Tuesday, September 30, 2008

မြန်မာတီထွင်ထားသော စက်ရုပ်

ဂျပန်မှာရှိတဲ့ "INSTITUTE OF TECHNOLOGY" တစ်ခုမှာ ပညာသင်ကြားနေတဲ့ မြန်မာအကိုကြီးတစ်ယောက် တီထွင်ထားတဲ့ စက်ရုပ်တွေပါ။ အဲ့ဒီအကိုကြီးက Websiteမှာ ရေးဖို့ အချိန်ယူနေဆဲပါ။ Videoတွေပါ တင်ချင်တဲ့အတွက် Blogspotနဲ့ ရေးဖို့ အဆင်မပြေဖြစ်ပြီး မရေးရသေးတာပါ။ စက်ရုပ် Websiteလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ မကြာမှီ၊ ပေါ်ထွက်လာတော့မှာ ဖြစ်သော သူ့၏ စက်ရုပ် Websiteအား ကြေငြာအနေနဲ့ တင်ပြပေးလိုက်ပါတယ်။

မြန်မာတစ်ယောက်က စက်ရုပ်တီထွင်နိုင်တာကို ကျမတော့ ဂုဏ်ယူပါတယ်။ အားပေးပါတယ်။စက်ရုပ် Website မြန်မြန်ထွက်ပေါ်လာပါစေလို့ ဆုတောင်းပေးနေပါတယ်။ :y

စက်ရုပ်များကို အပေါ်စီးမှ မြင်ရပုံ

တိုက်ခိုက်ရေးစက်ရုပ်
တူညီတဲ့ စက်ရုပ်နှစ်ရုပ် ကို အတူတူထားရင် တိုက်ခိုက်ကြတာ။ ခုံပေါ်မှာ တင်ပြီး တိုက်ခိုင်းရင် ပြုတ်ကျတဲ့စက်ရုပ်က အရှုံးတဲ့။ Remote နဲ့ ထိန်းပြီး ကစားရပါတယ်။
ပင့်ကူ စက်ရုပ်(ဘေးတိုက်ကြည့်ရင်မြင်ရသော ပင့်ကူစက်ရုပ် )
ကလေးကစားစရာအနေနဲ့ တီထွင်ထားတာပါ။ ခုန်ဆွ ခုန်ဆွနဲ့ ဟိုပြေးဒီပြေး၊ သွားလို့ရပါတယ်။ ခြေထောက်(8)ချောင်း ပါပါတယ်။
တည့်တည့်ကြည့်ရင် မြင်ရသော ပင့်ကူစက်ရုပ်
Line Tracer (လိုင်းပေါ်မှာ ပတ်ပြေးနေသော စက်ရုပ်ကား ကလေး။) Sensor လေးလုံးပါပြီး အလယ်(3)လုံး၊ ဘေး(1)လုံးပါ။ ဘေး(1)လုံးက ရပ်တဲ့နေရာမှ အသုံးပြုပါတယ်။ အလယ်မှ Sensor များကလိုင်းဖတ်ပြီး ပြေးဖို့ပါ။

ဒါကတော့ Sensor (7)လုံးပါပြီး အဲ့ဒီမှာပါတဲ့ Mycom က Computer Processor နီးနီးလောက် အလုပ်လုပ်တယ်တဲ့။

အဖြူရောင်ပတ်လမ်းကိုပဲသိလို့ အဖြူရောင်မြင်ရင် ပြေးပါတယ်။ အနက်ရောင်ဆို သူနားမလည်ပါဘူး။ :d

ဒီစက်ရုပ်က ဂျပန်ယန်းငွေ(12)သောင်း၊ မြန်မာငွေ (12)သိန်းနီးပါး ရှိပါတယ်တဲ့ရှင်။ :y
Robot Club က ပိုင်တဲ့ စက်ရုပ်ပါတဲ့။
တီထွင်ထားတဲ့အထဲမှာ အဲ့ဒီအစ်ကိုကြီးလည်း ပါဝင်ခဲ့ပါတယ်။

စမ်းသပ်တီထွင်ထားဆဲမို့ လှတပတ အပေါ်ယံအခွံလေးတွေ မပါသေးပါဘူး။ :p
အမြင်ပန်းမလှခဲ့ရင် သည်းခံပြီး ကြည့်ပေးကြပါရှင်။ ;)

"Vending machines" တီထွင်တာ စက်ရုပ်တီထွင်တာလောက် မခက်ပါဘူးတဲ့။ ;)


အပြည့်အစုံသို့....

Monday, September 29, 2008

Blogလေးရဲ့ (4)လပြည့်မွေးနေ့



ဪ၊ ဘာလိုလိုနဲ့ Blogလေးတောင် (4)လပြည့်ခဲ့ပြီ။
အမျိုးမျိုးသော အကြောင်းအရာတွေကို ကြုံတွေ့ခဲ့ရဖူးပြီ။ :c
Blogကို ပိတ်ဖြစ်ဖို့၊ Blogလောကက ထွက်ခွာဖို့လည်း ကြံရွယ်ခဲ့ဖူးသည်။ :d
ဒါပေမယ့်၊ Blogလောကကို မပြတ်နိုင်၊ Bloggerမိတ်ဆွေများကို မဖြတ်နိုင်သဖြင့် အပြောနဲ့အလုပ်မညီစွာ ထွက်မယ်လုပ်လိုက်၊ ပြန်ဝင်လာလိုက် ဖြစ်နေရသည်။ :p
ဪ၊ သံယောဇဉ်၊ သံယောဇဉ် တော်တော်ကြောက်ဖို့ကောင်းပါတကား။ :y

ဒီတစ်ခါ ၊ Blog(4)လပြည့်တော့ အရင်မွေးနေ့တွေတုန်းကလို မရှိမဲ့၊ ရှိမဲ့ Internet ထဲမှ စားစရာများရှာပြီး မကျွေးတော့ပါ။ ;)
(ခဏခဏ မုန့်ကျွေးရသဖြင့် ပိုက်ပိုက်ကုန်သောကြောင့် မဟုတ်ပါ။ ခဏခဏမွေးနေ့လုပ်ရတာ ရှက်လာသောကြောင့် ဖြစ်ပါသည်။) :)
သို့သော်၊ မွေးနေ့လုပ်ရတာ ပျော်သောကျမသည် Blogလေး တစ်လပြည့်တိုင်း သူ့အတွက် မွေးနေ့လုပ်ပေးတတ်ပါသည်။
ယခုလည်း၊ လစဉ်လတိုင်း လုပ်ပေးနေကြဖြစ်သော Blogလေးအတွက် လပြည့်မွေးနေ့ပွဲလေးကို Blogလေး စိတ်ဆိုးမည်စိုး၍ ကျင်းပလိုက်ပါသည်။
Blogလေးရဲ့(4)လပြည့်မွေးနေ့ပွဲသို့ ကျမနှင့် Blogလေးတို့ နှစ်ယောက်က ရောက်ရှိပြီး ဖြစ်ပါသည်။ :z လာရောက်တက်ရောက်ချင်သူများအားလည်း ဖိတ်ခေါ်လိုက်ပါသည်။
မွေးနေ့လက်ဆောင်ယူလာလည်း စိတ်မဆိုးပါ။ :p

ကျမက Blogလေးအတွက် အရုပ်လေးတစ်ရုပ် လက်ဆောင်ပေးလိုက်ပါသည်။ :p
ချစ်စရာလေးနော်။ :p :p

မိုးပြေးဆီက လက်ဆောင်ပါ။ (ကြွားတာ) ;) :p

ကျွန်တော့်သူငယ်ချင်း ဂျပန်မလေး (megumi)အတွက်.......

မွန်မြတ်စိတ်ထား တရားများကို မှတ်သားနာယူ ပွားများရသည်.......
တစ်နေ့ တာအမော ပင်ပန်းသမျှကို ပြေပျောက်စေကြောင်း တေးသီချင်းဖြင့် ခံစားနားစဉ် ......
လူ့ ဘ၀ရဲ့  ဖြစ်လေ့ဖြစ်ထ ချစ်ခြင်း၊မုန်းခြင်း၊ အလွမ်းအဆွေး ရသများဖြင့် ပေးစွမ်းခဲ့သည်.......
နိုင်ငံရပ်ခြား သုတများဖြင့် အတွေးအမြင်ကို ရှင်သန်စေခဲ့ပြီ...........
သူငယ်ချင်းရေ ဘာတွေပဲ ဖြစ်ဖြစ် ဘလော့ဂ့်လေးကို ၄ လကြာအောင် ပြုစုခဲ့ပြီးပြီလေ......
နောက်ထပ်ရှင်သန်ခွင့်ပေးလိုက်ပါဦး......
နှစ်လကြာညောင်း ခါနွေပြောင်းလည်း
ရင်မှာမမေ့ တမ်းတစိတ်ဖြင့်
ဘလောဂ်လေးကို ပြုစုပျိုးထောင်ရင်း
သူငယ်ချင်းလေး ချမ်းမြေ့ကြည်သာ လန်းဆန်းပါစေသား...........

မမခင်ဦးမေက အရင်ဆုံးလက်ဆောင်လာပေးသွားပြီ။ {"ကျေးဇူးပါမမ။"} :p

မမဆောင်းက မွေးနေ့တူတူပဲတဲ့။ {"အဖော်လာညှိတာထင်တယ်နော်။"} ;)

ကိုရွာသားလေးဝိုင်တီယူက လေးလသမီးပေါ့တဲ့။ {ဘာကိုပြောချင်မှန်းတော့ မသိ။} :d

ကိုမိုးပြေး က ဆုတောင်းပေးတဲ့အပြင် သူ့Blogမှာ Postတစ်ခုအနေနဲ့ တင်ပေးလို့ သွားမလာတယ်သိလား။ :z

ကိုမောင်ငယ်က အစစ အရာရာ အဆင်ပြေပါစေဗျာတဲ့။(သူပြောနေကြစကားအတိုင်း) ;)

ကိုမိုးသောက် က မွေးနေ့လက်ဆောင်ကို ရှိတဲ့ သီချင်းတစ်ပုဒ်ပေးမလို့ဟာ html က ဘယ်လိုမှ save လို့ မရဘူးဖြစ်နေတယ် ဟူးးးးးး.... ယူနဲ့တော့နော် ............. တဲ့။ (ဟိ ဟိ ကိုမိုးသောက်က ကျမထက်အသက်ကြီးတယ်တော့။) :p

မမ မီးလေးကလည်း အများကြီးဆုတောင်းပေးသွားတယ်။ ပျော်လိုက်တာ။ :z

ဝေလေးက မုန့်မကျွေးလို့ လက်ဆောင်လည်းရှိဘူးပြောပေမယ့်
Blogလေးအတွက် ဆုတောင်းပေးသွားတယ်။ :p

ကိုသီဟညိမ်းက အစစအရာရာ အဆင်ပြေပါစေကွယ် ၊ရွှင်လန်းချမ်းမြေ့ပါစေညီမလေးရေ .......တဲ့။
(ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။) :y

မွေးနေ့တိုင်းလာဆုတောင်းပေးနေကြ နှင်းလေးက ဒီတစ်ခါလည်း မပျက်မကွက်လာဆုတောင်းပေးပြန်တယ်သိလား။
ကျေးဇူးပါနော် ချစ်စရာကောင်မလေး (ခေါ်) နှင်းလေး။ ;)

ကိုသုခမိန်(E-Journal)ကြီးက နာမည်ကြီးဘလော့ဂါတစ်ယောက်လို့ ပြောလို့ မြောက်သွားပြီ။ ;)
(ပြန်ဆင်းလို့ မရတော့လို့ ခုန်ချရတော့မယ်။ :y ကြောက်လိုက်တာ။ :c )

ကိုBLACK DREAMကြီးက လေးလပြည့်လာစားတာ ဘာမှမရှိတာနဲ့ တဟင်းဟင်းနဲ့ ဆုတောင်းပေးသွားရှာသား။ :y (နောက်တစ်ခါဆို ကျွေးမယ်နော်။ စိတ်ဆိုးရဘူးနော်။) :p

ကိုရှင်ရဲထွတ် ကြီးက ဝတ်ကျေတန်းကျေ မပြောချင်ပြောချင်နဲ့ ဆုတောင်းပေးသွားတယ်။
(ဟွန်း၊ များပြီ ၊ အဲ့ဒီလူကြီး။) :(

ကိုနေလင်းက လေးလမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ဆင်နွှဲနိုင်ပါစေနော်....တဲ့။ :p (အခြေအနေပေးလာရင်တော့ ဆက်လက်ဆင်နွှဲချင်တာပေါ့နော်။)

မမထားက (၄)လပြည့်ဘလော့လေး ပျော်ရွှင်ချမ်းမြေ့ပါစေနော် ..တဲ့။ (ကျေးဇူးတင်ပါတယ်မမ။ :))

ကိုရင်နော်ခင်လေးငယ်က .မိသားစုလိုက် comment လာရေးတာ ရဖူးနော်..ဘာလို့..??တဲ့။
(သိဘူး၊ မီးမီးလည်း။ ) :d

ညီမလေး နှင်းယွန်းစစ်က Connectionမကောင်းလို့ Gtalk ထဲမှာဆုတောင်းပေးသွားတယ်သိလား။ (ချစ်ဖို့ကောင်းလိုက်တဲ့ ညီမလေး။) :p

ကိုလမင်းက ဘလောဂ့် နှစ်ပေါင်းများစွားတည့်တံ့ပါစေ ..................တဲ့။ (ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။) :y

ကိုတောင်ပေါ်သားက ၄ လပြည့် အထိမ်းအမှတ်မှ နောင်နှစ်ပေါင်းများစွာ တည်တံ့ပါစေလို့ ဆုတောင်းပေးပါတယ်.. အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ... ........တဲ့။ (ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။) :y

sonata-cantata က အမှတ်တရ လက်ဆောင် လာပေးတာပါ........... တဲ့။ (ကိုယ်ပျောက်လက်ဆောင်ထင်တယ်၊ မြင်လည်းမြင်ရဘူး။) :d

ကိုဥာဏ်(စက်မှု)နော်၊ မွေးနေ့မှာ ဆုတောင်းပေးသလိုလိုနဲ့ လူကို ပြသနာရှာတဲ့လူလို့ ပြောသွားတယ်။ ဟင့် ဟင့် :c :c

မ၀ါဝါခိုင်မင်းကလည်း အများနည်းတူ နောင်နှစ်ပေါင်းများစွာ ဘလော့ဂင်ရင်းနဲ့ ပျော်ရွှင်နိုင်ပါစေ။ ........တဲ့။ :p

ကိုရန်းဂန်းက ဖြစ်ချင်ရာတွေ အကုန်ဖြစ်ပါစေလို့ နောက်ကျဆုတောင်းလေး လာပေးတယ်နော်။........တဲ့။ (မုန့်မကျွေးလို့ နောက်ကျလည်းကိစ္စမရှိပါ။ လာတာကိုပဲ ကျေးဇူးတင်ပါတယ်။ ) ;)

မရွှန်းမီ ကမွေးနေ့လက်ဆောင်လာပေးရင်း နောက်မွေးနေ့တွေဆို ချက်ပြုတ်နည်းတွေကို လင့်လုပ်ပေးလေ........တဲ့။ (အချွန်နဲ့ မတာလားမသိ၊ :d ချက်ပြုတ်နည်းတွေကို သိမှ မသိတာကို။ :p မမလုလုကို အကူအညီ သွားတောင်းရမယ့်ပုံပဲ။ :y)

ကိုအောင်မျိုးဟန်ကြီးက ပျော်ရွှင်ပါစေ.........တဲ့။ (မလာတာကြာပေမယ့် ကိုယ့်ညီမအတွက်တော့ လာဆုတောင်းပေးဖော်ရသား။ ) :p

မမသက်တန့် က လေးလမှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ပါစေလို့... နော်... :) (တော်ပါသေးရဲ့။ :y မနေ့က မအား
လို့ကိုး။ စိတ်မကောင်းဖြစ်နေတာ ;) )

Dreamရယ်၊ လက်ဆောင်ပေးတာကို ကျေးဇူးတင်ပေမယ့် ဒါလေးတော့ ချမ်းသာပေးပါ။ :y အခုတောင် Dream လုပ်လို့ ပါးတွေ နီကုန်ပြီ။ ;)

မမဆောင်းရေ၊ မမြှောက်ပြောကြေးနော်။ ကိုသုခမိန်ကြီး ပြောသွားကတည်းက လေပေါ်ရောက်နေတာ။ ;) မမပါ ထပ်ပြောရင် မိုးပေါ်မှာပဲ နေရတော့မယ်။ ပြုတ်ကျမှာ ကြောက်လို့ မြှောက်နဲ့နော်။ :d

ကိုချစ်သူ့ခေါ်သံက ဘလော့မွေးနေ့လေးတွေမှာ ပျော်ရွှင်သလို အမြဲတမ်း ပျော်ရွှင်ပါစေဗျာ ။ နေ့တိုင်းလာလည်ပြီး နှစ်ရက်မြောက်နေ့မှ တစ်ရေးနိုးလာတယ်။ ဟွန်း၊ များပြီ။) ;)

ကျန်တဲ့လူတွေက မသိလို့လား၊ မုန့်မကျွေးလို့လားမသိ။ :d
လာလည်း လာဘူး။ :d

အပြည့်အစုံသို့....

Sunday, September 28, 2008

"ကျမ" နှင့် "ကျွန်မ"

"ရေးတော့ အမှန်၊ ဖတ်တော့ အသံ"
မြန်မာစာသင်တုန်းက မြန်မာစာဆရာ၊ ဆရာမတွေက သတ်ပုံမမှားအောင် အမြဲ သတိပေးပြောကြားဖူးခဲ့တဲ့ စကားပုံလေးပါ။ စာရေးရင် တစ်မျိုးရေးပြီး၊ စာဖတ်တဲ့အခါ တစ်မျိုးဖတ်တဲ့ မြန်မာစကားလုံးတွေ ရေတွက်လို့ မကုန်အောင်ရှိပါတယ်။ အခု ၊ကျမ စကားလုံး နှစ်လုံးကြောင့် စိတ်ညစ်နေတယ်ရှင့်။ :d ဘယ်လို ရေးရင် အကောင်းဆုံးဖြစ်မလဲ အကြံပေးကြပါအုန်းနော်။

ဒီစကားလုံးပေါ့ရှင်။

"ကျမ" နှင့် "ကျွန်မ"

"ကျမ"လို့ ကျမက သုံးလေ့ရှိပါတယ်။ "ကျွန်မ"လို့ ရေးပေမယ့် အသံထွက်ရင် "ကျမ"လို့ အသံထွက်တယ်မဟုတ်လားရှင်။
စာစီစာကုံးရေးရင်၊
ကျောင်းသင်ခန်းစာမှာ အသုံးပြုရင်၊
လျှောက်လွှာတင်ရင်၊
(ဆိုလိုချင်တာကတော့ ရုံးသုံး ၊ကျောင်းသုံး အနေနဲ့ ဆိုရင်) "ကျွန်မ"လို့ ရေးကြတာကို တွေ့ဖူးပါတယ်။

ဒါပေမယ့်၊ တစ်ယောက်ကို ဆက်သွယ်တဲ့ အနေနဲ့ စာရေးရင်၊ စကားပြောအနေနဲ့ ရေးကြတာများပါတယ်။ Blog လည်း ဒီအတိုင်းပဲ။ ကျမရေးတဲ့ စာ(Post)လေးတွေဟာ အများအားဖြင့် စကားပြောသလိုမျိုးလေး၊ စာဖတ်သူတွေကို ပြောပြသလိုမျိုးလေး ရေးတာများပါတယ်။ ဒီတော့၊ ကျမစာရေးရင် သုံးတဲ့ စကားလုံး အသုံးအနှုန်းတွေဟာ စကားပြောဟန်ဆန်ပါတယ်။ စာသံပေသံ မပေါက်ပါဘူး။ ဗဟုသုတ မျှဝေစရာ ကဏ္ဍ မှလွဲ၍ ကျန်တဲ့ကဏ္ဍ ဆိုရင် စကားပြောဟန်နဲ့ ရေးလေ့ရေးထရှိပါတယ်။ {ဂျပန် Blogger တွေလည်း ကျမလိုပဲ။ Blog မှာဆို စာသံပေသံမပါပဲနဲ့ စကားပြောဟန်နဲ့ပဲ ရေးလေ့ရှိတာတွေ့ရပါတယ်။} "ကျမ" ဆိုတဲ့ စကားလုံး အသုံးအနှုန်းကလည်း စကားပြောဟန်လေး ဖြစ်အောင် တမင်တကာ သုံးစွဲခဲ့တာပါ။ ;)

