကား ကိုယ်နားမလည်၊ ကိုယ့်စကား သူနားမလည်နဲ့ပဲ စကားတွေ ပြောဖြစ်ကြတယ်။ ဟိ ဟိ၊ ဘာနဲ့ပြောတယ်ထင်လဲ။  dictionary စက်လေးနဲ့ပါ။ အင်္ဂလိပ်လိုရေးလိုက်ရင် ကိုရီးယားလို ထွက်လာတယ်လေ။ အဲဒါကို သူမကို ပြလိုက်၊ သူမက ပြန်ပြောနဲ့ အဆင်ပြေတယ်......ဟုတ်။

 ကားမှာတုန်းက ဟိုအန်တီကြီးက လာကြိုမယ့်လူကို ဖုန်းဆက်ပြောပေးတယ်။ ဘယ်နေရာကို လာရမလဲလို့လေ။ လာကြိုမယ့်လူက ဘူတာနာမည်တစ်ခုကို ပြောပြတယ်။ ဒီလိုနဲ့ပဲ မြို့ထဲဝင်လာပြီး ကားဒရိုင်ဘာက ကျမပြောတဲ့ ဘူတာတစ်ခုရှေ့မှာ ချပေးခဲ့တယ်။ ညသန်းခေါင်ယံကြီး စောင့်နေခဲ့တယ်။ လာကြိုမယ့်လူက မလာဘူး။ ကျမ ရပ်နေတဲ့နေရာက ဘူတာရဲ့ အဝင်ဝ၊ ဟိုတယ်တစ်ခုရှေ့မှာဖြစ်နေတယ်။ (ကိုရီးယားက မြေအောက်ရထားများတော့ အဝင်ဝပဲ မြင်ရတယ်။ ဘူတာထဲတော့ မရောက်သေးဘူး။ ) အကြာကြီးရပ်စောင့်နေပေမယ့် လာလည်း မကြို၊ စိတ်ကလေးရယ်တဲ့ လေပါတယ်။ ဟူး.................၊


 နောက်ဆုံး မနေနိုင်တာနဲ့ ဟိုတယ်ထဲဝင်ပြီး ဖုန်းသွားဆက်လိုက်တယ်။ သူငယ်ချင်းတစ်ယောက်က ကိုရီးယားဖုန်းကဒ်တွေ ပေးထားတာရှိတော့ ဖုန်းဆက်မယ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဖုန်းကဒ်တွေက ဝင်ကို အဝင်မခံဘူး။ :c ဘာများဖြစ်လို့ပါလိမ့်။ ဖုန်းကဒ်များကုန်နေလားဆိုပြီး ဟိုကဒ်စမ်း၊ ဒီကဒ်စမ်းပေါ့။ ဘယ်လိုမှကို ဆက်လို့ မရတာ။ ငိုတောင်ငိုချင်လာတယ် အဟုတ်။  :c အဲဒီမှာ ဘေးမှာ ဆက်နေတဲ့လူတစ်ယောက်က ကျမဖုန်းကဒ်ကြီးကို ဆွဲယူသွားတယ်။ ဗုဒ္ဓေါ၊ လန့်လိုက်တာ။ မပြောမဆိုနဲ့ ဖုန်းကဒ်ထည့်ပေးသွားတာ။ သူထည့်လိုက်တော့လည်း အေးဆေးပဲ။ ဟူး၊ ဂျပန်မှာက ဖုန်းကဒ်ကို ထည့်ရင် အမဲရောင်ပါတဲ့ ဘက်ကို အောက်မှာ ထည့်ရတာ။ ကိုရီးယားက အပေါ်ဘက်မှာ ထည့်ရတာတဲ့။  မှားတဲ့အခါလည်း မှားပေမှာပေါ့။ ;p

 ဖုန်းကဒ်ရတော့ လာကြိုမယ့်လူကို ဖုန်းဆက်၊ သူလာကြိုတာကို စောင့်နေရတာ။ ညကြီးမင်းကြီး၊ ကိုယ်မရောက်ဖူးတဲ့ နိုင်ငံက လမ်းလယ်ခေါင် မှာ တစ်ယောက်တည်း ရပ်စောင့်နေရတဲ့ ဒုက္ခက အရမ်းကြောက်ဖို့ကောင်းပါတယ်။

 ခုပြန်တွေးကြည့်ရင် ခုကြောက်တုန်းပဲ။

နောက်ဆုံးမှာတော့ လာကြိုတဲ့လူ ရောက်လာပါတယ်။ သူမနဲ့အတူ နောက်ထပ်ကောင်မလေးနှစ်ယောက်လည်း ပါလာတယ်။ အချင်းချင်း မိတ်ဆက်စကားပြော၊ နှုတ်ဆက်ကြတယ်။ သူမက အခုအလုပ်မှာ အတွင်းရေးမှူးဆိုတော့ အလုပ်ရှုပ်နေလို့ နောက်ကျတာ ခွင့်လွှတ်ပါလို့ တောင်းပန်တယ်။ နောက်ဆုံးတော့လည်း၊  သူမနဲ့အတူ သူမအိမ်ကို Taxi နဲ့ သွားရတယ်။ သူမအိမ်ရောက်တော့ မနက်လေးနာရီရှိပြီ။


အပြည့်အစုံသို့....

 

Design By:
SkinCorner