တခြား Blogတွေ သွားလေ့လာကြည့်မိတော့ တချို့ကလည်း "ကျမ"၊ တချို့က "ကျွန်မ"တဲ့ရှင်။"ကျွန်မ"လို့ ရေးထားတဲ့ Bloggerတော်တော်များများ က စာရေးဆရာဆန်ဆန်၊ ဝတ္ထုဆန်ဆန် ရေးထားကြပြီး "ကျမ"လို့ ရေးကြတဲ့ Bloggerတွေကြတော့ နေ့စဉ်မှတ်တမ်းဆန်ဆန်၊ ရေးထားကြတာ တွေ့ရပါတယ်။ ကျမ အထင်ကတော့ စကားပြောအနေနဲ့ ရေးတဲ့အခါမှာ "ကျမ"လို့ အသုံးပြုလည်း ရမယ်လို့ ထင်ပါတယ်။ စာဖတ်သူတွေကော ဘယ်လို ထင်ပါသလဲရှင်။ :d

Cbox မှာလာအော်သွားတဲ့ ကိုအပြင်ကလူက ဒီလို ပြောတယ်ရှင့်။
28 Sep 08, 09:42
အပြင်ကလူ: အမှန်တကယ် အမှန် ကျမ
28 Sep 08, 09:43
အပြင်ကလူ: ကျွန်ဖြစ်တဲ့ ခေတ်တုန်းက သုံးခဲ့လို့ ကျွန်မ ဖြစ်နေတာ
28 Sep 08, 09:43
အပြင်ကလူ: တကယ် စာပေ အမှန်က `ကျမ´က အမှန် `ကျွန်မ`က ကျွန်ဖြစ်တဲ့လူတန်းစားအတွက် သုံးတာ နားလည်လား
28 Sep 08, 09:44
အပြင်ကလူ: စာမတတတ် ပေမတတ် လူတွေ ဘလော့လောက ထဲ ၀င်လာတော့ `ကျွန်မ´တွေ အသုံးများတာပေါ့ကွ
28 Sep 08, 09:45
အပြင်ကလူ: တကယ်အစစ်အမှန် က `ကျမ´ပါ
28 Sep 08, 09:45
အပြင်ကလူ: ဆရာကြီး ကြေးမုံးဦးသောင်းရေးတဲ့ မြန်မာစာ အသုံးအနှုန်းကို လေ့လာပါ
28 Sep 08, 09:46
အပြင်ကလူ: ကျနော် က အမှန်ပါ
28 Sep 08, 09:46
အပြင်ကလူ: ကျွန်ဖြစ်တဲ့ ကိုလိုနီခေတ်က သုံးခဲ့လို့
28 Sep 08, 09:46
အပြင်ကလူ: ကျွန်တော် ဖြစ်ခဲ့တာ
28 Sep 08, 09:47
အပြင်ကလူ: ကျနော် ကျမ က အမှန်ပါ
28 Sep 08, 09:47
အပြင်ကလူ: ကျွန်မ ကျွန်တော် က အမှား
28 Sep 08, 09:47
အပြင်ကလူ: ဘလော့ မရေးခင် ဆရာဒေါ်မေငြိမ်းတို့ ဆရာကြီး ကြေးမုံးဦးသောင်း ရယ့် မြန်မာစာပေ သတ်ပုံကျမ်းကို အရင်
28 Sep 08, 09:47
အပြင်ကလူ: လေ့လာပါ
28 Sep 08, 09:49
အပြင်ကလူ: စကားရိုင်းသွားရင် ဆော်ရီး
28 Sep 08, 09:51
အပြင်ကလူ: မြန်မာစာ အရမ်းခက်တယ် စာသဘောကို တတ်ဖို့ မလွယ်လို့
28 Sep 08, 09:51
အပြင်ကလူ: စာမတတ် ပေမတတ် လို့ သုံးမိတာပါ
28 Sep 08, 09:51
အပြင်ကလူ: စော်ကားတာ မဟုတ်ဘူး
28 Sep 08, 09:52
အပြင်ကလူ: ဂျာနယ်ကျော်မမလေးနဲ့ နုနုရည်အင်းဝ တို့က အာဏာရှင် ဦးနေ၀င်းခေတ် အငြင်းအခုန်ကြောင့်
28 Sep 08, 09:52
အပြင်ကလူ: ကျွန်မ ဆိုတဲ့ အမှား စာပေကို သုံးမိကျတာ
28 Sep 08, 09:53
အပြင်ကလူ: ပြည်ပရောက် မြန်မာစာပေ အသိုင်းအ၀ိုင်းမှာ ကျမ ကို ဘဲ နိုင်ငံတကာက လက်ခံထားတယ်
အပြာရောင် စာလုံးနှင့် စာများသည် ကိုအပြင်ကလူ Cbox မှာ ရေးထားတာကို ဖော်ပြပေးခြင်းသာဖြစ်ပါသည်။
ကျမနှင့် မည်သို့မည်ပုံမျှ မသက်ဆိုင်ပါ။ :y
သူက Comment မရေးပေးသဖြင့် Postမှာ တင်ပြပေးထားခြင်းသာ ဖြစ်ပါသည်။


ကျမက တကယ်မသိလို့ Post ရေးပြီး မေးခြင်းဖြစ်ပါသည်။ :p
သိသလောက်၊ တတ်သလောက် လာရောက်ဝေဖန်နိုင်ပါတယ်ရှင်။ :)

ဟောတော့၊ တဖြည်းဖြည်းနဲ့ လမ်းတွေ လွှဲကုန်ပြီ။
ကျမသိချင်တာက Blog မှာ "ကျမ" လို့ ရေးလို့ ရ ၊ မရပါရှင့်။
အဲဒါလေးတော့ ဖြေပေးကြပါအုန်းရှင်။ :y

အပြည့်အစုံသို့....

Saturday, September 27, 2008

ကျမနှင့် အလှပြင်ခြင်း

မိန်းကလေးတိုင်း အလှကြိုက်ပါသည်။ အလှကြိုက်မှတော့ အလှပြင်ကြတာပေါ့ရှင်။ နည်းနည်းအလှပြင်တာနဲ့ များများအလှပြင်တာပဲ ကွာမည်။ လုံးဝကို အလှမပြင်တဲ့ မိန်းကလေးကတော့ တော်တော်ရှားမည်ထင်ပါသည်။ ယောင်္ကျားလျာဆိုရင်တော့ တစ်မျိုးပေါ့နော်။ {ဂျပန်မှာတော့ ယောင်္ကျားလျာလည်း ယောင်္ကျားလျာအလျောက် အလှပြင်တာပါပဲ။ } အလှပြင်ရမှာကို စိတ်မဝင်စားသော၊ အလှသိပ်မပြင်သော လူနည်းစု မိန်းကလေးထဲတွင် ကျမလည်း ပါဝင်ခဲ့ပါသည်။ အလှမကြိုက်၍တော့ မဟုတ်ပါ။ ;)

အလှပြင်တယ်ဆိုတာ တော်တော်ကို လက်ဝင်တဲ့ ပညာရှင့်။ ကျမကတော့ လှတပတလည်း အလှပြင်ထားတဲ့ သူတွေ့ရင် တကယ်ကို ချီးကြူးပါသည်။ ကိုယ့်ရဲ့ အားနည်းချက်ကို ဖုံးဖိပြီး ပြင်ထားတဲ့သူဆို ပိုတောင် ချီးကြူးသေးသည်။ "တော်လိုက်တာ"လို့ ။ {မလှတာတောင် လှအောင် ပြင်တတ်လို့လေ။} ကျမကြတော့ "အလှပြင်ခွင့်ပေးသည် ၊ ကြိုက်သလို အလှပြင်ပါ"လို့ ပြောခဲ့ရင်တောင် မပြင်တတ်ခဲ့ပါ။ ပြင်လည်း မပြင်ချင်ခဲ့ပါ။

အထက်တန်းကျောင်းသူဘဝ တစ်လျှောက်လုံး သနပ်ခါးလိမ်းခြင်းသည် ကျမ၏ တစ်ခုတည်းသော အလှပြင်ခြင်း ဖြစ်ခဲ့ပါသည်။ တက္ကသိုလ်တတ်ခဲ့တဲ့ သုံးနှစ်စလုံးလည်း သနပ်ခါးလိမ်း၍ ကျောင်းတတ်ခဲ့ပါသည်။ အထက်တန်းကျောင်းသူဘဝမှာ သနပ်ခါးကို ပါးကွက်အကြီးကြီး ကွက်ပြီးလိမ်းတာနဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ မှုန်မှုန်လည်း လိမ်းတာပဲ ကွာသည်။ အသားလေးသာ မဖြူခဲ့လျှင်၊ အဝတ်အစားလေးသာ ဖက်ရှင်ကြကြ မဝတ်တတ်ခဲ့လျှင် ၊တောက တတ်လာတဲ့ တောသူမလို့ ပြောရလောက်အောင် အလှအပ နဲ့ ပတ်သက်ပြီး ဘာဆို ဘာမှ မသိခဲ့ပါ။ :d အလှပြင် ပစ္စည်းအခေါ်အဝေါ်တွေလည်း နားမလည်ခဲ့ပါ။ :d

အလှပြင်ဆိုင် သွားရင်လည်း ဘယ်လိုပြောရမှန်း မသိလို့ "ကိုယ်နဲ့လိုက်မယ်ထင်တဲ့ ပုံစံကို ပြင်ပေးပါရှင်" ဆိုပြီး အလှပြင်ပေးတဲ့သူထံ ကိုယ့်အလှကို ဝကွက်အပ်တတ်သေးသည်။ ကိုယ်မှ နားမလည်တော့လည်းသူ့စီမံရာ အတိုင်းပေါ့။ လှခဲ့ရင်လည်းစံ၊ မလှခဲ့ရင်လည်း ခံပေါ့ရှင်။ :p အဲဒီလောက်ထိ အလှပြင်ခြင်းကို ကျမ ကျွမ်းကျင်တတ်မြောက်ခဲ့ပါသည်။ ;)

အလှ ကောင်းကောင်းမပြင်တတ်ခြင်းသည် မြန်မာနိုင်ငံမှာ နေတုန်းက မလှရုံမှ လွဲပြီး ကျန်တဲ့ ဘာပြဿနာမှ မရှိပေမယ့် ဂျပန်သွားခါနီး သင်တန်းတစ်ခုတတ်တော့မှ နည်းနည်း ကွိုင်တတ်တော့သည်။ ဆရာမက ပြောပါသည်။ [ဂျပန်မှာ အလှမပြင်ရင် "နေမကောင်းဘူးလား၊ မကျန်းမာဘူးလား"လို့ မေးခံ၊ ထင်ခံရလိမ့်မယ်တဲ့။} ဗုဒ္ဓေါ :y လို့ တောင် တလိုက်မိသည်။ ဘယ့်နဲ့ရှင်။ ကိုယ်ဟာကို အလှ မပြင်တာနဲ့ ဘာကြောင့်လူမမာဖြစ်ရမှာလည်း လို့ ဆရာမကိုတောင် မေးလိုက်မိတော့သည်။ ဆရာမ ပြန်ပြောတာတော့ ဂျပန်နိုင်ငံမှာ ကလေးလေးကစလို့ သက်ကြီးရွယ်အို အဘွားကြီးအဆုံး အလှပြင်ကြပါတယ်တဲ့။ တကယ်လို့ သမီးက အလှမပြင်ရင် သမီးတစ်ယောက်ထဲ တစ်မျိုးဖြစ်နေမှာမလို့ အဲဒီလို မေးခံရပါလိမ့်မယ်တဲ့။ ဒုက္ခ၊ ဒုက္ခ။ :c စိတ်ညစ်ညစ်နဲ့ အိမ်ပြန်ရောက်တော့ ဒီလိုပဲ ဆရာမက ပြောတယ်လို့ မေမေကို ပြောပြရတော့တာပေါ့။ မေမေကတော့ ရယ်ပါတယ်။" ကောင်းတာပေါ့တဲ့။ အလှပြင်မလား။ လူမမာလို့ အပြောခံမလား" တဲ့။ နေရင်းထိုင်ရင်း လူမမာလို့တော့ အထင်မခံ၊ အပြောမခံချင်သော ကျမက ဂျပန်လာခါနီး တပတ်လောက်အလိုကျတော့မှ တစ်ခါမှ သေသေချာချာ မသုံးဘူးသေးသော အလှပြင် ပစ္စည်းတွေ အဝယ်ထွက်ရပါတော့သည်။ :z အချိန်မရှိခဲ့တာနဲ့ လက်တွေ့မလိမ်းကြည့်ပဲနဲ့ ဂျပန်သို့ ထွက်လာခဲ့မိတဲ့ ကျမမှာ ဘာပြီးရင် ဘယ်ကိုလိမ်းရမယ်မှန်းမသိလို့ အစဉ်လိုက်အတိုင်းလိမ်းလို့ရအောင် အလှပြင်ပစ္စည်းရောင်းသူ၏ အကူအညီဖြင့် အလှပြင်ပစ္စည်းတွေကို နံပါတ်ကပ်ထားရသေးသည်။ တစ်ခါအလှပြင်ရင် အဲဒီနံပါတ်တွေလိုက်ရှာ၊ လိမ်းနေရတာနဲ့ နာရီဝက်လောက်အချိန်ယူရသည်။ ပြင်တယ်လို့သာ ပြောတာ မလုပ်တတ်တာတွေက များလို့ အောက်ခံမိတ်ကပ်ပဲ ကောင်းကောင်းလိမ်းတာပါ။ ;) တခြားထွေထွေထူးထူးတွေ ဘာမှ သိပ်မလုပ်ဖြစ်ခဲ့ပါ။ မျက်တောင် ကော့တာတို့၊ မျက်လုံးပေါ် Eye shawdowဆွဲတာတို့၊ ပါးနီဆိုးတာတို့တော့ တစ်လလောက်အကြာမှ ကောင်းကောင်းလုပ်တတ်သွားခဲ့ပါသည်။ Eye linerကတော့ မျက်လုံးထဲ အဲဒီ Eye Liner ခဲတံကြီးဝင်ခါနီးရင် ကြောက်ပြီး တုန်လာလွန်းလို့ ဒီနေ့ထိ မလုပ်ဖြစ်ခဲ့ပါ။ ဆိုင်မှာသွားပြင်ရင်လည်း မျက်လုံးကို စုံမှိတ်ထားလွန်းလို့ ဆိုင်ကလူ တော်တော်စိတ်ညစ်ခဲ့ဖူးပါသည်။ :( နှာတံဖော်တာကလည်း မလုပ်တတ်တော့ နှာခေါင်းမှာ ဖြူဖြူကြီးဖြစ်နေတာပဲ အဖတ်တင်တာနဲ့ မလုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ :) မျက်ခုံးမွှေး ရိတ်ရင် ပြောင်စပ်စပ်ကြီးလို့ ကိုယ့်ဟာကို ယူဆသဖြင့် မျက်ခုံးမွှေးလည်း ပုံမဖော်ပါ။ ဆွဲလည်းမဆွဲပါ။ ;)

အမုန်းဆုံးကတော့ နှုတ်ခမ်းနီဆိုးရခြင်းပါပဲ။ နှုတ်ခမ်းနီဆိုးပြီးတာနဲ့ နှုတ်ခမ်းကြီးက ပူပူကြီးနဲ့ မနေတတ်လွန်းလို့ နှုတ်ခမ်းနီတွေကို စားပစ်လိုက်သည်။ အေးရော။ :p ဆောင်းတွင်းဆို ဂျပန်မှာ ဘယ်မိန်းကလေးမှ နှုတ်ခမ်းမကွဲဘူး။ လက်တွေ ၊ခြေထောက်တွေသာ အသားပတ်ချင်ပတ်မယ်။ နှုတ်ခမ်းတော့ ဘယ်တော့မှ အသားပတ်တာ ၊ နှုတ်ခမ်းကွဲတာ မတွေ့ရပါ။ ကျမမှာသာ နှုတ်ခမ်းနီမဆိုးတဲ့ အကျိုးကျေးဇူးကြောင့် နှုတ်ခမ်းတွေဆို အဖတ်ဖတ်တွေနဲ့ စိတ်ညစ်ဖို့ကို ကောင်းရော။ :c နာလည်းနာသေးတယ်။ :c ဒါတောင် ရသလောက်တော့ မဆိုးပဲနေသေးသည်။ နောက်ဆုံး အရမ်းကို ပုံပျက်ပန်းပျက်ဖြစ်တော့မှ ဆေး နှုတ်ခမ်းနီဝယ်ဆိုးပါသည်။ အရောင်မပါဘူးလေ။ အနံ့လည်း မပါဘူး။ ;)

နောက်ဆုံး သေချာပြန်ဆန်းစစ်ကြည့်ရရင်တော့ ကျမ၏အလှပြင်ခြင်းသည် အောက်ခံမိတ်ကပ်လိမ်းထား၍ မျက်နှာမှုန်မှုန်လေးနှင့် လက်လက်လက်လက်လေး ဖြစ်နေခြင်း၊ ပါးနီဆိုးထားခြင်း၊ မျက်တောင်ကော့ထားခြင်းနှင့် တစ်ခါတစ်လေ မျက်လုံးပေါ် Eye shawdowဆွဲခြင်းသာ ဖြစ်တော့သည်။ (မျက်လုံးအတွင်းသားကိုတော့ လုံးဝလုံးဝ မထိပါ။ )ဒီထက်ပိုပြီး မပြင်တတ်၍ ကျမ၏ အလှပြင်ထားသော မျက်နှာနှင့် အလှမပြင်ထားသော မျက်နှာသည် သိပ်မကွာခြားလှပါ။ သူငယ်ချင်းတွေကတော့ ကျမ၏ အလှပြင်ခြင်းနဲ့ပတ်သက်၍ ကောင်းချီးပေးပါသည်။
"မပြင်လျှင် ပိုလှပါသည်တဲ့။" ;)

အပြည့်အစုံသို့....

Friday, September 26, 2008

သူတို့ နှစ်ယောက်

မနေ့တနေ့ကလိုပါပဲ။ အချိန်တွေက ကုန်မြန်လိုက်တာ။ ခဏလေးမှ တကယ့်ကို ခဏလေးလို့ပဲ မှတ်ယူနေကြတုန်းပဲ။ တကယ်တမ်းကြတော့၊ နှစ်နှစ်တောင် ပြည့်တော့မယ်။ သူတို့ နှစ်ယောက် တွေ့ခဲ့ ကြတာလေ။ စတွေ့ကြတုန်းက အဲလောက်ကြီး သံယောဇဉ်ဖြစ်သွားကြလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။ နှစ်ယောက်စလုံးက မာနကလည်း ခပ်ကြီးကြီး၊ ဘဝင်ကလည်း ခပ်မြင့်မြင့်ဆိုတော့လေ။ ဒီ့အပြင်၊ စကားနှစ်ခွန်းမပြည့်ခင် ရန်ဖြစ်တတ်ကြလွန်းလို့။ "မတည့် အတူနေ"ဆိုတာ သူတို့အတွက် ထွက်ပေါ်လာခဲ့တဲ့ စကားပုံလားလို့ ပြောလို့ ရလောက်အောင် မတွေ့လိုက်နဲ့ ၊တွေ့လိုက်တာနဲ့ တစက်မှ မတည့်။ အဲ၊ "မတည့်ရင် ခွဲနေကြပေါ့ "လို့ ဘေးလူတွေက ပြောကြပြန်တော့လည်း ခွဲမနေနိုင်။ ဒီတော့၊ လာပြောတဲ့လူတွေရဲ့စကားကို မသိချင်ယောင်ဆောင် ၊ နှစ်ယောက်သား လျစ်လျုရှုလို့ပေါ့။

တခါတလေ ရယ်လည်းရယ်ရပ။ "ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့" ။ :p တယောက်က စိတ်ဆိုးရင် ချက်ချင်းပဲ ပြောတယ်။ "နင်နဲ့ငါပြတ်ပြီ။ ငါ့ကို ဘယ်တော့မှ လာမခေါ်နဲ့"လို့ ။ (စကားကြီး၊ စကားကျယ်တွေ သုံးပြီးတော့လေ။) ;)ပြောပြီးလို့ မတွေ့ကြတော့တာ နှစ်နာရီမကြာသေးဘူး၊ အဲဒီပြောတဲ့လူကပဲ မသိမသာနဲ့ သွားပြန်ခေါ်လေ့ရှိပါတယ်။ အဲလို ပြန်လာခေါ်ရင် အပြောခံရတဲ့လူကလည်း အခုနက ဖြစ်ခဲ့တဲ့ ပြဿနာကို မသိချင်ဟန်ဆောင်ပြီး နေပေးလိုက်တော့ ပြန်အဆင်ပြေသွားကြပြန်ရော။ :L ဘေးက ပြန်ဖြေပေးတဲ့လူသာရှိရင် သူတို့ နှစ်ယောက်ကို မြင်တိုင်း ဒီစကားပုံကို သတိရမှာ သေချာပါတယ်။ ("ကြားသုံးကြား မဝင်ကောင်း "ဆိုတဲ့ စကားပုံကိုလေ။ ) :)

တစ်ယောက်က ကြိုက်နှစ်သက်တဲ့ကိစ္စကို တခြားတစ်ယောက်က ဘယ်တော့မှ ကြိုက်လေ့မရှိ။ "အကြိုက်ချင်းတူမှ ချစ်သူဖြစ်ကြကြေး" ဆို သူတို့ နှစ်ယောက် ဘယ်တော့မှ ချစ်သူဖြစ်ကြမယ်မထင်။ အကြိုက်ချင်းမတူကြပေမယ့်၊ တစ်ယောက်မကြိုက်တဲ့ ကိစ္စကို နောက်တစ်ယောက်က အတင်းအကြပ် ပိတ်ပင်တာမျိုးလည်း မရှိ။ ကိုယ်မကြိုက်လို့ သူ့ကို ပါးစပ်ကသာ အပြစ်ပြောချင်ပြောနေတတ်ပေမယ့် စိတ်ထဲမှာတော့ သူ့ကို အားပေးနေတတ် ၊ သူပျော်သလို လိုက်ပျော်နေတတ်ကြပြန်ရော။ ဘယ်လို နားလည်ရမှန်းမသိတဲ့ နှစ်ယောက်ပါ။ :d

အကြိုက်ချင်းသာ မတူတယ်။ စိတ်ချင်းကြတော့ ဆက်နွယ်နေတတ်ပြန်တယ်။ စကားတစ်ခွန်းကို နှစ်ယောက်တူတူ တပြိုင်တည်းပြောမိတာမျိုး၊ တစ်ယောက်က နေမကောင်းရင် တခြားတစ်ယောက်ကလည်း နေမကောင်းဖြစ်နေတတ်တာမျိုး၊ တစ်ယောက်က ကိစ္စတစ်ခုကို လုပ်ဖို့ ကြံရွယ်ထားတယ်လို့ ပြောမလို့လုပ်ခါရှိသေး ကျန်တစ်ယောက်က အရင်ပြောလိုက်တာမျိုးတွေပေါ့။

သူတို့ နှစ်ယောက်က ချစ်သူပုံစံထက် သူငယ်ချင်းပုံစံနေကြတာ များပါတယ်။ ကိုတွေ၊ မောင်တွေ၊ အသဲတွေ၊ အသက်တွေလို့ ခေါ်မယ့်အစား နင်၊ ငါလို့ ပြောတတ်ကြလေ့ရှိပြန်ရော။ နာမ်စားအနေနဲ့ အဲဒီလို အနုအရွတွေ တစ်ဖက်လူကို ခေါ်ခဲ့ရင်တောင် ကိုယ့်ကိုကိုယ် နာမ်စားသုံးတာကြတော့ "ငါ" တဲ့။ ကြည့်ပါအုန်း၊ ဘယ်လောက်ကဗျာမဆန်တဲ့ စုံတွဲလဲလို့ ။ ;)

သူတို့ နှစ်ယောက်ရဲ့ ကောင်းကွက်လေးတစ်ခုက တစ်ယောက်က ပြောစရာမလိုပဲနဲ့ ကျန်တစ်ယောက်က လိုက်ဖြည့်ဆည်းပေးတတ်ကြခြင်းပါ။ သာတယ်၊ နာတယ်လည်း တွက်လေ့မရှိကြပါဘူး။ တစ်ယောက်က ဒုက္ခရောက်နေရင် ကျန်တစ်ယောက်က ကူညီလိုက်ပြန်ရော။ "ငါကတော့ မိန်းကလေး မလို့၊" "ငါကတော့ ယောင်္ကျားလေး မလို့" {ဒီကိစ္စဆို မလုပ်နိုင်ဘူး၊}{ ဟိုကိစ္စဆို မစဉ်းစားဘူး} ဆိုတဲ့ ယောင်္ကျား၊ မိန်းမခွဲခြားထားတဲ့ အယူအဆတွေလည်း သူတို့မှာ မတွေ့ရပြန်ပါဘူး။

ဘယ်လိုပဲ ရန်ဖြစ်နေ ၊ရန်ဖြစ်နေကြပါ။ သူတို့ နှစ်ယောက် မခွဲနိုင်ဘူး၊ အရမ်းချစ်ကြတယ် :L ဆိုတာတော့ သူတို့ထက် ဘေးလူတွေက ပိုသိပါတယ်။

သူတို့ နှစ်ယောက် နီးစပ်ဖို့ထက် ဝေးသွားနိုင်တဲ့ အကြောင်းအရာတွေ အများကြီး တွေ့နေရပေမယ့် ဖြစ်နိုင်ရင် သူတို့ နှစ်ယောက် ကို ပေါင်းစည်းစေချင်ပါတယ်။ :y

ဘယ်လို အခက်အခဲတွေပဲ ရှိပါစေ၊ ပြေလည်စွာ ဖြေရှင်းနိုင်စေချင်ပါတယ်။ :y

သူတို့ နှစ်ယောက် ဆုံဆည်းနိုင်ပါစေ။ :y

အပြည့်အစုံသို့....

Thursday, September 25, 2008

အကြင်နာမဲ့ စကား


ချစ်သူ၊ ခင်သူများထံမှ အကြင်နာမဲ့စကား ပြောကြားခံရခြင်းသည်
ကိုယ့်အား မနှစ်သက်သူများ၏ စောင်းမြောင်းကဲ့ရဲ့စကားထက်
ပို၍ ခံရခက်လှသည်။
(အထူးသဖြင့်၊ နေမကောင်းဖြစ်နေတဲ့အချိန်မှာပေါ့။ )

အပြည့်အစုံသို့....

Wednesday, September 24, 2008

ဂျပန်ပုဂ္ဂိုလ်ကြီး တစ်ဦးရဲ့ မွေးနေ့ပွဲ

(23.9.2008)
အရင်တုန်းက ကျေးဇူးရှိခဲ့ဖူးသော ဂျပန်ပုဂ္ဂိုလ်ကြီး တစ်ဦးရဲ့ မွေးနေ့ပွဲကို သွားခဲ့ပါတယ်။ အဲဒီ ဂျပန်ပုဂ္ဂိုလ်ကြီး က မြန်မာတော်တော်များများအပေါ် ကျေးဇူးရှိခဲ့ဖူးတော့ မြန်မာတွေ အများကြီးပဲ လာခဲ့ကြပါတယ်။ ကျမရဲ့ စီနီယာ၊ ဂျုနီယာတွေ အများကြီးပဲ။ အရမ်းပျော်ဖို့ ကောင်းတယ်သိလား။ (မြန်မာတွေနဲ့ အပြင်မှာ မတွေ့ရတာ တော်တော်ကြာပြီလေ။ ကျောင်းကလည်း ဒီလကုန်မှ ဖွင့်မှာဆိုတော့။ )အခုမှ စသိတဲ့လူတွေလည်း အများကြီးပါပေမယ့် အကုန်လုံးက ဖော်ဖော်ရွေရွေပါပဲ။ တရင်းတနှီး နှုတ်ဆက်ကြ၊ စကြ၊ နောက်ကြနဲ့ တကယ့်ကို ငယ်ပေါင်းကြီးဖော်တွေ ကြနေတာပဲ။ (ဘယ်လောက်တောင် မြန်မာတွေနဲ့ တွေ့ချင်နေကြမှန်း မသိလောက်အောင်ပါပဲ။ :p ) ဂျပန်ပုဂ္ဂိုလ်ကြီးရဲ့ မွေးနေ့လို့သာ ပြောတယ်၊ ကျမတို့မြန်မာတွေ မိတ်ဆုံစားပွဲလုပ်တာကြနေတာပဲသိလား။

ဧည့်ခံရေးကလည်း ကျမတို့၊ ဧည့်သည်ကလည်း ကျမတို့ပါပဲ။ ဂျပန်ပုဂ္ဂိုလ်ကြီးရဲ့ မိတ်ဆွေ တခြားဂျပန်ပုဂ္ဂိုလ်ကြီး တွေ တက်ရောက်လို့ ဧည့်ကြိုတွေ ဘာတွေလုပ်ရပေမယ့် ကျန်တာက အားလုံး မြန်မာတွေကြီးပဲဆိုတော့ သူ့တာဝန်၊ ငါ့တာဝန် ခွဲမနေတော့ပဲ ကျရာတာဝန် လုပ်ဆောင်လိုက်ကြတာ အခမ်းအနားလေး တစ်ခုဖြစ်ဖို့ (1)နာရီလောက်ပဲကြာလိုက်ပါတယ်။ အားလုံးက အင်တိုက်အားတိုက်နဲ့ လုပ်လိုက်တော့ ရိုးရှင်းပေမယ့် လှတပတ ဧည့်ခံပွဲလည်း ရုပ်လုံးပေါ်လာရတာပေါ့။

ဆုတောင်းပန်းစည်းလှလှလေးလေး ပါတယ်။ (အရင်နှစ်ကတော့ မြန်မာ့စောင်းနဲ့ ဖျော်ဖြေပါတယ်။)
ဒီနှစ်တော့ စန္ဒရားသံ ငြိမ့်ငြိမ့်လေးနဲ့ပေါ့။ ဘာတွေ ဧည့်ခံလည်းဆိုတော့ ဒန်ပေါက်ရှင့်။ ဒန်ပေါက်အထဲမှာ ပါတဲ့ ကြက်သားလေးက နူးညံ့ပြီး အိနေတာပဲ။ ပြီးတော့ ငါးပိကြော်၊ အစိမ်းကြော်၊ ကြက်သားကြော်၊ အချဉ်သုတ်ပေါ့။ အချိုတည်းဖို့ကတော့ ကျောက်ကျော၊ ဆနွင်းမကင်း၊ ထောပတ်သီးယိုညှပ်ထားတဲ့ ခရက်ကာ၊ သစ်တော်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ အအေးနဲ့ အရက်သောက်ချင်သူများအတွက် ထုံးစံအတိုင်း ဂျပန်အရက်ပေါ့ရှင်။

မစားရတာကြာတဲ့ မြန်မာဟင်းလျာတွေကို အပီအပြင် ကို ဝါးခဲ့ရတဲ့ နေ့လေး တနေ့ပေါ့။ :p

အရင်နှစ်တွေကတော့ မြန်မာသံရုံးကို ဖိတ်ကြားလို့ သံအမတ်ကြီးနဲ့ နောက်ပါနှစ်ဦးလောက် တက်ရောက်လေ့ရှိပေမယ့် ဒီနှစ်ကတော့ ဘာလို့လည်းမသိ၊ ကျမတို့နဲ့ ဂျပန်ပုဂ္ဂိုလ်ကြီး တို့လူလေး အနည်းအကျဉ်းနဲ့ပဲ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်က တော်တော်ကို ပကာသန ကင်းစင်တဲ့ပွဲလေးပါ။ စားသောက်ပြီး ဂျပန်ပုဂ္ဂိုလ်ကြီး က မွေးနေ့ကိတ်ကို လှီး၊ ကျမတို့က မွေးနေ့ကိတ်ကို တစ်ယောက်နည်းနည်း ခွဲစားခဲ့ရသေးတယ်။ (အီလိုက်တာ၊ ဒန်ပေါက်စားပြီး မွေးနေ့ကိတ်ကြီးဆိုတော့ ;) )

အားလုံးစားသောက်ပြီးတော့ သိမ်းဆည်းပွဲကြီးလုပ်ရတော့တာပေါ့နော်။ ဟိ ဟိ၊ ဒန်ပေါက်တွေက အများကြီးပဲ ကျန်နေတယ်သိလား။ အဲဒါနဲ့ တစ်ယောက် တစ်ထုပ်နှုန်း ပါဆယ်ပါ ရခဲ့တာပေါ့။ (နောက်နေ့အတွက် ရိက္ခာလေ။ ) :)

သိမ်းဆည်းပွဲကြီးပြီးတော့ အပေါ်ထပ်ကို သွားပြီး ဂျပန်ပုဂ္ဂိုလ်ကြီး ကို ကန်တော့ပွဲလုပ်ပါတယ်။ (ဪ ......ပြောဖို့ မေ့နေတယ်။ :p )ဂျပန်ပုဂ္ဂိုလ်ကြီး က ပုဆိုးနဲ့ တိုက်ပုံကို ဝတ်ထားတာသိလား။ တကယ့် မြန်မာအဘိုးကြီးကြနေတာပဲ။ မြန်မာ့ရိုးရာဝတ်စုံနဲ့ ခန့်ခန့်ကြီး။ ;)

ကန်တော့ပွဲက နည်းနည်းတော့ ရယ်စရာဖြစ်ခဲ့တယ်ရှင့်။ ဂျပန်ပုဂ္ဂိုလ်ကြီးက မြန်မာလိုမှ နားမလည်တာ၊ ဒီတော့ ကျမတို့မှာ ကန်တော့နည်းကို ဂျပန်ဘာသာနဲ့ ဘာသာပြန်ပြီး ရှိခိုးခဲ့ရတယ်။ ရိုရိုသေသေကို လက်အုပ်ချီပြီး ကျုံ့ကျုံ့ထိုင် ရှိခိုးခဲ့ကြတာပါ။ သီတင်းကျွတ်မှာ မြန်မာပြည်မပြန်နိုင်သေးပေမယ့် ဂျပန်မှာ အခုလို လူကြီးသူမကို ရှိခိုးခွင့်ရတဲ့အတွက် ကြည်နူးမိပါတယ်။ ဂျပန်ပုဂ္ဂိုလ်ကြီးကလည်း မြန်မာစကားသာ နားမလည်တာ မြန်မာတွေနဲ့ နေတာကြတော့ မြန်မာအကြောင်း ကောင်းကောင်းသိနေပါပြီ။ ကျမတို့ ရှိခိုးလည်းပြီးရော ၊ ဆုတွေပေးပါတော့တယ်။ အများကြီးပဲ။ ဆုံးမစကားတွေလည်း ပြောကြားခဲ့ပါသေးတယ်။

ကြုံတုန်း ကြွားလိုက်အုန်းမယ်နော်။ ကျမကလည်း မြန်မာရိုးရာဝတ်စုံ လှတပတလေးနဲ့ရှင့်။ ;)

အပြည့်အစုံသို့....

Tuesday, September 23, 2008

ကျမ အေးအေးဆေးဆေးနေပါရစေ။


ကျမမှာ Postလေးတခုကို ကိုယ့်အယူအဆနဲ့ကိုယ်ကြိုက်လို့ ရေးမိပါတယ်။ "နင် ပြောချင်တာပြောတယ်၊ နင် ရေးချင်တာရေးတာ" လို့ ပြောခံရမှာစိုးလို့ ကိုယ်သိသလောက်၊ တတ်သလောက်၊ လက်လှမ်းမှီသလောက် အချက်အလက်၊ အထောက်အထားတွေနဲ့ ရေးခဲ့ပါတယ်။
ကျမမှာ ကိုယ်ပိုင်ယူဆချက် မရှိရတော့ဘူးလားရှင်။
ကိုယ့် Blog မှာ ကိုယ်ရေးချင်တဲ့Postကို အချက်အလက်၊ အထောက်အထားတွေနဲ့ ရေးခွင့်တောင် မရှိတော့ဘူးလား။
"မကူညီချင်နေကြပါ။ မနှောင့်ယှက်ပါနဲ့လားရှင်။"
"ကျမ အေးအေးဆေးဆေးနေပါရစေ။"
(ကိုယ်မကြိုက်တာ Comment လာရေးရင် ပြန်မငြင်းပဲ ဖျက်ပစ်ကြတာတွေကို တွေ့ဖူးပေမယ့် ကျမဆီလာရေးတဲ့ Comment တွေကို ကောင်းသည်ပဲ ဖြစ်စေ၊ ဆိုးသည်ပဲ ဖြစ်စေ မဖြတ်ခဲ့ပဲ ပြန်လည် ဖြေရှင်းခဲ့တာဟာ Comment ရေးတဲ့လူအပေါ် လေးစားခဲ့လို့ပါ။
Post ကို မဖတ်ဘဲ ကိုယ့်ထင်တာ ကိုယ်ပြောချင်တာ ပြောဖို့မဟုတ်ခဲ့ပါ။)
လွတ်လပ်စွာရေးသားတာကို ..လွတ်လပ်စွာ ဝေဖန်လို့ ရပေမယ့် လွတ်လပ်စွာ တိုက်ခိုက်တာကတော့?????????
အခုကစပြီး စီနီယာထုံး နှလုံးမူပါတော့မည်။

ဒီလို ပြောလို့ မခေါ်ကြတော့ဘူးဆိုလည်း ကျမ မတတ်နိုင်ပါဘူး။
ကျမရဲ့ Blogမှာ ရေးချင်တာရေးခွင့်လေးတော့ ကျမကို ပေးကြပါ။
ကျမကို ချစ်တဲ့ မောင်နှမတွေကို ကျမချစ်ပေမယ့် ဒီတိုင်းဆို........................................ :c :c :c

အပြည့်အစုံသို့....

Monday, September 22, 2008

အို........... အသင် Blogလောက


စိတ်ညစ် စိတ်ရှုပ်သည်။
စိတ်ကုန်ပြီ Blogလောကကြီး၊

ထွက်ခွာဖို့ ကြံရွယ်သည်။
သံယောဇဉ်က ကြီး၊

ကြိုးစား၍ ရုန်းထွက်မည်။
တနေ့တော့ အောင်မြင်မည်။

နှုတ်ဆက်ချင်တော့သည်။
စွဲလန်းမှုကြောင့် ခက်ရ၏ ။

စိတ်ညစ်ရပါသည်။
ရအောင် ဖြတ်တော့မည်။

အပြည့်အစုံသို့....

Sunday, September 21, 2008

ဘယ်လိုအချစ်မျိုးကို ပြောချင်တာပါလိမ့်။

ယုယုယယ ချစ်တယ်။ :L

မြတ်မြတ်နိုးနိုး ချစ်တယ်။ :L

ကြင်ကြင်နာနာ ချစ်တယ်။ :L

ထွေးထွေးပွေ့ပွေ့ ချစ်တယ်။ :L

ကြည်ကြည်နူးနူး ချစ်တယ်။ :L

စွဲစွဲလန်းလန်း ချစ်တယ်။ :L

လောကကြီးမှာ အချစ်ကို အမျိုးမျိုးတင်စားပြီး ချစ်နေကြပါတယ်။ "ယုယုယယမြတ်မြတ်နိုးနိုး ကြင်ကြင်နာနာထွေးထွေးပွေ့ပွေ့ ကြည်ကြည်နူးနူး စွဲစွဲလန်းလန်း "ဆိုတဲ့ အချစ်ကို တင်စားတဲ့ စကားလုံးတွေ ကို နားလည်ပေမယ့် အောက်က စာလုံး နှစ်လုံးရဲ့ အဓိပ္ပာယ်ကိုတော့ နားမလည်ပါဘူး။ :d
ကြည့်ကြည့်ပါနော်။ ;)

ဖြူဖြူစင်စင် ချစ်တယ်။
:L

သန့်သန့်ရှင်းရှင်း ချစ်တယ်။ :L

အဲဒီ ဖြူဖြူစင်စင် နဲ့ သန့်သန့်ရှင်းရှင်း ဘာကို ပြောချင်တာပါလိမ့်။????? :d

ဘယ်လိုအချစ်မျိုးကို ပြောချင်တာပါလိမ့်။ :d

(1500)အချစ်လား????? :d

(528)အချစ်လား????? :d

အပြည့်အစုံသို့....

Saturday, September 20, 2008

Burglish

Burglish ကို တီထွင်တဲ့လူကို တော်တော်ချီးကြူးပါတယ်။ ဘယ်သူက စတင်တီထွင်တာကို မသိပေမယ့် တီထွင်တဲ့လူကို တော်တော်ကို တော်ပါပေတယ်လို့ ချီးကြူးပါတယ်။ တကယ်ပါ။ "Burglishဟာ မဖတ်တတ်ရင် အရမ်းကို စိတ်ညစ်ဖို့ ကောင်းတဲ့ ဘာသာစကားတမျိုး၊ အင်္ဂလိပ်ဘာသာစကားမဟုတ် ၊ မြန်မာဘာသာစကားမကျ စကောစက၊ ဟိုမရောက် ဒီမရောက်ဘာသာစကား "လို့ ပြောခြင်းခံနေရပေမယ့် သေချာစဉ်းစားကြည့်ကြပါ။ Myanmar fontမရှိတဲ့ PCမှာ မြန်မာလို ဖတ်လို့ ရတာ Burglish နဲ့ ရေးမှပါ။ (အသေးစိပ်ပြောပါမယ်။ လေဆိပ်မှာ မြန်မာတယောက်ယောက်ကို အရေးပေါ်အဆက်အသွယ်လုပ်ချင်ရင် ၊
ကျောင်းမှာ၊ ရုံးမှာ မြန်မာစာရေးချင်ရင်၊
မြန်မာလို ရိုက်တတ်ပေမယ့် Computer မှာMyanmar Font မရှိခဲ့ရင်၊
Myanmar Font ကို Download လုပ်ဖို့ အချိန်မရခဲ့ရင် ၊
အလွယ်တကူ မြန်မာလို ရေးနိုင်တာ Burglish နဲ့ပါ။)
Handphoneတွေမှာ ဖုန်းMessage ပို့ရင် Burglish နဲ့ရေးမှသာ မြန်မာလို မဟုတ်တောင် မြန်မာဆန်ဆန်လေး ဖတ်လို့ရတာပါ။ (မြန်မာမှာတော့ မြန်မာစာနဲ့ ဖုန်းMessage ပို့လို့ရပြီးလို့ ပြောပေမယ့် တခြားနိုင်ငံတွေမှာ မရသေးပါ။ ) Burglishရဲ့ ကောင်းကျိုးကို ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ Burglishဟာ နိုင်ငံတကာ အဆင့်မှီတဲ့ ဘာသာစကားတခုပါ။ "ဘာလို့ အဲလောက်တောင် အမွှန်းတင်နေရလဲ" ဆိုတော့အောက်မှာ ဥပမာပေးပြီး ဖော်ပြထားပါတယ်။

Burglishဟာ တရုတ်ဘာသာစကားPinyin တို့ ဂျပန်Romajiတို့လိုပါပဲ။
တရုတ်ဘာသာစကားမှာ Pinyin ဆိုတာရှိတယ်။တရုတ်စာလုံးတွေ မသိခဲ့ရင်တောင် Pinyinသိတာနဲ့ စာရေးလို့ ရပါတယ်။ စာဖတ်လို့ ရပါတယ်။ တရုတ်စကားသေချာမသိခဲ့ရင်တောင် Pinyinကြောင့် သိပ်တော့ ဒုက္ခမရောက်ပါဘူး။ အရင်တုန်းကတော့ တရုတ်စာလုံးတွေ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ခဲ့ပုံပေါ်ပေမယ့် မျက်မှောက်ခေတ်မှာတော့ တရုတ်စာလုံး အသံထွက်အမှတ်အသားအနေနဲ့ ကမ္ဘာမှာ လူသိများပါတယ်။

ဂျပန်ဘာသာစကားမှာ Romaji ဆိုတာရှိတယ်။ တရုတ်Pinyinလိုပဲ တော်တော်ကို အသုံးဝင်တာပါ။ ဂျပန်လို ခန်းဂျီးနားမလည်တောင် Romajiလောက် ဖတ်တတ်ရင် တော်တော်အဆင်ပြေပါတယ်။ ဂျပန်မှာ ရှိတဲ့ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသား တော်တော်များများဟာ ခန်းဂျီးထက် Romajiကို ပိုပြီး နားလည်သိရှိကြပါတယ်။

အဲဒီ ပြောခဲ့တဲ့ Pinyinရော၊ Romajiရောဟာ တရုတ်ဘာသာစကား၊ ဂျပန်ဘာသာစကားတွေရဲ့ အသံထွက်ကို အင်္ဂလိပ်အက္ခရာ(လက်တင်ဘာသာစကား)နဲ့ ရေးလို့ ရအောင် အသင့်တော်ဆုံး ၊ အနီးစပ်ဆုံး စဉ်းစားပြီး တီထွင်ဖန်တီးထားတာပါ။ ကိုရီးယားဘာသာစကားမှာလည်း ရှိပုံရပါတယ်။

Burglish ဟာလည်း အဲလို ဘာသာစကားတွေလိုပဲ မြန်မာအသံထွက်ကို အင်္ဂလိပ်အက္ခရာ (လက်တင်ဘာသာစကား)နဲ့ ရေးလို့ ရအောင် အသင့်တော်ဆုံး ၊ အနီးစပ်ဆုံး စဉ်းစားပြီး တီထွင်ဖန်တီးထားတဲ့ သဘောတရားရှိတယ်လို့ ထင်ပါတယ်။

ကျမသိသလောက် ပြောရရင် ကချင်ဘာသာစကားကလည်း ကချင်စကားပြော အသံထွက်ကို အင်္ဂလိပ်အက္ခရာ(လက်တင်ဘာသာစကား)နဲ့ ရေးထားတဲ့ ဘာသာစကားပါပဲ။ (ကချင်မသူငယ်ချင်း ပြောဖူးလို့ပါ။ ကချင်ဘာသာနဲ့ ရေးထားတဲ့စာတွေဟာ Burglish လိုမျိုး အင်္ဂလိပ်အက္ခရာ (လက်တင်ဘာသာစကား)နဲ့ ဖြစ်နေပေမယ့် ကချင်ဘာသာစကားဖြစ်လို့ တလုံးမှ နားမလည်ပါ။) သူတို့ရဲ့ ဘာသာစကားကို အင်္ဂလိပ်အက္ခရာ (လက်တင်ဘာသာစကား)နဲ့ ရေးထားတဲ့ မြန်မာပြည်တွင်းနေ တခြားတိုင်းရင်းသားလူမျိုးတွေလည်း ရှိပါသေးတယ်။

လွယ်လွယ်ပဲ ဥပမာပေးမယ်နော်.... မြန်မာနာမည်တွေကို ရေးတဲ့ အခါမှာလည်း Burglish နဲ့ ရေးထားတာပါ။ လမ်းနာမည်၊ လူနာမည်တွေဟာ ထင်ရှားတဲ့ Burglish ဘာသာစကားနဲ့ ရေးထားတဲ့ မြန်မာစကားတွေပဲပေါ့။ ဥပမာ၊" ထွန်း"ဆိုတဲ့ နာမည်ကို ကိုယ်သဘောကျတဲ့ အသံထွက်နဲ့ "HTUN, TUN "ဆိုပြီး Burglish လို ပေါင်းသလိုပေါ့။ "ဒီလို ပေါင်းမှ မှန်မယ်။"" ဒီလို ပေါင်းရင် မှားတယ်"လို့ တိတိကျကျ သတ်မှတ်လို့ မရပါဘူး။

Burglish မရှိခဲ့ရင် နိုင်ငံခြားလာဖို့ Passport လုပ်တဲ့အခါ၊ Passportစာအုပ်ထဲမှာ ဘယ်လိုရေးမလဲ?????မြန်မာဘာသာစကားလို ရေးမှာလား။ အင်္ဂလိပ်ဘာသာစကားလို ရေးမှာလား။ ကိုယ့်နာမည်က အင်္ဂလိပ်နာမည်မှ မဟုတ်ပဲနဲ့ ဘယ်လိုနည်းနဲ့ အင်္ဂလိပ်လို ရေးမှာလဲ။ မြန်မာဘာသာစကားနဲ့ ရေးရင်ရော၊ သူတပါးတိုင်းပြည်က နားလည်မှာမလို့လား။ :p ဒီတော့ မြန်မာလို အသံထွက်ကို အင်္ဂလိပ်ဘာသာစကားနဲ့ Burglish လို ရေးမှသာ အဆင်ပြေမှာမဟုတ်ဘူးလား။

Burglish ဘာသာစကား ရှိလာတဲ့ အတွက် လူငယ်တွေဟာ အင်္ဂလိပ်ဘာသာစကားမတတ်တော့ဘူးလို့ ပြောသံကြားဖူးပါတယ်။ အင်္ဂလိပ်ဘာသာစကားတတ်ခြင်း၊ မတတ်ခြင်းဟာ အဲဒီလူရဲ့ အင်္ဂလိပ်ဘာသာစကားအပေါ် ကြိုးစားအားထုတ်မှုနဲ့ပဲ ဆိုင်တယ်လို့ ထင်ပါတယ်။ Burglish ဘာသာစကားနဲ့ ဘာမှ မသက်ဆိုင်ပါ။

မြန်မာစကား ပိုညံ့သွားစရာ အကြောင်းလည်း မရှိပါဘူး။ မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ ကြီးလာတဲ့လူတယောက်ဟာ မြန်မာတွေနဲ့ အမြဲတမ်း ထိတွေ့နေမယ်ဆိုရင် ဘယ်နည်းနဲ့မှ မြန်မာစကား ညံ့သွားမှာ မဟုတ်ပါဘူး။

အပြည့်အစုံသို့....

Friday, September 19, 2008

ဂျပန်ကာကွယ်ရေးတပ်မတော်တေးဂီတပွဲတော်

(15.9.2008)နေ့က Shinjuku ဘူတာအရှေ့ဘက် ထွက်ပေါက်ရှေ့မှာ စစ်ဝတ်စုံနဲ့လူတွေ အများကြီးပဲ တွေ့လို့ "ဘာတွေလုပ်နေပါလဲ" လို့ သွားရောက်စပ်စုခဲ့ပါတယ်။ :z
အစကတော့ ကြောက်ကြောက်နဲ့ မသိမသာ သွားကြည့်တာ။ ကျမလိုလူတွေ အများကြီးလည်း တွေ့ရော ကြောက်တော့ဘူး။ :p လာရောက်ကြည့်ရှုတဲ့လူတွေက ပါလာတဲ့ ဖုန်းလေးတွေနဲ့ ဓာတ်ပုံရိုက်နေတာတွေ့တော့ ကျမလည်း ဖုန်းထုတ်ရတော့တာပေါ့နော်။ အဝေးကနေ Zoomဆွဲပြီး ဓာတ်ပုံရိုက်နေတုန်း ဘေးမှာ အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးက ရောက်လာပြီးစကားလာပြောတော့ လန့်သွားတာပေါ့။ :y {ဟိ ဟိ၊ ကျမကသာ လန့်တာ(ဘာလို့မှန်းတော့မသိ)။ အဲဒီလူကြီးက သဘောကောင်းတယ်ရှင့်။ }တကယ်တော့၊ ကျမက စစ်ဗိုလ်တယောက်ကို ဓာတ်ပုံခိုးရိုက်နေတာ(ပေါ်တင်ရိုက်လို့ရမှန်းမသိလို့)။ :p ကျမ ဓာတ်ပုံချောင်းရိုက်ဖို့ ရည်ရွယ်နေတဲ့စစ်ဗိုလ်ကလည်းလေ ဟိုလျှောက်သွား ၊ ဒီလျှောက်သွားနဲ့ ရိုက်လို့ကိုမရဘူး။ "ဘယ်လိုရိုက်ရပ"လို့ စဉ်းစားနေတုန်း အခုနက အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးက ကျမဘေး ရောက်လာပြီး "ဓာတ်ပုံရိုက်ချင်လို့လား" လို့ မေးတယ်။ "ဟုတ်ကဲ့ "လို့ ပြောလိုက်တော့ ကျမ ဓာတ်ပုံရိုက်ဖို့ ချောင်းနေတဲ့ ဗိုလ်ကြီးကို လှမ်းခေါ်လိုက်ပြီး "ဒီကောင်မလေး ဓာတ်ပုံရိုက်ချင်လို့၊ အဲဒါ ~San(စန်) ၊ ဓာတ်ပုံအရိုက်ခံလိုက်ပါ"လို့ ပြောပေးပါတယ်။ ကျမစိတ်ထင် အနောက်တိုင်းဝတ်စုံ ဝတ်ထားတဲ့လူကြီးက စစ်ဗိုလ်ကြီးထက် ရာထူးကြီးပုံပဲ။ (ပိုင်တယ်နော်။) အဲဒီလူကြီးလည်း ပြောလိုက်ရော၊ ဟိုစစ်ဗိုလ်ကြီးက အောက်ပါပုံအတိုင်းဖြစ်သွားရတော့သည်။ :)

ပြုံးပြုံးကြီး ဓာတ်ပုံရိုက်ခံနေသော ဝတ်စုံပြည့်နဲ့ စစ်ဗိုလ်ကြီးဒီနေရာမှာ လုပ်တာလေ။ အဲဒီမှာ စစ်ဆိုင်ကယ်ရှိတယ်တွေ့လား။ အဲဒီစစ်ဆိုင်ကယ်ပေါ် တက်ပြီး ဓာတ်ပုံရိုက်လို့ရတယ်။ စစ်ဆိုင်ကယ်ပေါ်တက်ပြီး ဓာတ်ပုံရိုက်တဲ့ ပြည်သူတွေလည်း အများကြီးပဲ တွေ့ခဲ့တယ်သိလား။ တချို့က တယောက်တည်း၊ တချို့က ဘေးမှာ ရှိတဲ့ စစ်သားလေးနဲ့ တွဲပြီးပေါ့။ :p
စစ်ဗိုလ်မမ တွေလည်းရှိတယ်။ အားနာလို့ ဓာတ်ပုံရိုက်ခဲ့ဘူး။ ;)

စစ်ကားနဲ့ စစ်သမီးများ
စစ်သားလေးက စာရွက်တွေ ဝေနေလေရဲ့။
တကယ်တော့ စစ်ဗိုလ်ကြီးလည်း စာရွက်ဝေရတာပါပဲ။ မသိလို့ မေးရင် ရှင်းတောင် ရှင်းပြရသေး။

အခုနက ဓာတ်ပုံရိုက်ခံတဲ့ ဝတ်စုံပြည့်နဲ့ စစ်ဗိုလ်ကြီး၊ အခုတော့ စာရွက်တွေ ဝေနေတယ်ရှင့်။
ဒီစစ်ဗိုလ်ကြီးက ဘာကို ကြည့်နေတာလည်း မသိပါဘူး။ ;)အဲ၊ ဘာစာရွက်တွေ ဝေနေတာလဲ သိချင်လား???????????
(21.11.2008)နဲ့ (22.11.2008)မှာ ကျင်းပမယ့် ဂျပန်ကာကွယ်ရေးတပ်မတော်တေးဂီတပွဲတော်အကြောင်း Pamphlet ပါရှင်။
ပွဲတော်နေ့မှာ ပြည်သူတွေလာရောက်ကြည့်ရှုလို့ ရအောင် ကြေငြာတဲ့သဘောနဲ့ လုပ်တယ်လို့ ထင်တာပါပဲ။

အပြည့်အစုံသို့....

Thursday, September 18, 2008

အမေးကမ္ဘာ ဖြေစရာ(11)

မိုးသောက် said...

အစ်မရေ လင့်ခ်လိုက်ပြီနော် ဘာဖစ်လို့ c-box က ကျနော့်ကို ဘမ်းထားတာလဲ မသိဘူးနော် .. အခုတလော ကံမကောင်းပါ ဆိုပြီး ဖြစ်နေပြီလား မသိဘူး :P :P

moe said...

လာလည်ပါတယ် ခင်ဗျာ အမြန်ဆုံး နေကောင်းပြီး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ် ...
c-box က ဘယ်လို ဖြစ်လည်း မသိပါဘူးဂျာ .. ရေးလို့လည်း မရဘူး
you have been banned တဲ့ ..

ကျမရဲ့ Cboxကပဲ ဖြစ်နေတာလားရှင့်။ တခြားCboxမှာကော ဖြစ်ပါသလား။ ကျမရဲ့ Cbox မှာတော့ကျမ Ban ထားတာ အားလုံးပေါင်းမှ(6)ယောက်ပဲရှိပါတယ်။ (4)ယောက်က မကောင်းတဲ့ Websiteတွေလာပေးလို့ပါ။ နောက်(2)ယောက်က Postနဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်ရေးထိခိုက်မှုတွေ လာရောက်ထိပါးပြောဆိုလို့ပါ။ ကိုမိုးသောက်က အဲဒီလိုလူတန်းစားတွေထဲမှာ မပါဘူးဆိုတာကို ကျမယုံကြည်ပါတယ်ရှင်။ ဒါပေမယ့်၊ ဘာလို့ ကျမရဲ့ Cboxက "You have been banned" လို့ ပြောတာလဲမသိပါဘူး။ :d ဒီတော့ရှင်၊ အားတော့နာပါတယ်။ ကိုမိုးသောက်ရဲ့ IP Address သိရမယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ ;)

စကားမစပ်၊" မိုး"ဆိုတဲ့ Blogger ကကော ကိုမိုးသောက်ပဲလားရှင့်။ ကျမဆီလာရေးသွားတဲ့Comment ကတဆင့် Blog Addressကိုသွားကြည့်တာ ဘာမှမရှိလို့ပါရှင်။ :p

အပြည့်အစုံသို့....

Wednesday, September 17, 2008

ODAIBA(お台場) သို့ အလည်တခေါက်(2)

သင်္ဘောဖြူဖြူကြီးရယ်၊ ပင်လယ်ကြီးရယ်၊ အဆောက်အဦးတွေရယ် ။
ဘာလို့လည်းမသိ အဲဒီရှုခင်းလေးကတော်တော်ကြည့်လို့ ကောင်းတယ်လို့ ထင်တာပဲ။ :pအမွှာပူးအဆောက်အဦးလေးနဲ့ ပင်လယ်ပြာ

Rainbow Bridge ကြီးကို ထင်ထင်ရှားရှား မြင်ရပါပြီ။
ရေလည်ထဲမှာ မော်တော်လို့ ခေါ်မလားမသိတဲ့ အရာတစ်ခု ခုတ်မောင်းနေတာတွေ့ရပါတယ်။ ဆိပ်ကမ်းကိုလည်း သေချာမြင်ရသား။(ပုံကို အကြီးချဲ့ကြည့်ရင်) :z တဖြည်းဖြည်းနဲ့ Rainbow Bridge အောက်ထဲကို ဝင်လာပါပြီ။
Rainbow Bridge ပေါ်မှာ အဝေးပြေးလမ်းမရှိပါတယ်။
အခုမြင်နေရတာ ရထားသံလမ်းကြီးပါ။
အောက်တထပ်မှာ က အဝေးပြေးလမ်းမပဲလေ။
Rainbow Bridge အောက်ထဲကို ဝိုင်းကြီးပတ်လည် လုပ်သလို ပတ်နေတာလေ။ ;)

ဟော၊ Rainbow Bridge အလယ်ခေါင်လောက်မှာ ရထားလမ်းနဲ့ကားလမ်းနဲ့ ပြိုင်တူဖြစ်သွားပြီ။
Rainbow Bridge ထဲကနေ ထွက်လာပါပြီ။ ကြည့်ကြပါအုန်းရှင်။
အဆုံးမမြင်ရတဲ့ ရထားသံလမ်းကြီးကို။ ကွေ့တိကွေ့ကောက်နဲ့။ :)

အပြည့်အစုံသို့....

Tuesday, September 16, 2008

အခုတလော၊ ကံကို မကောင်းပါ။

ဒီတပတ် တော်တော်ကံမကောင်းပါ။ ဟိုတနေ့ကလည်း အလုပ်ထဲအသွား၊ လမ်းတဝက်မှာ ကိုရွှေမိုးက ရွာချလေတော့ ထီးယူဖို့ အချိန်မရှိတာနဲ့ မိုးရေစိုကြီးနဲ့ အလုပ်လုပ်လိုက်တာ အိမ်လည်း ပြန်ရောက်ရော၊ ကိုယ်ထဲက ပူ၊ လက်ဖျား၊ခြေဖျားတွေကအေး ၊ ခေါင်းတွေက ကိုက်နဲ့ ဖျားပါလေရော။ Post ရေးဖို့နေနေသာသာ၊ ဖတ်တာတောင် စာတွေက ဝါးနေလောက်အောင် ခေါင်းကကိုက်လွန်းအားကြီးလွန်းလို့ မရရအောင် အိပ်ဖို့ ကြံရွယ်ပေမယ့် အိပ်လို့ကလည်းမပျော်။ ဒါနဲ့ပဲ နေမကောင်းဘူး၊ Postမရေးနိုင်ဘူး၊ ဆိုတဲ့ postလေးကို တင်ပြီး မျက်လုံးကို အတင်းမှိတ်ပြီး နေရတော့တယ်။ ရင်တွင်းက ပူလွန်းလို့ အိပ်လို့တော့ မပျော်ခဲ့ပါ။ နောက်နေ့ကျ အလုပ်နားတော့ တော်သေးတယ်။[နေမကောင်းပါ။}post မှာ လာအားပေးတဲ့ Blogger မောင်နှမတွေရဲ့ Commentsကို ကြည့်ပြီး ကိုယ့်ကို ကို အားပေးကာ ဆေးအတင်းတိုက်ရသေးသည်။(ကျမက ဆေးသောက်ရမှာကို သေမတတ်ကြောက်သည်။ ငယ်ငယ်တုန်းက ကျမနေမကောင်းမှာကို ကျမမေမေ အကြောက်ဆုံး။ ဆေးလည်း မသောက်၊ ဆေးခန်းလည်း မသွားဟု ဆိုတတ်လွန်းသောကြောင့်) :c ဒီရောက်တော့ ကိုယ့်ကိုကိုယ်(ဆေးတိုက်သောကျမနှင့် ဆေးမသောက်သော ကျမ) ရန်ဖြစ်ရင်းနဲ့ ဆေးသောက်ရတော့သည်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာ ကျမ၏ အဒေါ်ကော ၊ အကိုကော၊ ညီမကော ရောက်နေတာနဲ့ သူတို့က "ဟိုဆေးသောက်၊ ဒီဆေးသောက်" ဟု အကြံပေးကြတော့သည်။ ကျမလည်း ရှိစုမဲ့စု ဆေးလေး (3)ကြိမ် သောက်ပြီး အိပ်လိုက်တာ နောက်နေ့လည်း ကြရော နေကောင်းသွားပါလေရော။ (အဲဒီလို ထင်တာလေ။) :) "နေကောင်းသွားကြောင်း" Bloggerမောင်နှမတွေကို သတင်းပေးပြီး အလုပ်တောင် သွားလုပ်လိုက်သေး။ အလုပ်ထဲရောက်လို့မှ ဘယ်နှစ်နာရီမှ မကြာသေး၊ ခေါင်းတွေက ကိုက်လာပြီး မျက်နှာက နီရဲလာပါလေရော။ ပါးစပ်ကလည်း ဘာမှမစားပါပဲနဲ့ ခါးလိုက်တာ။ ရေသောက်တာတောင် ခါးတယ်သိလား။ အစကတော့ သည်းခံပြီး မရရအောင် အလုပ်လုပ်သေးပါတယ်။ နှစ်နာရီလောက်လည်း ကြာရော၊ လူက ဘယ်လိုမှ မနေနိုင်တော့ ။ ရပ်နေရင်းနဲ့တောင် မောလာတယ်။ နောက်ဆုံး မတတ်နိုင်တော့ပဲ မန်နေဂျာကို ခွင့်တောင်းပြီး ပြန်လာရတော့တယ်။ အိမ်ပြန်ရောက်တော့ မမောတော့ပြန်ဘူး။ နည်းနည်း နေသာထိုင်သာ ရှိသား။ ;) အစာအိမ်က "ဆာတယ် ဆာတယ်" :y နဲ့ အော်နေတာနဲ့ ထမင်းစားမယ်လည်းလုပ်ရော၊ ထမင်းကို မြင်တာနဲ့တင် ဗိုက်ပြည့်သွားသလို တစက်လေးတောင် စားချင်စိတ်မရှိ။ :( ဒါနဲ့ ဖက်ထုပ်ပြုတ်နဲ့ နှစ်ပါးသွားလိုက်တယ်။ ခေါင်းကလည်း ကိုက်တာနဲ့ ထိုးအိပ်လိုက်ချင်ပေမယ့် ရင်ပူလွန်းလို့ ဘယ်လိုမှ အိပ်လို့ မပျော်။ ဒါနဲ့ အိပ်မပျော်မယ့်အတူတူ အကျိုးရှိအောင် Postတစ်ခုတောင် ရေးတင်လိုက်သေးတယ်။ အဲလောက် Blog ကို သံယောဇဉ်ရှိတာလေ။ :p

နောက်နေ့ကလည်း အလုပ်နားပေမယ့် ကျမမှာ မနားရပါ။ အိမ်သက်တမ်း မဖြစ်မနေ သွားတိုးရလို့ပေါ့။ ကျမမှာ ယိုကိုဟားမား ထိကို သွားရတာ။ အိမ်က ရှိပြီးသားစာချုပ်ကို သက်တမ်းတိုးတာဖြစ်လို့ (ပိုက်ဆံ(8)သောင်းလောက်တော့ ပေးလိုက်ရသည်။ ;) )မြန်တော့မြန်သား။ သွားရတာသာ (1)နာရီခွဲလောက် ကြာတာ စာချုပ်အသစ်ချုပ်တာက(15)မိနစ်တောင် မကြာ။ အဲဒီ အိမ်ငှားတဲ့အကြောင်းလည်း နောက်မှ ရေးပါအုန်းမယ် ။ စာချုပ်ကိစ္စပြီးတော့ "ဘာလုပ်ရရင် ကောင်းမလဲ" လို့ စဉ်းစားလိုက်တော့ တကူးတက ယိုကိုဟားမားတောင် ရောက်နေမှတော့ မထူးပါဘူးဆိုပြီး ယိုကိုဟားမားကို လျှောက်လည်ပစ်လိုက်တယ် သိလား။ :z တယောက်တည်း တွေ့တဲ့နေရာ၊ မြင်တဲ့နေရာတွေကို ဓာတ်ပုံရိုက်ခဲ့တယ်။ဘယ်တော့ကြည့်ကြည့် မရိုးနိုင်တဲ့ ယိုကိုဟားမားရှုခင်းတွေကို အပီအပြင်ကို ရိုက်ခဲ့တာ။ အဲဒီခရီးသွားမှတ်တမ်းလည်း နောက်မှ ရေးပေးမယ်နော်။ (ဟိဟိ Post အကြွေးတွေ အများကြီး ။ ရေးတော့ ရေးမှာပါ ။ မကြာမှီ၊ လာမည်၊ မျှော် ပေါ့နော်။ )စိတ်ပေါက်ပေါက်နဲ့ လျှောက်လည်ပစ်လိုက်တာ အိမ်လည်းပြန်ရောက်ရော မိုးကို စုန်းစုန်းချုပ်ရောပဲ။ ဓာတ်ပုံတွေ ရိုက်တုန်းက ဘယ်ရောက်နေမှန်းမသိတဲ့ အဖျားက အိမ်လည်း ရောက်ရော ပြန်ပေါ်လာတော့တယ်သိလား။ စားလို့လည်း မဝင်၊ အိပ်လို့လည်း မပျော် ။ အဖျားတိုင်းကြည့်တော့လည်း မရှိ။ ခါးလိုက်တဲ့ ပါးစပ်။ ဘာရောဂါပါလိမ့်။ အသိ မမတွေ ပြောတာတော့ အပူရှပ်တာတဲ့။ စိတ်ညစ်ဖို့ ကောင်းလိုက်တာများ။ တော်တော်ကို နေရထိုင်ရခက်တာတော့ အမှန်။ :c

နေမကောင်းလို့ အစထဲက စိတ်မကြည်ပါဘူးဆိုမှ ရိုက်လာခဲ့တဲ့ဓာတ်ပုံတွေကို ကွန်ပြူတာထဲ ထည့်၊ Blog လေးလည်း ကြည့်မယ်လုပ်ရော Internet Connectionကြီး က ပျက်သွားပါလေရော။ "မြတ်စွာဘုရား ၊ကယ်တော်မူပါအုန်း" လို့တောင် တလိုက်မိတယ် ။ ဘယ်လိုပဲ ကြိုးတွေကို ပြောင်းတပ်တပ် မရတော့ ၊ Wireless ပါရဲ့သားနဲ့ အပျင်းကြီးပြီး မချိတ်ထားမိတာကို အခုမှ နောင်တနည်းနည်းရတယ်။ :y "ကဲ ၊ မရတော့လည်း ဖုန်းဆက်မေးမယ်ကွာ" ဆိုပြီး Internet Company ကို ဖုန်းလည်း ဆက်ကော "ဘယ်လိုငွေချေပါမလဲ " ဆိုတဲ့ Serviceကလွဲလို့ ကျန်တဲ့ Servicesက အသုံးပြုလို့ မရပါဘူးတဲ့။ အလိုအလျောက်စက်က မိန်းကလေးက ပြောတယ်ရှင့်။ တော်တော်ကို Serviceညံ့တဲ့ Softbank BB ပဲ။ တကယ်ပါ။ Auတို့ ၊ NTTတို့ ဆို 24 Hours Service လေ။ ကြိုက်တဲ့အချိန် ထပြင်လို့ရတယ်။ ညသန်းခေါင်ယံပဲ ဖြစ်ဖြစ်။ နောက်ပြီး ဖုန်းဆက်ခကလည်း အလကား။ ဒီSoftbank BB များတော့ ဖုန်းခလည်း ပေးရသေး။ မနက်(10)မှ ည(7)နာရီ အတွင်းပဲ Service ပေးပါမည်တဲ့။ တော်တော်ကို များပြီသိလား။ :( အဲဒီလို အချိန်တွေက လူတိုင်း အလုပ်သွား၊ ရုံးသွားနဲ့ အိမ်မှာရှိတဲ့လူဆိုတာ တော်တော်ရှားပါးတဲ့ အချိန်တွေလေ။ အဲဒီ Softbank Company လူလည်ကြတဲ့ အကြောင်းလည်း Post ရေးအုန်းမှာသိလား။

ရင်ပူပူနဲ့ပဲ မရရအောင် အိပ်လိုက်ရတော့တယ် ။ PC လေးလည်း သုံးလို့မရမယ့်အတူတူလေ။ ဒါပေမယ့်၊ စိတ်က မဖြောင့်တော့ ည(4)နာရီလောက်ကြီး လန့်နိုးလာတယ်သိလား။ အိပ်ချင်မူးတူးနဲ့ Internetချိတ်ကြည့်လိုက်တာ ရနေတာနဲ့ ဝမ်းသာအားရ Postတစ်ခု တင်ပြီး အိပ်ပစ်လိုက်တယ်။ မနက်အလုပ်သွားရမှာလေ ။ အလုပ်ထဲရောက်တော့ ထုံးစံအတိုင်းပေါ့ ၊အဖျားကပြန်တတ်လာပြန်ရော။ အရင်နေ့တွေကတော့ မကြောက်ပေမယ့် အလုပ်ထဲက သူငယ်ချင်းက ပြောမှ ကြောက်သွားတော့တယ်။ "ဘာရောဂါမှန်းမှ မသိတာ။ ဆေးခန်းသွားပြတဲ့။ "အဲဒါနဲ့ အလုပ်ပြီးပြီးချင်း ဆေးရုံမှာပဲ သွားပြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ (ကြောက်ကြောက်နဲ့။ :y ) ဆေးရုံလည်းရောက်ရော၊ "လူနာလာတွေ့သည့်လူများမှ အပ မဝင်ရ။" တဲ့။ စနေကော တနင်္ဂနွေကော မဖွင့်တဲ့အပြင် ဒီနေ့က AUTUMNAL EQUINOX DAY(နေ့ထူးနေ့မြတ်)ဖြစ်လို့ မဖွင့်ပါဘူးတဲ့ရှင်။ "အရေးပေါ်လူနာမှာအပ ကုသမပေးပါတဲ့။" ဘယ်တတ်နိုင်မလဲ။ တပ်ခေါက်ပြီး ပြန်ခဲ့ရတော့တာပေါ့။ ရှိတဲ့ဆေးလေး သောက်ပြီးနေလိုက်ရတော့တာပေါ့။ အခုလည်း ရင်ပူပူ ၊ ခေါင်းကိုက်ကိုက်နဲ့ မရရအောင် Postရေးနေပါသေးသည်။ :p

အခုတလော၊ ကံကို မကောင်းပါ။ :c :c

အပြည့်အစုံသို့....

Monday, September 15, 2008

ကို

 ကိုသည် ကျမအတွက်တော့ သူမတူအောင် ကောင်းလွန်းသည်။
ကိုသည် ကျမ၏ မောင်လေးဆိုလည်း ဟုတ်သည်။
အကိုဆိုလည်း ဟုတ်သည်။
ချစ်သူဆိုလည်း ဟုတ်သည်။
သူငယ်ချင်းဆိုလည်း ဟုတ်သည်။

အဘယ်ကြောင့်ဆိုသော်၊
တခါတရံ၊ ကိုသည် မောင်တစ်ယောက်လို ပူပန်ပေးတတ်သည်။
တခါတရံ၊ ကိုသည် အကိုတစ်ယောက်လို ဆုံးမပေးတတ်သည်။
တခါတရံ၊ ကိုသည် ချစ်သူတစ်ယောက်လို ကြင်နာပေးတတ်သည်။
တခါတရံ၊ ကိုသည် သူငယ်ချင်းတစ်ယောက်လို ဆွေးနွေးပေးတတ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ပြောနိုင်တာတစ်ခုက၊
ကျမ ဒုက္ခအခက်အခဲရှိနေချိန်တွင် ကူညီဖြေရှင်းတတ်ခြင်းပင်ဖြစ်သည်။

ဘယ်လို အခက်အခဲပဲရှိရှိ ကျမဆီ ရောက်အောင်လာတတ်သေးသည်။

ကျမ၏ အမှားများကို ဆုံးမရင်းနဲ့ တဖက်ကလည်း နှစ်သိမ့်ပေးတတ်သေးသည်။

သူ့အတွက်ထက် ကျမအတွက်ကို စိတ်ပူပန်ပေးတတ်သေးသည်။

ကျမမှလွဲလျှင် ကျန်တာအားလုံး ”ဖွဲ၊ စကွဲ” ဟုပြောကာ သစ္စာတည်ကြည်တတ်သေးသည်။ ;)

ကိုသည် အရမ်းလည်း သဝန်တိုတတ်သေးသည်။

မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်သည်လို့လည်း ပြောတတ်သေးသည်။ :p

ကျမအတွက်နဲ့ အရာအားလုံးကို ပေးဆပ်ပေးခဲ့ဖူးသည်။

ဤမျှလောက် ကောင်းလိမ့်မည်ဟု မထင်ခဲ့မိပါ ကိုရယ်။ :)
ကိုရဲ့ စစ်မှန်သောမေတ္တာများသည် ကျမအတွက်တော့
မမြင်ရပေမယ့် ဖြတ်လို့ မရနိုင်သော နှောင်ကြိုးများပဲ ဖြစ်တော့သည်။
နှောင်ကြိုးလေးတစ်မျှင်ပေါ့နော်။ ;)

အပြည့်အစုံသို့....

Saturday, September 13, 2008

ဟိုက္ကုကဗျာ(ဟိုင်းကုကဗျာ)(俳句)

 ဟိုက္ကုကဗျာ(ဟိုင်းကုကဗျာ)(俳句)ဆိုတာ ကမ္ဘာမှာ အတိုဆုံးကဗျာလို့ ပြောခြင်းခံရပြီး အဲဒိုခေတ်မှာ စတင်ပေါ်ပေါက်ခဲ့ပေမယ့် မေဂျိခေတ်နောက်ပိုင်းမှာမှ ခေတ်စားလာခဲ့တာပါ။ စကားလုံး ၅ လုံး ၊ ပြီးတော့ ၇ လုံး ၊ ပြီးတော့ နောက်ထပ် ၅ လုံးနဲ့ စပ်ရတဲ့ ကဗျာလေးကို ဟိုက္ကုကဗျာ(ဟိုင်းကုကဗျာ)(俳句)လို့ ပြောလေ့ရှိပါတယ်။ အထူးသဖြင့် ရာသီဥတုရဲ့ သာယာလှပမှုကို ခံစားဖွဲ့ဆိုတာပါ။ ကာရန်နဘေထက် စကားလုံး အရေအတွက်ကို ဦးစားပေးလေ့ရှိပါတယ်။ အခုချိန်ထိလည်း ဂျပန်ဘာသာနဲ့ စပ်တဲ့ ဟိုက္ကုကဗျာ(ဟိုင်းကုကဗျာ)(俳句)ဆိုရင် ၅၊ ၇၊ ၅ နဲ့ စပ်လေ့ရှိပြီး ရာသီဥတု အလှအပကို အဓိက ထားပြီး စပ်လေ့ရှိပါတယ်။ နိုင်ငံခြားသား ဟိုက္ကုကဗျာ(ဟိုင်းကုကဗျာ)(俳句)ပညာရှင်တွေ စပ်ဆိုတဲ့အခါမှာတော့ ၅၊ ၇၊ ၅ နဲ့ ကိုက်ညီပြီး စပ်ဆိုတာတွေရှိသလို အဆင်ပြေသလို စပ်ဆိုနေတာတွေလည်း ရှိနေပါတယ်တဲ့။
နာမည်ကြီး ရာသီဘွဲ့ဟိုက္ကုကဗျာ(ဟိုင်းကုကဗျာ)(俳句)တွေကို ဖော်ပြပေးလိုက်ပါတယ်။

နွေဦးရာသီအတွက် စပ်ဆိုထားတဲ့ ကဗျာပါ။
雪溶けて     နှင်းလည်းကွဲခဲ့ပြီ
村いっぱいの ရွာတခွင်လမ်းမတွင်တော့
こどもかな    ကလေးချည်းပါလား
အဓိပ္ပာယ်ကတော့ နွေဦးရာသီရောက်လာပြီ ဖြစ်သည့်အတွက် နှင်းတွေလည်း အရည်ပျော်ကုန်ပါပြီ။ ဆောင်းရာသီတုန်းက အိမ်ထဲမှာပဲ ကစားခဲ့ရတဲ့ ကလေးများသည် တပြိုင်တည်း အိမ်ပြင်သို့ ထွက်ခါ ကစားစပြုလာကြပါသည်။ ရွာထဲမှာ ကလေးတွေကို နေရာအနှံ့တွေ့နေရလို့ ဒီလောက်တောင် ကလေးတွေရှိနေပါလားလို့ အံ့ဩလောက်မိအောင်ပါပဲ။

နွေရာသီအတွက် စပ်ဆိုထားတဲ့ ကဗျာပါ။
しずかさや      တိတ်ဆိတ်လွန်လွန်းလို့
岩にしみ入る    ကျောက်ဆောင်ထဲသို့ တိုးဝင်သွား
蝉の声        အကောင်အော်သံလား
အဓိပ္ပာယ်ကတော့ တောင်ပေါ်မှာရှိတဲ့ ဘုရားကျောင်း၌ အရမ်းကို တိတ်ဆိတ်လွန်းအားကြီးလွန်းလို့ CICADA ကောင်လေးရဲ့ အော်သံကိုတောင် ကြားရလောက်အောင်ပါပဲ။ အဲဒီ CICADAကောင်လေးအော်သံဟာ အနီးတဝိုက်မှာရှိတဲ့ ကျောက်ဆောင်ထဲသို့ တိုးဝင်သွားသလို ခံစားရပါတယ်တဲ့။

ဆောင်းဦးရာသီအတွက် စပ်ဆိုထားတဲ့ ကဗျာပါ။
荒海や        ခက်ထန်သောပင်လယ်
佐渡に横たふ     ကျွန်းကို မျက်နှာချင်းဆိုင်၍
天の川        ကောင်းကင်မြစ်လည်းရှိ
အဓိပ္ပာယ်ကတော့ မျက်စိရှေ့မှာ ကြီးမားခက်ထန်တဲ့ ပင်လယ်ကြီးကို မြင်နေရပြီး ညအခါမှာတော့ မှောင်မိုက်နေပေမယ့် ကျွန်းလေးကို ခပ်ရေးရေးမြင်နေရပါတယ်။ ကောင်းကင်ကြီးကတော့ ကောင်းကင်မြစ်ကြီးကြောင့် နှစ်ခြမ်းကွဲသလိုပုံစံနဲ့ ပြန့်ကျဲနေပါတယ်။

ဆောင်းရာသီအတွက် စပ်ဆိုထားတဲ့ ကဗျာပါ။
斧入れて ပုဆိန်ကို ကိုင်မှ
香に驚くや မွှေးရနံ့က အံ့ဩရ
冬木立 ဆောင်းသစ်ပင်တဲ့ကွ
အဓိပ္ပာယ်ကတော့ သစ်ပင်ကို ခုတ်မယ်လို့ ရည်ရွယ်ပြီး ပုဆိန်ကို ကိုင်လိုက်စဉ်၊ ခြောက်သွေ့နေပုံရတဲ့ အပင်မှ ရှင်းသန့်သော အမွေးနံ့သာကို ရရှိခါ၊ သစ်ပင်ရဲ့ ရှင်သန်နိုင်စွမ်းအားမှာ အံ့ဩခဲ့ရ၏။

ဟိုက္ကုကဗျာ(ဟိုင်းကုကဗျာ)(俳句)နဲ့ ခပ်ဆင်ဆင်တူပြီး ရာသီဥတုအလှဘွဲ့ကို မစပ်ဆိုတဲ့ ကဗျာကို ဆန်းလျူးကဗျာ(川柳)လို့ ခေါ်ပါတယ်။ ဆန်းလျူးကဗျာ(川柳)က ဟိုက္ကုကဗျာ(ဟိုင်းကုကဗျာ)(俳句)လိုမျိုးပဲ စကားလုံး ၅ လုံး ၊ ပြီးတော့ ၇ လုံး ၊ ပြီးတော့ နောက်ထပ် ၅ လုံးနဲ့ စပ်လေ့ရှိပေမယ့် ယခုလက်တလော အခြေအနေ၊ ဖြစ်ပျက်နေတဲ့ လောကသဘာဝကြီးကို သရော်စာဆန်ဆန် ၊ ဟာသဆန်ဆန်ရေးဖွဲ့လေ့ရှိပါတယ်။ အဲဒိုခေတ်မှာ အရမ်းကို ခေတ်စားခဲ့ပြီး ယခုမျက်မှောက်ခေတ်တိုင်အောင် လူကြိုက်များနေပါတယ်။
ဆန်းလျူးကဗျာ(川柳)ကို ဖော်ပြပေးလိုက်ပါတယ်။
ဂျပန်မှာ နံမည်ကြီးပုံပြင်တပုဒ်ဖြစ်တဲ့ (ဝါးထဲက မိန်းမငယ်ပုံပြင်)အကြောင်းစပ်ဆိုထားတာပါ။
 その後は    ဒီနောက်ပိုင်းမှာတော့
 翁こはごは    အဖိုးအို ကြောက်ကြောက်ရွံ့ရွံ့
 竹を切り    ဝါးကို ကြည့်၍ခုတ်
 အဓိပ္ပာယ်ကတော့  ဝါးထဲမှာ မင်းသမီးလေးတပါးကို တွေ့ခဲ့ရတဲ့ အဖိုးအိုကြီးဟာ တွေ့ရှိပြီးနောက်ပိုင်းမှာတော့ ဝါးခုတ်ခါနီးတိုင်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ ပုဆိန်ကို ရွယ်လေ့ရှိကြောင်းကို စိတ်ကူးယဉ်စွာ ရေးစပ်ထားတာပါ။

ဟိုတစ်ခါ ပေါက်တက်ကရ ကျမ လျှောက်စပ်ထားတဲ့
ဆန်းလျူးကဗျာ(川柳)ကဗျာလေးတွေလည်း ဖော်ပြပေးလိုက်ပါတယ်ရှင်။ ;)

ရေသံကဗျာတဲ့
ကမ္ဘာကျော်တဲ့ ကဗျာကွဲ့
ကိုရင်ညိန်းပြောရဲ့

ကျေးဇူးတင်ပါတယ် 
ကိုရင်နော် နဲ့ ခင်လေးငယ်
ကဗျာစပ်ပေးတယ်

x y b o သည်
နှစ်ခါ ကဗျာစပ်ကူသည်
ကျေးဇူးတင်ထိုက်၏။

မှတ်ချက်၊ အထက်ဖော်ပြပါ ကဗျာများမှာ ဂျပန်ယဉ်ကျေးမှုဘာသာရပ်တွင် သင်ကြားခဲ့ရသော ကဗျာများဖြစ်ပါသည်။ ကဗျာမူရင်းနှင့် ဘာသာပြန်မှာ ဆရာသင်ကြားပေးသည့်အတိုင်း ဖြစ်ပါသည်။ မြန်မာလို စပ်ဆိုထားတဲ့ ကဗျာများမှာ သင့်တော်သလို ကျမ စပ်ဆိုထားခြင်း ဖြစ်ပါကြောင်း။ :p
ထိုကဗျာများကို ပိုပြီးသင့်လျော်အောင် ဘာသာပြန်၍ စပ်ဆိုပေးနိုင်မယ်ဆိုရင် စပ်ဆိုပေးကြပါလို့ တောင်းဆိုလိုက်ပါသည်။ :y

အပြည့်အစုံသို့....

Friday, September 12, 2008

နေမကောင်းပါ။

နေမကောင်းဘူး။

Post မရေးနိုင်ဘူး။

:c :c :c

အပြည့်အစုံသို့....

Thursday, September 11, 2008

自由を 大切に (လွတ်လပ်ခြင်းကို တန်ဖိုးရှိစွာ)

လွတ်လပ်ခြင်းဆိုတဲ့ အရာကို လူတိုင်းလိုချင်ကြတယ်မဟုတ်လား။
"လွတ်လပ်ခွင့်ပေးပါ။ "
" လွတ်လွတ်လပ်လပ် နေပါရစေ။"
"လောင်းရိပ်မမိ၊ ချုပ်နှောင်ခြင်းမခံရဘဲ လွတ်လပ်ချင်ပါတယ်။" စသဖြင့် လွတ်လပ်ခြင်းနဲ့ ပတ်သက်တဲ့စကားလေးတွေကို နေ့စဉ်သုံးစကားတွေထဲမှာလည်း ကြားနေကြရမှာပါ။ လွတ်လပ်ခြင်းသည် ကောင်းသောအရာဖြစ်ပေမယ့် တရားလွန် လွတ်လပ်သွားသောအခါ မထင်မှတ်သောဆိုးကျိုးများ ဝင်လာတတ်ပါတော့သည်။

ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံအရ မွေးဖွားလာသည့်အချိန်မှ ဒီအသက်အရွယ်ရောက်သည့်တိုင်အောင် လွတ်လွတ်လပ်လပ်မနေခဲ့ရသော လူတစ်ဦးသည် ယဉ်ကျေးမှုမတူ၊ ဓလေ့ထုံးစံကွဲပြားခြားနားသော တိုင်းတပါးနိုင်ငံတစ်နိုင်ငံသို့ ရောက်ရှိခါ ရုတ်တရက် လွတ်လပ်မှုရဲ့ အရသာကို တွေ့ရှိခဲ့သည်ဆိုပါစို့။တကြိမ်တခါမှ မရခဲ့ဖူးသည့် လွတ်လပ်ခြင်းဆိုတဲ့ အရာကို ဘယ်လို အသုံးချရင် သင့်တော်မလဲကို သိနားလည်နိုင်ပါ့မလား။ အကျိုးရှိရှိ အသုံးချနိုင်ပါ့မလား ။ အရမ်းကို စည်းကမ်းတင်းကျပ်ပြင်းထန်တဲ့ နိုင်ငံမှာ ပြုစုပျိုးထောင်ခံခဲ့ရသော လူသားတစ်ဦးသည် ဘဝပြောင်းသွားသလို သီးသန့်ကမ္ဘာတခုကို ရောက်သွားပေမယ့်လည်း အလွယ်တကူတော့ နေသားမကျနိုင်ပါဘူး။ တဖြည်းဖြည်းနဲ့ ပြောင်းလဲယူခြင်းသည် အကောင်းဆုံးနည်းလမ်းပဲလို့ ထင်ပါသည်။ နက်ရေကန်ထဲ ခုန်ချသလို ပြောင်းလဲပစ်လိုက်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးဆီသို့ ဦးတည်သွားနိုင်ပါသည်။

လတ်တလောအခြေအနေအရ ပြောရမည်ဆိုလျှင် လွတ်လပ်ခြင်းကြောင့် အမျိုးမျိုး၊ အစုံစုံသော ပြဿနာတွေ ဖြစ်ပွားနေပုံရပါသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးလေးများသည် နိုင်ငံခြားသို့ ရောက်ရှိသွားသောအခါ "ဒီလိုမျိုးတွေ ဖြစ်ကုန်ကြပါသည် ။" " ဒီလို ပျက်စီးကြပါသည်။ "စသဖြင့် ကောလဟာသတွေ ပျံ့နှံ့နေပါသည်။ ဘာလို့များ ဒီလိုကောလဟာသတွေ ပျံ့နှံ့နေရပါသနည်း။

"ဟုတ်လို့ ကျော်၊ ပုတ်လို့ပေါ် "ဆိုတဲ့ စကားပုံလိုပါပဲ။ မလုပ်ပဲနဲ့တော့ ကောလဟာသထွက်လာစရာ အကြောင်းမရှိပါ။ ဘာလို့များ နိုင်ငံခြားရောက် မြန်မာအမျိုးသမီးလေးများသည် ဒီလောက်တောင် အပြောခံနေကြရပါသနည်း။

ဒီ ပြဿနာရဲ့ တရားခံသည် လွတ်လပ်ခြင်းကြောင့်ဟု ယူဆပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံအရ၊ "မိန်းမတို့ အိနြေ္ဒရွှေပေးလို့ မရ" ဆိုသော စကားပုံတွေဖြင့် ချုပ်နှောင်ခြင်းခံရကာ
အမျိုးသမီးများအဖို့ အရမ်းကို စည်းကမ်းတင်းကျပ်သော နိုင်ငံဖြစ်ပေသည်။ ထိုသို့သော စည်းကမ်းတင်းကျပ်သော နိုင်ငံတွင် ပြုစုပျိုးထောင်ခြင်းခံခဲ့ကြရသော မြန်မာအမျိုးသမီးများသည် အကြောင်းကြောင်းကြောင့် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်နေကြပါသည် မဟုတ်ပါလား။

နိုင်ငံခြားတိုင်းပြည်ဆိုသည်မှာ ဘယ်နိုင်ငံမဆို မြန်မာနိုင်ငံကဲ့သို့ စည်းကမ်းမတင်းကျပ်ပါ။ မြန်မာနိုင်ငံထက်ပိုပြီး စည်းကမ်းတင်းကျပ်သော နိုင်ငံ ရှိကောင်းရှိနိုင်ပေမယ့် မြန်မာအမျိုးသမီးအများစု သွားရောက်နေကြသော နိုင်ငံများမှာ မြန်မာနိုင်ငံထက်စာလျှင် အရမ်းလွတ်လပ်ပါသည်။ ထိုသို့ လွတ်လပ်သောနိုင်ငံများသို့ ရောက်ရှိသွားသော မြန်မာအမျိုးသမီးအများစုသည် "ရောမရောက်လျှင် ရောမလိုကျင့် "ဆိုသလို ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကို သတိမထားမိစွာနှင့် ရောမလိုကျင့်ကြတော့သည်။ သူတပါးတိုင်းပြည်မှလူများ လုပ်သလို လိုက်လုပ်ကြတော့သည်။ ဥပမာ၊ ဂျပန်ရောက်မြန်မာအမျိုးသမီးတစ်ဦးသည် ဂျပန်မလေးတို့၏ နေပုံထိုင်ပုံကို အတုခိုးကာ ဂျပန်မလေးတွေ လုပ်သလို "ဆေးလိပ်သောက်မည်၊ " "CLUB သွားမည်။" " လက်မထပ်ပဲ အတူနေမည်။" စသဖြင့်ပေါ့ရှင်။ ထိုသို့ ရောမရောက် ရောမလို အကျင့်လွန်သောအခါ ကျော်မကောင်း၊ ကြားမကောင်းသော ကောလဟသများသည်လည်း ထွက်ပေါ်လာရပါတော့သည်။

မြန်မာလူမျိုး (မြန်မာအမျိုးသမီး) သည် ဘယ်နိုင်ငံပဲ ရောက်ခဲ့၊ရောက်ခဲ့ မြန်မာလူမျိုး (မြန်မာအမျိုးသမီး) ဖြစ်သည်။ ကံကောင်းထောက်မစွာ၊ နေထိုင်ခွင့်ဗီစာရခဲ့လျှင် ဖြစ်စေ၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသည်ပဲ ဖြစ်စေ၊ မိမိသည် တချိန်တခါက မြန်မာလူမျိုး (မြန်မာအမျိုးသမီး) ဖြစ်ခဲ့သည်ဆိုတာကိုတော့ တသက်တာလုံး ဖျောက်ဖျက်ပြစ်လို့ မရနိုင်ပါ။ မိမိတစ်ဦးတည်းက လုပ်လိုက်သော အပြစ်ကို သူတပါးအား အပြစ်ခံစေသင့်ပါသလား။ ကိုယ့်ရဲ့ ပျော်ရွှင်လွတ်လပ်မှုကို စဉ်းစားရင်း နိုင်ငံအတွက်၊ လူမျိုးအတွက်ပါ တတ်နိုင်သလောက် စဉ်းစားပေးခဲ့မယ်ဆိုရင် ဒီလိုကြောက်စရာကောင်းသော၊ လူကြားမကောင်းသော ကောလဟသတွေ ထွက်လာစရာ အကြောင်းမရှိဘူးလို့ ထင်ပါသည်။

"ကိုယ် ပျော်ရရင် ပြီးရော" ဟုဆိုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ချင်တာလုပ်နေကြသော မြန်မာအမျိုးသမီး တချို့ကြောင့် မြန်မာအမျိုးသမီးအားလုံးသည် ကောလဟသ၏ လှိုင်းများကြားတွင် မလူးသာ မလှုပ်သာ နစ်နေကြရပါသည်။ သမီးမိန်းကလေးများရှိသော မိဘများသည် စိတ်ပူပန်နေကြရပါသည်။ နိုင်ငံခြားသို့ လာရောက်ပညာသင်ကြားချင်သော မိန်းမငယ်လေးများသည် တခြားကိစ္စကို အသာထား၍ မိဘ၏ ခွင့်ပြုချက်ရရန် တခုကိုပင် ကြိုးစားနေကြရသည်။  

လွတ်လပ်ခြင်းသည် လူတိုင်း လိုလားတောင့်တသော ၊ ကောင်းသောအရာတခုဖြစ်သော်လည်း တန်ဖိုးရှိစွာ အသုံးမချနိုင်ခဲ့ပါလျှင်.....................

PS..Wednesday, August 27, 2008 က ဂျပန်လိုရေးထားခဲ့သော 自由を 大切に (လွတ်လပ်ခြင်းကို တန်ဖိုးရှိစွာ)Post အား အများတောင်းဆိုချက်ဖြင့် မြန်မာလို ပြန်ရေးလိုက်ပါသည်။

အပြည့်အစုံသို့....

Wednesday, September 10, 2008

ဂျပန်နိုင်ငံ၏ လည်ပတ်စရာ နေရာများ

8 Sep 08, 03:48
mabaydar: တိုကျိုကိုလကုန်လောက်လာလည်မလို့..တိုကျိုနဲ့ပတ်သတ်တဲ့အကြောင်းလေးတွေ.. ဘယ်တွေသွားလည်လို့ရတယ်..
8 Sep 08, 03:49
mabaydar: ဘယ်လိုသွားရတယ်.အသုံးဝင်မဲ့ဂျပန်စကားနဲနဲလောက်ပိုစ့်လေးတင်ပြီးသင်ပေးပါလား.
Onegashimesu(ဟုတ်လားတော့သိဘူး)


ဟုတ်ကဲ့ရှင့်။ ကျမသိသလောက် ပြောပြပေးပါမယ်ရှင့်။
အရင်ဆုံး မေးချင်တာကတော့
သူငယ်ချင်းက လာကြိုမှာလားရှင့်။
လာကြိုမယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ လာမကြိုခဲ့ရင် ရထားနဲ့ ဖြစ်ဖြစ်၊Bus နဲ့ ဖြစ်ဖြစ်၊ Taxi နဲ့ ဖြစ်ဖြစ် မြို့ထဲကို သွားရပါမယ်။ Custom ဖြတ်ပြီးတာနဲ့ Information Center ကိုရှာပါ။ သူတို့ကို ကားလက်မှတ် ဘယ်မှာ ဝယ်ရမလဲလို့ မေးပြီး ကားလက်မှတ်ရောင်းတဲ့ ကောင်တာမှာ သွားဝယ်ပါ။ အလိုအလျောက် စက်နဲ့ ဝယ်လို့ရပေမယ့် ကားလက်မှတ်ရောင်းတဲ့ ကောင်တာ မှာ သွားဝယ်တာက ပိုသေချာလို့ပါ။ TAXI ကတော့ ဈေးကြီးလွန်းလို့ မစီးတာကောင်းမယ်လို့ ထင်ပါတယ်။ Bus က မြို့ထဲကို တိုက်ရိုက်သွားတာပါ။ လမ်းမှာလည်း မရပ်ပါဘူး။ ကျမကတော့ Bus နဲ့ သွားရတာ ကြိုက်တယ်ရှင့်။ တလမ်းလုံး ရှုခင်းတွေကို ငေးလာရတာ ပျော်စရာကြီး သိလား။ ရထားနဲ့က တစ်ခါ သွားဖူးပေမယ့် ရှုခင်း သိပ်မမြင်ရသလိုပဲ။

လေဆိပ်က အချက်အလက်လေးတွေ လိုရမယ်ရ ဖော်ပြလိုက်ပါတယ်။
Narita Airport
Rail
Bus and Taxi
Road Maps & Parking
Connecting between Terminals

လေဆိပ်မှာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေကို လမ်းညွှန်ထားတဲ့ Pamphlet ရှိပါတယ်ရှင်။ ဘာသာစကား (4)မျိုးလောက်နဲ့ ရေးထားတဲ့Pamphlet ပါ။ အဲဒါကို ယူလာခဲ့စေချင်ပါတယ်။


စစခြင်း လမ်းညွှန်ချင်တဲ့နေရာကတော့ ကမခုရ ဘုရားပါပဲရှင်။ ကမခုရဘုရားကို မြန်မာတိုင်း သွားရောက်ဖူးမြော်လေ့ရှိလို့ပါ။ 7:00မှ 18:00 ထိ သွားရောက်လို့ ရပါတယ်ရှင်။ ဘူတာမှာ ကမခုရဘုရားကို သွားချင်လို့ပါလို့ စုံစမ်းရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ ရထားလိုင်းမျိုးစုံနဲ့ သွားလို့ ရလို့ ကမခုရဘုရားရှိတဲ့ ဘူတာကိုပဲ ညွှန်ပြလိုက်ပါတယ်ရှင်။ ENOSHIMA LINE 江ノ島線 ,
NAGATANI STATION 長谷駅  ပါ။

နောက်တခုက တိုကျိုတာဝါ ပါ။ တိုကျိုတာဝါကနေ ကြည့်ရင် ဂျပန်နိုင်ငံရဲ့ ရှုခင်းတွေကို အကုန်မြင်ရပါတယ်။ အရမ်းလှပါတယ်ရှင်။
အနီးဆုံး ဘူတာတွေကတော့ HIBIYA LINE ၊ KAMIYACHOU STATION။
OEIDO LINE ၊ AKABAHASHI STATION ပါ။

HAKONE က စီးစရာယာဉ် အစုံဆုံး မလို့ပါ။ ယာဉ်မျိုးစုံကို HAKONE မှာ တွေ့ရပါလိမ့်မယ်ရှင်။ မိုးပေါ်ကနေ စတီးကြိုးလိုမျိုးနဲ့ ပြေးနေတဲ့ ကောင်းကင်ရထား (Hakone Ropeway)က ရင်တုန်ဖို့လည်း ကောင်းသလို ပျော်ဖို့လည်း ကောင်းပါတယ်။ ထူးထူးဆန်းဆန်း ယာဉ်မျိုးစုံကို တနေရာထဲမှာ တွေ့နိုင်တာဖြစ်လို့ သွားဖြစ်အောင် သွားပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ ရေပူစမ်းလည်း ရှိတယ်ရှင်။ ပြတိုက်တွေလည်း အများကြီးပဲ။ HAKONE မှာ ရှိတဲ့ ASHI ကန်ကနေ ကြည့်ရင် FUJI တောင်ကိုမြင်ရတယ်ရှင့်။ ASHI ရေကန်ထဲကနေကြည့်ရတဲ့ FUJIတောင်က FUJIတောင်ကို အနီးကပ်သွားကြည့်တာထက် ပိုလှတယ်ရှင့်။ HAKONE Free Pass ဝယ်သွားပါရှင်။ အရမ်းတန်ပါတယ်။ ဒီမှာ ကြည့်ကြည့်ပါနော်။

ဆက်ရေးပါအုန်းမယ်ရှင်။ ;)

အပြည့်အစုံသို့....

Tuesday, September 9, 2008

TAG ပြီးရင်း TAG

ဒီဇင်ဘာနှင်း ဆိုတဲ့ ချစ်စရာကောင်မလေး(သူမ ပြောတာပဲ။ :p )က TAG ထားတယ် ဆိုပြီး Cboxမှာ လာအော်သွားတယ်ရှင့်။ ကျမက မီးငယ်လေးရဲ့ ကောင်းမှူနဲ့ TAG ပြီးတာ ကြာလှပြီဆိုတာကို သတိမထားမိလိုက်ဘူး ထင်ပါရဲ့ရှင်။ ဟိ ဟိ အကိုအစုတ်ပလုတ် အကောင်းစားလေး ကိုအောင်ဦးကို တောင် အဲဒီTAG ကြီးအကြောင်းပြပြီး ချောက်ချ၊ အဲလေ TAG ပြီးသွားပြီ။ ဒါလည်း သတိမထားလိုက်မိဘူးနဲ့ တူပါတယ်။ သူ့ခမျာ သူသိတဲ့လူတွေ အားလုံးTAG ခံပြီးသွားတော့ ဘယ်သူကို TAG ရကောင်းမှန်းမသိတော့ပဲ ကျမဆီ မြှားဦး လှည့်လာမိပုံပဲ။ သူTAG ထား တဲ့လူကလည်း နည်းနည်းလေးမှ နည်းနည်းလေးဆိုတော့ ကျမ မရေးပေးရင် ကျမလွန်ရာရောက်မှာပေါ့နော်။ ;) ကျမကလည်း အရမ်းအားနာတတ်တယ်ရှင့်။ သူတပါးက လာတောင်းဆိုလာလို့ လုပ်ပေးနိုင်တဲ့ကိစ္စဆို ကူညီလိုက်ရမှ။ :p ဒီတော့ရှင်၊ ရှေ့မျက်နှာ နောက်ထားပြီး ( အဲ၊ လုပ်ကြပါအုန်း၊ မျက်နှာ ခဏ ရွှေ့လိုက်တာ ပြန်ပြင်လို့ ရတော့ဘူး။ မျက်နှာကြီး အနောက်ရောက်သွားပြီရှင့်။ :c )နှင်းလေးတောင်းဆိုတာကို လိုက်လျောတဲ့အနေနဲ့ ကိုယ့်အကြောင်းကို ထပ်ဖော်လိုက်ပါတယ်ရှင်။
အရင်တခါ ရေးပြီးသားရှိတော့ အခုတစ်ခေါက် ပုံစံပြောင်းပြီး ရေးလိုက်ပါတယ်ရှင်။
ကျမအကြောင်းကတော့ရှင်၊ ပြောကို မပြောချင်ပါဘူး။(စကားလှအောင် ပြောတာ၊ တကယ်က ဘာပြောရမလဲကို စဉ်းစားလို့တောင် ပြီးနေပြီသိလား။ ;) )
ဒီလိုရှိတယ်ရှင့်။ ကျမက ဂျပန်မှာ ကျောင်းတက်နေတဲ့ အူကြောင်ကြောင်ကောင်မလေးရှင့်။ :)

ဘာလို့ ဂျပန်ကို ရောက်လာမိမှန်းလည်း ကိုယ့်ကိုကိုယ် သေချာမသိပါဘူးရှင်။ ရောက်ပြီးမှတော့ ရောက်ပြီလို့သာ မှတ်လိုက်တာပဲရှင်။ ဂျပန်မှာ ရှိနေတော့ ဂျပန်နာမည် မှည့်လိုက်တာပေါ့ရှင်။
ပြည့်စုံကြွယ်ဝကုံလုံလို ကုံလုံငြား MEGUMIလို့ ပေးလိုက်တာ။ ကျမရဲ့ သူငယ်ချင်း မိတ်ဆွေတွေက မယ်ဂုမိ၊ မယ်ကုမိ၊ ဂုဂု၊ ဂုဂုလေး၊ ဂျပန်မလေး၊ တီတီ၊ မမ ၊ညီမလေး၊ ညီမလို့ မျိုးစုံခေါ်ကြတာပါပဲရှင်။

ဖုန်းလား????? (2)လုံးတော့ ရှိပါတယ်။ ဆက်မယ့်လူမရှိလို့ အိတ်ထဲ ထည့်ပြီး သိမ်းထားရတယ်ရှင့်။ သိမ်းပြီးမှတော့ မထူးတော့ပါဘူးရှင်။ ဆက်သိမ်းထားလိုက်တော့မယ်ရှင့်။

အကြိုက်ဆုံးအရောင်က အသားရောင်ရှင့်။ လိမ္မော်ရောင်၊ ခရမ်းရောင်လည်း နည်းနည်းကြိုက်တယ်ရှင့်။ မကြိုက်ဆုံးအရောင်ကတော့ ပန်းရောင်ရှင့်။ (ဟိ ဟိ ကျမ BLOG COLOR ကသာ ပန်းရောင်ဖြစ်နေတာ။)

ပစ္စည်းဆိုရင် ချစ်စရာကောင်းတဲ့အရာလေးတွေမှ ကြိုက်တယ်ရှင့်။ ပိစိကွေးလေးတွေ အရမ်းကြိုက်လို့ နေတဲ့အိမ်ဆိုလည်း မီးခြစ်ဆံပုံးလောက်မှာ နေ ၊ ဝတ်တဲ့အဝတ်ဆိုလည်း ကလေးလေးတွေ ဝတ်သလိုမျိုး ဝတ်တယ်ရှင့်။ :)

စားတဲ့အစာဆိုလည်း
သားရေစာ၊ လှတပတ ထူးထူးဆန်းဆန်း မုန့်လေးတွေဝယ်စားပြီး ထမင်းကို တနေ့တနပ်တောင် ပုံမှန် မစားဘူးရှင့်။(ထမင်းတောင် နပ်မှန်အောင် မစားနိုင်တဲ့ဘဝပေါ့ရှင်၊ :c
သားရေစာတွေပဲ စားလွန်းလို့ :p )

ကျောင်းစာက လွဲရင် ကြေငြာဆိုင်းဘုတ်က စာတောင် ဖတ်လို့ စာရေးသမျှ စာရေးဆရာတိုင်းရဲ့စာကို ကြိုက်တယ်ရှင့်။

သီချင်းက စိတ်ညစ်တဲ့အချိန် နားထောင်တတ်ပြီး နားထောင်လို့ ကောင်းတဲ့ သီချင်းမှန်သမျှ ကြိုက်ပါတယ်ရှင့်။ အဲ၊ အဆိုတော်ကတော့ ဟဲလေးနဲ့ စိုင်းစိုင်း၊ ။

မွေးနေ့လက်ဆောင်ကို အလိုချင်ဆုံးပဲ။ (ပေးမယ့်လူ မရှိလို့ :p )

ပျော်ရာမှာ မနေ၊ တော်ရာမှာနေ နေပါသည်။

အချစ်၊ အမုန်း၊ အလွမ်း၊ သံယောဇဉ်တွေကို ဖြစ်နိုင်မယ်ဆိုရင် တခုမှ မခံစားချင်ဘူးရှင့်။

တယောက်တည်း နေရတဲ့အချိန်ကို အရမ်းကြောက်ပြီး :c သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေကို အမှတ်ရနေတတ်တယ်ရှင့်။ :d

မိဘက ချီးကျူးရင် မိုးမမြင် လေမမြင် ပျော်နေတတ်ပြီး {မရောက်ဖူးတဲ့နေရာ (1)ခုကို (1)ယောက်တည်း သွားရသောအချိန်မှာတော့ ရင်ခုန်နေတတ်တယ်ရှင့်။

သူငယ်ချင်းတွေကို အရမ်းခင်လို့ ချစ်သူဆိုတာ ဘာမှန်း သေချာနားမလည်သေးဘူးရှင့်။ :p

ကိုယ့်ရဲ့ အမုန်းဆုံးသူလား??????? ဒီလူရယ်လို့ သီးသီးသန့်သန့်မရှိပါဘူးရှင့်။ စပြီး ရန်ရှာတဲ့လူ၊ ဗလောင်းဗလဲ ပြောတတ်သောလူ၊ ကြီးနိုင်ငယ်ညှင်းလုပ်သောလူ ၊ ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်မယူနိုင်သောလူတွေကိုတော့ ကြည့်မရဘူးရှင့်။ မုန်းတယ်ဆိုတာထက် ကြည့်မရလို့ ဥပက္ခာပြုထားတတ်တယ်ရှင့်။

"သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ဆွဲထားပြီး " ကံ၊ကံ၏ အကျိုး" ကို ယုံကြည်ပြီး ဝဋ်ဆိုတာ လည်တတ်ကြောင်းကိုလည်း လက်ခံနားလည်ထားပါတယ်။

အခုလောလောဆယ်တော့ ဆုတောင်း(1)ခုကို တောင်းနေမိပါတယ်ရှင့်။ :y (ကျမက ဆုတစ်ခုကိုပဲ စွဲစွဲမြဲမြဲ တောင်းလေ့ရှိတယ်ရှင့်။)

ပြောချင်တာတွေ ပြောပြီးသွားလို့ မောမောနဲ့ "အခုလို သတိတရ TAG ပေးဖော်ရတဲ့ နှင်းလေးကို ကျေးဇူးတင်ပါကြောင်း" ကို အပြောချင်ဆုံးစကားတခွန်းအနေနဲ့ ပြောလိုက်ပါတယ်ရှင့်။ :)

အပြည့်အစုံသို့....

Monday, September 8, 2008

ကျမရဲ့ အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်

ကျမရဲ့ မှတ်ဉာဏ်က တော်တော်အူကြောင်ကြောင် နိုင်တယ်သိလား။ ကျမက စာကို ကြိုပြီးကျက်လို့ မရဘူးရှင့်။ ကြိုပြီးကျက်လည်း ပြန်မေ့သွားလွန်းလို့ ကြိုကိုမကျက်တော့ဘူးသိလား။ မနက်ဖြန်စာမေးပွဲ ဖြေမယ်ဆိုရင် ဒီနေ့ညလောက်ကျက်မှ အကိုက်ပဲ။ အဲဒီလောက်ကို အနီးကပ်ကျက်မှ စာရတယ်ရှင့်။ ကျမ တွေ့ဖူး၊ကြုံဖူးတဲ့ဆရာ၊ဆရာမတိုင်းကတော့ ပြောပါတယ်။ " နင်က၊ ဉာဏ်ကောင်းတာကိုအားကိုးပြီး စာကို အာရုံစူးစိုက်မှူမရှိဘူးတဲ့။ " အဲဒီလို အပြောခံရရင် မချိပြုံးလေး ပြုံးပြရုံကလွဲလို့ ပြန်မဖြေတတ်ခဲ့ဘူး။ ဆရာ၊ဆရာမတွေ ပြောတာလည်း မလွန်ပါဘူး။ ကျမက စာဆို ကျက်ချင်စိတ်မရှိတာလည်း ပါတယ်ရှင့်။အဲ၊ ဒါပေမယ့် စာမေးပွဲကျမှာ ကြတော့ အရမ်းကြောက်တယ်။ စာမကျက်ချင်ပေမယ့် စာမေးပွဲကျမှာ ကြောက်တော့ အဲဒီစာဆိုတာကြီးကို မချစ်သော်လည်း အောင့်ကာနမ်းပေါ့ရှင်။ ဒီတော့ အတတ်နိုင်ဆုံး နေလို့ရသလောက်ကတော့ စာဆိုတာကို လှည့်ကို မကြည့်ဘူး။ မဖြစ်နိုင်တဲ့အဆုံးကြမှပဲ စာကျက်တယ်။ တော်တော်ကို ပေပေတေတေနိုင်တယ်လို့ ပြောရင်လည်း ခံရုံပဲသိလား။{" ကြိုကျက်လည်း မထူးဘူးရှင်။ ပြန်မေ့သွားတာပဲ။ ဒါကြောင့် မကျက်တာပါ "} လို့ ပြောရင် ဆင်ခြေဆင်လက် ပေးသလိုများဖြစ်နေမလားပဲ။ ဒါပေမယ့် အဲဒီဆင်ခြေအတိုင်းပဲ ကျမက စာကို ကြိုကျက်လို့မရတာပါ။

မြန်မာနိုင်ငံမှာ ကျောင်းတတ်တုန်းကတော့ တော်တော်ကို လူအမြင်ကပ်ခံရတယ်သိလား။ တက္ကသိုလ်တတ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် အိမ်ရှိပေမယ့် အဆောင်မှာနေတယ်ရှင့်။ အဆောင်ဆိုတော့ သိတဲ့အတိုင်းပဲ ဒေသစုံက လာတဲ့ လူမျိုးစုံ၊ မေဂျာစုံက လူတွေ တူတူနေကြရတာလေ။ ကျမက (3)နှစ်လုံးလုံး အဆောင်မှာသာနေတာ၊ ကျမတို့မေဂျာက လူတွေနဲ့ ဘယ်တော့မှ တူတှူ မနေဘူးသိလား။ ကျမတို့မေဂျာက လူတွေက စာကြမ်းပိုးတွေလေ။ :d အားရင် စာပဲကြည့်နေကြတာဆိုတော့ ကျမလို စာမကြည့်တဲ့လူနဲ့ အတူမနေချင်ကြဘူး။ ကျမကလည်း အားတိုင်း စာ၊စာနဲ့ အော်နေတဲ့လူတွေနဲ့ တူတူမနေချင်ပါဘူး။ ဒီတော့ သူတို့ကလည်း ကိုယ်နဲ့မနေချင်၊ ကိုယ်ကလည်း သူတို့နဲ့ မနေချင် ဆိုတော့ အတူမနေရေးစီမံကိန်းကြီးက ကန့်ကွက်မဲ့လူမရှိ အဆင်ကိုပြေလို့။ ကိုယ်ဟာကိုနေ၊ သူဟာသူနေတဲ့ကြားက ဘာလို့သူတို့က ကျမကို အမြင်ကပ်ကြတယ်လို့ ထင်ပါသလဲ။

ဟိ ဟိ၊ အဲဒါ ကျမရဲ့ အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်ကြောင့်ရှင့်။ ကျမက စာကို သူတို့လို နေ့စဉ်ရက်ဆက်မကျက်ပေမယ့် စာမေးပွဲပြီးလို့ အမှတ်စာရင်းထွက်လာရင် သူတို့ထက်မသာရင်တောင် သူ တို့အောက်မကျဘူးလေ။ ဒီတော့ ၊ အမြင်ကပ်ပြီပေါ့။ သူတို့လို နေ့တိုင်း စာလည်းမကြည့်၊ မကျက်ပဲနဲ့ သူတို့လောက်နီးပါး အမှတ်ရတယ်ဆိုတော့ ဘယ်သူမဆို မနာလိုဖြစ်ကြမှာပဲလေ။ သူတို့ခံစားချက်ကို နားတော့လည်ပါတယ် ။ ဒါပေမယ့်၊ ကျမမှာလည်း ကျမအကြောင်းနဲ့ ကျမပဲလေ။ ကြိုကျက်လည်း ပြန်ပြန်မေ့သွားတဲ့ မှတ်ဉာဏ်ကြောင့် သူတို့လို နေ့တိုင်းကျက်လို့လည်း ကျမအတွက်က မထူးဘူးလေ။ ကြိုကျက်ကျက်၊ မကျက်ကျက် ပြန်မေ့မယ့် အတူတူ၊ ကြိုမကျက်တာ ကျမအပြစ်လားနော်။ ခဏလေးနဲ့ စာရတာကတော့ မေမေမွေးကတည်းက ပါလာတဲ့ ဘုရားကပေးတဲ့ လက်ဆောင်ဆိုတော့ ကျမလည်း မတတ်နိုင်ဘူး။ သူတို့က ရယ်လည်းရယ်ရတယ် သိလား။ ကျမက စာကို ခိုးကျက်ပြီးတော့ လူအထင်ကြီးအောင် လုပ်တာဆိုပြီး အတင်းတုတ်သေးတယ်သိလား။ ကျမကတော့ ရယ်ပဲ ရယ်နေလိုက်တယ်။ ကျမအကြောင်းကို အတူနေ မေဂျာမတူတဲ့ကျမ သူငယ်ချင်းတွေ အသိဆုံးလေ။ ပြောချင်တာပြောပါစေ ဆိုပြီး လွတ်ထားလိုက်တယ်။

ကျမကလည်း " ငါ့က ဒီလိုဉာဏ်ကောင်းတာ၊နင်တို့ သိလား" ဆိုပြီး တစ်ခါမှလည်း မကြွားဘူးပါပဲနဲ့ သူတို့ဟာ သူတို့စုံစမ်း ၊သူတို့ဟာ သူတို့မနာလို၊ သူတို့ဟာ သူတို့အတင်းတုပ်နဲ့ တော်တော်လည်း စိတ်ပျက်ဖို့ကောင်းခဲ့တယ်သိလား။ သူတို့က ကျမ အဲဒီလို ခဏလေးကျက်ပေမယ့် စာရတာကို သိပေမယ့် လက်မခံနိုင်ဘူးလေ။ ကျမမှာဖြင့် စာမေးပွဲ ဖြေခါနီးဆို ပျာယာကိုခပ်နေတာပဲ။ :c သူတို့က ကြိုကျက်ထားတော့ စာမေးပွဲဖြေမယ့်နေ့ဆို အစောကြီးထဲက ရေမိုးချိုး၊ ဖြီးလိမ်းပြင်ဆင်ပြီး စာတွေက အပြန်အလှန် နွှေးနေ၊ဆိုနေကြပြီ။ ကျမမှာတော့ စာမေးပွဲဖြေခါနီး တစ်နာရီအလိုလောက်ထိ အသည်းအသန် စာကျက်နေရတုန်း။ ကိုယ့်ရဲ့အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်ကိုလည်း စိတ်တိုရင်းနဲ့ပေါ့။ ငါသာ သူတို့လိုကြိုကျက်ထားရင် အခုလိုအချိန်ဆို အေးအေးဆေးဆေးနေနိုင်ရက်သားနဲ့လို့ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း ၊စာကျက်ရင်းနဲ့ပဲ စာမေးပွဲတွေကို ဖြတ်သန်းခဲ့ရတယ်ရှင့်။

အဲ၊နောက်တစ်ခု သူတို့အမြင်ကပ်တဲ့အချက်ရှိသေးတယ်ရှင့်။ ကျမ မေမေကတော့ " လူတွေမသိစေနဲ့တဲ့၊ နင့်ကို သူများအမြင်ကပ်လိမ့်မယ်" လို့ ပြောပါတယ်။ တကယ်လည်း ၊ မေမေပြောတဲ့ အတိုင်းပဲ၊ အဲဒီအချက်ကြောင့် ကျမကို လူတော်တော်မုန်းခြင်းခံရပါတယ်။ အဲဒီအချက်ကို ကျမနဲ့မေဂျာမတူတဲ့ တဆောင်တည်းနေ ကောင်မလေး(1)ယောက်ကြောင့် တဆောင်လုံး သိသွားပြီး မနာလိုသူတွေရဲ့ စကားနာထိုးတာ ခံရပါတယ်။ ကျမရဲ့ သူငယ်ချင်းတွေက ကျမကို နားလည်ပေးလို့ တော်ပါသေးရဲ့ရှင်။ အဲဒီအချက်က ဘာလည်းဆိုတော့ ကျမအနားမှာ တယောက်ယောက်က စာလာအော်ကျက်ရင် ၊အော်ကျက်တဲ့အရေအတွက် (5)ခေါက်လောက်ရှိခဲ့ရင် အဲဒီလူ အော်ကျက်တဲ့စာကို ကျမရသွားခြင်းပါပဲရှင်။(မြန်မာလို အော်ကျက်တဲ့စာကို ဆိုလိုပါသည်။) တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်ကြောင့်ပေါ့ရှင့်။ ကျမနဲ့လည်း မဆိုင်တဲ့စာတွေကို ကျမက ရနေတော့ကော ကျမအတွက်က မလိုအပ်ဘူးလေ။ တော်တော်ကို ဒုက္ခရောက်တယ်ရှင့်။

အဲဒီကောင်မလေး က စာဆို အမြဲအော်ကျက်တယ်။ အကျယ်ကြီးပဲ သူစာကျက်ရင်။ သူက သူ့အခန်းရှိရဲ့သားနဲ့ သူ့အခန်းမှာ ဘယ်တော့မှ စာမကျက်ဘူး။ ကျမ အခန်းရှေ့မှာပဲ စာလာကျက်လေ့ရှိတယ်သိလား။ ဘာလို့လည်းဆိုတော့ ကျမအခန်းရှေ့က ဝရန်တာမလို့ပါ။ သူက ဝရန်တာမှာ စာလာကျက်တာလေ။ စာကျက်တာကနည်းနည်း ၊သူ့သူငယ်ချင်းနဲ့ စကားပြောလိုက်၊ စာကို အာပြဲကြီးနဲ့ ခဏအော်လိုက်၊ အပြင်သွားလိုက်၊ ပြန်ဝင်လာလိုက်နဲ့ မှန်ထဲကနေ မြင်နေရတဲ့ ကျမနဲ့ ကျမ အခန်းဖော်သူငယ်ချင်းကတော့ တော်တော်ကို ကြည့်လို့မရ ဖြစ်လာရော။ သူကမနက်ငါးနာရီ အဆောင်တံခါးပွင့်တာနဲ့ ဝရန်တာလာပြီး စာလာအော်ပြီလေ။ ကျမတို့မှာ အိပ်ကောင်းခြင်းလည်း မအိပ်ရ။ တကယ် စာကျက်တာဆိုရင်တော့ အပြစ်မပြောပါဘူးရှင်။ သူက လူမြင်ကောင်းအောင် ဟန်ပြစာကျက်နေတာရှင်။ဒီစာ(1)ပုဒ်ထဲကိုပဲ သူကျက်နေတာ တနေကုန်ရှိပြီ။ဘယ်လောက်ပဲ ဉာဏ်မကောင်းဘူးပဲဆိုဆို တနေကုန် ဒီတပုဒ်ထဲကို စိတ်ပါလက်ပါနဲ့ ကျက်ရင်တော့ ရသင့်ပြီလို့ ထင်တာပဲ။ မပုကြွယ်နဲ့ ခရုငယ်လိုမျိုးပေါ့နော်။ သူကတော့ မဟုတ်ပေါင်။ လူကြားကောင်းအောင်သာ အော်တာ။တကယ်ကျက်နေတာမဟုတ်မှန်း တဆောင်လုံးအသိ။ အစကတော့ သည်းညည်းခံလိုက်ပါသေးတယ်။ ငါးရက်လောက် အဲဒီလိုပဲ လုပ်လာတော့ သည်းခံနိုင်တဲ့ အတိုင်းအတာက ကုန်သွားပြီ။ အဲဒါနဲ့၊ သူစာကျက်နေတုန်း သူဆီသွားပြီး ကျမအခန်းရှေ့မှာ သူ ကျက်ခဲ့သမျှ စာတွေအကုန်လုံးကို စိတ်တိုတိုနဲ့ ဆိုပြဖြစ်လိုက်တယ်။ သူဆို အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားနဲ့။ နည်းနည်းကြာမှ ကျမကို မေးတယ်။ { "နင်၊ဘာလို့ ဒီစာတွေကို ရနေတာလဲတဲ့။ "}{ "နင့်တို့မေဂျာမှာ ဒီစာတွေပါလို့လားတဲ့။" } ကျမလည်း စိတ်ပေါက်ပေါက်နဲ့ {"နင့်ကျေးဇူးကြောင့်လို့ "။ }{" နင်၊ နေ့တိုင်းငါ့အခန်းရှေ့မှာ စာလာအော်ကျက်တော့ ငါမှာ နားမထောင်ချင်ပါပဲနဲ့၊နားထောင်နေရတာနဲ့ ရသွားတာလို့။ " }လို့ ပြောလိုက်ပါတယ်။ သူလည်း ဆွေ့ဆွေ့ခုန်သွားမယ် ထင်တယ်။ :@

နောက်နေ့ကစပြီး သူ့အခန်းထဲမှာပဲ စာကျက်တော့တယ်သိလား။ ကျမလည်း စိတ်တိုလွန်းလို့သာ အဲဒီလို လုပ်လိုက်တာ။ လုပ်ပြီးမှ မှားမှန်းသိတယ်။ သေပြီ ဆရာပေါ့။ မဆင်မခြင်လုပ်လိုက်တဲ့ ကိစ္စကြောင့် သူများစာလာအော်ကျက်တာကို နားထောင်ရုံနဲ့ ကျမ စာရမှန်း တဆောင်လုံး သိသွားတယ်။ တော်တော်လည်း အမြင်ကပ်သွားကြတယ်။ ကျမကို ပညာလာစမ်းကြတယ်။ တမင် စာလာအော်ကျက်ပြပြီး အဲဒီစာကို ကျမ ရမရ မေးမြန်းကြတယ်။ စာမေးပွဲနီးလို့ ကျမစာကျက်နေရင် { "မကျက်နဲ့လေ၊" }{ "နင်က ဉာဏ်ကောင်းပြီးသားပဲ " " ကျက်မနေပါနဲ့ " }ဆိုပြီး ရွဲ့ကြတော့တယ်သိလား။ ဘယ်လောက် ဉာဏ်ကောင်းတယ်ပဲဆိုဆို ၊စာမကျက်လို့ ကတော့ စာမေးပွဲမအောင်နိုင်ပါဘူးရှင်။

တကယ်ဆို၊ စိတ်တိုတိုနဲ့သာ သူရှေ့မှာ စာသွားဆိုပြခဲ့တာပါ။ သူ့ကို အရှက်ကွဲစေချင်တဲ့ ဆန္ဒလည်း ကျမမှာ မရှိခဲ့ပါဘူး။ သူ့သူငယ်ချင်းတွေ မရှိတဲ့ အချိန်၊ သူတယောက်တည်းရှိတဲ့ အချိန်ကိုရွေးပြီး စာသွားဆိုပြခဲ့တာပါ။ ကျမဖြစ်စေချင်တာက စာကို အမှန်တကယ် ကျက်ဖို့၊ ဟန်ပြ ကျက်တာဟာ ကိုယ်လည်း စာမရသလို ၊ သူများကိုလည်း ဒုက္ခပေးရာ ရောက်တယ်ဆိုတာကို သူသိစေချင်ခဲ့တာပါ။ ဒါပေမယ့်၊ ကျမပြန်ရလိုက်တာကတော့ ကျမ စာကျက်ပြီဆိုတာနဲ့ သူ့သူငယ်ချင်း တယောက်ယောက်က ရောက်လာပြီး စာမကျက်ဖို့၊ မကျက်လည်း ရနေလို့ ကျက်စရာ မလိုကြောင်း လာပြောတာကို ခံရတာပါပဲ။ ကျမမေမေဆို ဆူလိုက်တာ အရမ်းပဲ။ မသိအောင်နေပါလို့ ပြောထားရဲ့သားနဲ့ မဆင်မခြင် လျှောက်လုပ်လို့လေ။ ကျမလည်း တော်တော် နောင်တရပါတယ်။ :c ဒါပေမယ့်၊ မတတ်နိုင်တော့ဘူးလေ။ ကိုယ့်မှတ်ဉာဏ်က အဲဒီလိုဆိုတော့လည်း အပြောခံရုံ၊ အရွဲ့ခံရုံပဲ ရှိတော့တာပေါ့။

ကျမရဲ့ အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်က ဂျပန်မှာတော့ တော်တော်အသုံးဝင်တယ်ရှင့်။ ကျမလို ကြိုကျက်လည်း စာမရတဲ့ သူအတွက် ဂျပန်ပညာရေးက အံဝင်ခွင်ကြဖြစ်လို့။ :p ကျမ တက်တဲ့ ကျောင်းမှာက စာဆို အကုန်ကျက်စရာမလိုဘူးရှင့်။ ကြည့်ရုံပဲ။ ကြည့်ပြီးတော့ စာမေးပွဲနားနီးမှ(အများအားဖြင့် တပတ်အလိုလောက်မှ) ဆရာ၊ဆရာမက Reportတင်ရမယ့် ခေါင်းစဉ်ပေးတယ်။ ခေါင်းစဉ်က သင်ထားတဲ့ စာထဲမှာ မပါဘူး။ ဒါပေမယ့် သူတို့ သင်တဲ့ မေဂျာနဲ့တော့ သက်ဆိုင်တဲ့ ခေါင်းစဉ်ပေါ့။ သင်ထားသမျှ စာတွေ အကုန်လေ့လာ၊ Internetထဲမှာ ရှာ၊ ကိုယ်ထင်တာကိုယ်ရေး၊ မှန်လား၊ မှားလားလည်း မသိ၊ သူငယ်ချင်းနဲ့လည်း တူတူကျက်စရာမလို (တူလို့ မရဘူးလေ။ကိုယ့်Ideaနဲ့ ကိုယ်ရေးရတာဆိုတော့)
တချို့ ဆရာ၊ ဆရာမဆိုရင် စာမေးပွဲလည်းစစ်သေး၊ ခေါင်းစဉ်လေးတောင် မပြောပြဘူး။ အကုန်ကြည့်တဲ့။ သင်ထားသမျှ စာရွက်စာတမ်းတွေ ယူခွင့်ပေးလို့ တော်ပါသေးရဲ့။ :y

ဘာပဲပြောပြော ဘယ်လောက်ကောင်းလဲ။ ကျမလို စာကြိုမကျက်ချင်တဲ့လူ ၊ ကြိုကျက်လည်း ပြန်မေ့တတ်တဲ့လူအတွက်တော့ ဂျပန်ပညာရေးက တော်တော်ကို အဆင်ပြေပါတော့တယ်ရှင်။
;)

အပြည့်အစုံသို့....

Sunday, September 7, 2008

ဆရာကြီးမီခေးလ်မိုးပြေးအား TAG ခြင်း

ဟိ ဟိ သူများတွေ TAG လို့ ကျမလည်း TAG ကြည့်လိုက်တာ ပျော်စရာကြီးသိလား။ အခု TAG ရောဂါပိုးဝင်သွားလို့ နောက်ထပ်(1)ယောက်ကို ထပ် TAG လိုက်ပါတယ်ရှင်။ ဒီတစ်ခါ အလှည့်ကျတဲ့လူကတော့ မီခေးလ်မိုးပြေး(ခေါ်) ကိုမိုးပြေးကြီးပဲ ဖြစ်ပါတယ်ရှင်။ သူက အရင်တုန်းက ကဗျာရေးတာရှင့်။ (ဟိ ဟိ၊ ဖွလိုက်ပြီ။) ;) အခုမှသာ ဆရာကြီးစတိုင်ဖမ်းပြီး ကွန်ပြူတာနဲ့ ပါတ်သတ်တာတွေ ရေးနေတာသိလား။ (ဒီလိုပြောလို့ စိတ်မဆိုးရဘူးနော်၊ ဆရာကြီးမီခေးလ်မိုးပြေး) ။ :p သူက ကဗျာရေးတာလည်း တော်တယ်ရှင့်။ ကျမတောင် သူ့ကဗျာ (1)ပုဒ်ကို ကြိုက်လို့ သူ့ဆီကနေ ခွင့်တောင်းပြီး တင်ဖူးပါသေးတယ်။ အဲဒီလို ကဗျာရေးလည်း တော်တဲ့လူ တစ်ယောက်ကို ကျမက ကဗျာတစ်ပုဒ်လောက် ရေးပေးဖို့ TAG ချင်ပါတယ်ရှင်။ တောင်းဆိုတာ နည်းနည်းများလွန်သွားပြီလားတော့ မသိဘူး။ :y ဖြစ်နိုင်မယ်ဆိုရင် ကဗျာ တစ်ပုဒ်လောက် ရေးပေးစေချင်ပါတယ်ရှင်။ ကိုမိုးပြေးရဲ့ BLOG (4)လ ပြည့်လည်း မလုပ်ရသေးဘူးမဟုတ်လား။ အထိမ်းအမှတ်ကဗျာလေး တစ်ပုဒ်ပေါ့ရှင်။

စကားမစပ်၊ အရင်တုန်းက ကိုမိုးပြေးဆီက ခွင့်တောင်းပြီး ကျမတင်ခဲ့ဖူးတဲ့ ကဗျာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ကဗျာခေါင်းစဉ်က ကြယ်စင်လေး..............တဲ့။

ကြယ်စင်လေး
မင်းရောင်စဉ်ကြောင့်
ငါ့ဘ၀ရဲ့ အချစ်သံစဉ်တွေ
အသက်ဝင်ခဲ့ရတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ရဲ့ လှပမှုနဲ့
တစ်ရံရောအခါက ငါ့ဘဝ
တောက်ပခဲ့ဖူးတယ်

ကြယ်စင်လေး
မင်းရောင်စဉ်ကို
လိုချင်တမ်းတစွာ
မရေတွက်နိုင်တဲ့ ညတွေမှာ
ကြိမ်ဖန်များစွာ ငိုခဲ့ဖူးတယ်

မင်းသိပါရဲ့လား ကြယ်စင်လေးရယ်
မင်းရောင်စဉ်ရဲ့
ကြင်နာမှုဟာ
ငါ့ရဲ့ ရင်မှာ
နာကြင်မှုတွေ
ဖန်တီးထားရစ်ခဲ့တယ်ဆိုတာ...

အပြည့်အစုံသို့....

Saturday, September 6, 2008

Tag လိုက်ပါပြီရှင်။

ဟိုတနေ့(31.8.2008)က မီးငယ်လေးရဲ့ ကောင်းမှုကြောင့် မကြီးမငယ်နဲ့ (ရေးပေးပါ) ကို ရေးခဲ့ပါတယ်။ သူမလေးက ကိုယ့်မမကို တကူးတက လာရောက်ပြောကြားထားမှတော့ သူမရဲ့ ဂရုစိုက်မှုလေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြန်ဖြေပေးလိုက်တာပါ။ တကယ်တော့၊ ကျမက (ရေးပေးပါ)ဆိုတာကြီးကို အရမ်းကြောက်ပါတယ်။ ကိုယ်ကလည်း မလိမ်တတ်တဲ့သူဆိုတော့ အမှန်အတိုင်းတွေ အကုန်ရေး၊ တော်ကြာ {သူများတွေ ရယ်တာခံရမလား၊ မကောင်းထင်ခံရမလားပေါ့။ } :y တွေးကြည့်လိုက်သေးပါတယ်။ ဒါပေမယ့်၊ လူကြားကောင်းအောင်လည်း မရေးတတ်တော့ မထူးတော့ပါဘူးဆိုပြီး အမှန်အတိုင်းပဲ ရေးထည့်လိုက်ပါတယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့လေ။ :p
အဲ၊ ကျမကသာ လျှောက်ပြီး တွေးပူနေမိတာပါ။ Blogger မောင်နှမတွေကတော့ သူတို့ကို Tag တဲ့လူ၊ သူတို့က Tag တဲ့လူနဲ့ အလုပ်တွေကို ရှုပ်လို့ ။ ပျော်လည်း ပျော်နေကြပုံပဲ။ သူတို့ကို ကြည့်ပြီး ကျမတောင် ပျော်ရွှင်လာတယ်သိလား။ တယောက်က Tagလိုက်တဲ့ ကိစ္စတစ်ခုကို လူအများက တတ်ညီလက်ညီ၊ စည်းစည်းလုံးလုံးနဲ့ ပြန်ပြီး တုန့်ပြန်နေကြတာ မြင်ရတော့ {ဒီလိုကြတော့လည်း မြန်မာBloggerလောကကြီးက ပျော်စရာကြီးပါလား}လို့ ထင်မိပါတယ်။ [စကားချပ်၊ ကိုရင်ညိန်းရဲ့ အငြိမ့်ကလည်း မြန်မာတွေရဲ့ ချစ်ကြည်ရင်းနှီးမှုမှတ်တိုင်တခုအဖြစ် မြန်မာBloggerလောကမှာအမြဲ ထင်ကျန်နေမယ်လို့ ကျမ ထင်မိပါတယ်။]ကျမက မြန်မာBloggerလောကထဲ ဝင်လာတာ သိပ်မကြာသေးဘူးဆိုတော့ Tag ခြင်းကိစ္စကို မသိခဲ့ပါဘူး။ မီးငယ်လေးရဲ့ Tag ခြင်းခံရတာဟာ ကျမအတွက်တော့ ပထမဆုံး Tag ခံရခြင်းပဲလေ။ အဲဒီလို Tag ခံရရင် ကျန်တဲ့လူတွေကို ပြန်Tag လို့ရတယ်တို့ ဘာတို့လည်း မသိခဲ့ပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကလည်း အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် Tag ကြတာဟာ ပေါ်ပြူလာဖြစ်ခဲ့ပုံရပါတယ်။ ကျမက မသိခဲ့တော့ တစ်ယောက်ကိုမှ ပြန်မTag ခဲ့ဘူးလေ။ အဲဒီလို လုပ်လို့ရတယ်ဆိုတာ သိလည်းသိရော၊ ကျမနဲ့ သိတဲ့လူတော်တော်များများက Tag ခြင်းခံရလို့
ရေးပြီးကုန်ပါပြီ။ ဘာပဲပြောပြော ကျမလည်း Tag ချင်တာပေါ့နော်။ ဒီတော့ ဘယ်သူ့ကို ဒုက္ခပေးရရင် ကောင်းမလဲ၊ အဲလေ ဟုတ်ပါဘူး၊ ဘယ်သူ့ကိုTag ရင် ကောင်းမလဲဆိုတာကို ပိုက်စိပ်တိုက်ပြီး လိုက်ရှာတော့တာပေါ့။
ဘယ်ပြောကောင်းမလဲ။ (ပျောက်သောသူ ရှာရင်တွေ့)ဆိုသလိုပဲ အခုချိန်ထိ ကံကောင်းစွာနဲ့ Tag မခံရတဲ့၊ အငြိမ့်လည်း မကရသေးတဲ့ လူတစ်ယောက်ကို ရှာတွေ့ပါပြီရှင်။
ဒန် တန့် တန့်~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကံဆိုးသူမောင်ရှင်(သို့)ကံကောင်းသူ မောင်ပေါက်ကျိုင်းလေးက ဘယ်သူလို့ ထင်ပါသလဲရှင်။
{အစကတော့ ပဟေဠိလေးဘာလေး ဝှက်မလို့ပဲ။ ဒါပေမယ့် မဝှက်တတ်လေတော့ ဘယ်သူလည်းဆိုတာကို ပြောပြရတော့မှာပေါ့ရှင်။} ;)

သူကတော့ ကိုအောင်ဦးပါတဲ့ရှင်။
တရားBlogလေးရေးပြီး အေးအေးချမ်းချမ်း နေနေတဲ့ သူ့ကိုမှ ကျမကလည်း အလိုက်မသိ Tag ချင်တယ်လေ။

အားတော့နာပါတယ် ကိုအောင်ဦးရေ။ အလှည့်ကြရင် မနွဲ့စတမ်းပေါ့ရှင်။ :p :p
ကျမ ရေးထားတာလေးကို နမူနာ ကြည့်ပြီးတော့ မေးခွန်းလေးတွေကို ဖြေပေးပါရှင်။ ကိုအောင်ဦး ကူညီမယ်လို့ ယုံကြည်နေပါတယ်ရှင်။

ကိုယ့်ရဲ့နာမည်….....................................Megumi
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်…........................မယ်ဂုမိ၊ မယ်ကုမိ၊ ဂုဂု၊ ဂုဂုလေး၊ဂျပန်မလေး၊ တီတီ၊ မမ ၊ညီမလေး၊ ညီမ
ကိုယ်ဒီမှာနေတယ်…............................. အခုလောလောဆယ်တော့ ဂျပန်မှာပေါ့။
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….......................0081-90-1122-2211(တကယ်မဆက်နဲ့နော်၊အဲဒီဖုန်းနံပါတ်က မရှိဘူးသိလား ) :p
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက……..
အရောင်ဆိုရင်…............................ အသားရောင် (ကိုယ့်အသားနဲ့ တထပ်တည်းလို့ သူများပြောလို့ :p )
အ၀တ်အစားဆိုရင်…........................... ကလေးမဟုတ်ပေမယ့် ကလေးလေးတွေ ဝတ်သလိုမျိုးဝတ်ပါတယ်။(ဂျပန်မှာတော့ ဘာဝတ်ဝတ်၊Ok နေတုန်းပဲ။) ;)
အစားအစာဆိုရင်…...............................ကြေးအိုးဆီချက်၊ ဒိန်ချဉ်၊ ပဲမြစ်ပြုတ်၊ ထိုးမုန့်၊ ရှောက်သီးသုပ်၊ ပျားရည်စိမ်မက်မန်းသီး(လောလောဆယ်၊စားချင်တာတွေ)( နောက်ထပ်အများကြီး ကျန်သေးတယ်သိလား)
ပစ္စည်းဆိုရင်…..................................အရုပ်၊ ဖိနပ်၊ နာရီ၊ ဦးထုပ်၊ အိတ်၊ လက်ကောက်
သီချင်းဆိုရင်…...............................နားထောင်လိုက်လို့ နားထဲဝင်နိုင်တဲ့ သီချင်းဆို ဘယ်သူဆိုဆို အားပေးသည်။
စာရေးစာဆရာ…................................. ဂျူး၊ ရှင်မိုး၊ လမင်းမိုမို၊ ခင်ဦးခင်ခင်၊ လွန်းထားထား၊ ပုဏ္ဏမီ၊ နီကိုရဲ၊တာရာမင်းဝေ ၊(အမလေး၊ မရေးနိုင်တော့ဘူး၊ အများကြီးကျန်သေးတယ်။ စာဆိုရင် ကြေငြာဆိုင်းဘုတ်ကစာတောင် ဖတ်တော့ စာရေးတဲ့လူမှန်သမျှ အကုန်ဖတ်၊ အကုန် ကြိုက်)
စာအုပ်…......................................ကံကြမ္မာကို မယုံကြည်သူများ
Life style…................................ ရှိတာနဲ့ ရောင့်ရဲတင်းတိမ်နိုင်အောင် ကြိုးစားနေ၏။
ကိုယ့်ရဲ့ဝါသနာ…................................ထူးထူးဆန်းဆန်း လုပ်ရတာကို အပျော်ဆုံးပဲ။
အလိုချင်ဆုံးလက်ဆောင်….................................. မွေးနေ့လက်ဆောင်
ကိုယ့်ရဲ့ အချစ်ဆုံးသူက…..................................... ဖေဖေ
ကိုယ့်ရဲ့ အလေးစားဆုံးသူက…................................... မေမေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…........................ (3)ယောက်တောင်ရှိတယ်။ တူတူခင်တယ်။ (လာအော်မှာစိုးလို့)
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက…............................. ;)
ကိုယ့်ရဲ့ အမုန်းဆုံးသူက …............................................. စပြီး ရန်ရှာတဲ့လူ၊ ဗလောင်းဗလဲ ပြောတတ်သောလူ၊ ကြီးနိုင်ငယ်ညှင်းလုပ်သောလူ ၊ ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်မယူနိုင်သောလူ။
မကြိုက်ဆုံးအရာ…............................... ဆန်ပြုတ် သောက်ခြင်း၊ နှုတ်ခမ်းနီ ဆိုးခြင်း ၊ ပြောချင်တာကို ပြောခွင့်မရခြင်း။
ရင်အခုန်ဆုံးအချိန်….......................................... အပြင်ထွက်ခါနီးအချိန် {မရောက်ဖူးတဲ့နေရာ(1)ခုကို (1)ယောက်တည်း သွားရသောအချိန် }
အကြောက်ဆုံးအချိန်…................................. တယောက်တည်း နေရတဲ့အချိန်
အပျော်ဆုံးအချိန်…................................... မိဘက ချီးကြူးတဲ့အချိန်၊
အမှတ်တယနေ့…......................................... နေ့တိုင်းကို အမှတ်ရနေပါတယ်။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…....................ကိုယ့်လောက်မှ မသိ၊မတတ်တဲ့လူရဲ့ လက်အောက်ခံဘဝ မရောက်ပါရလို၏။ :y
အချစ်ဆိုတာ…................................ အချစ်ပေါ့ကွယ်
အမုန်းဆိုတာ…..................................... ပူလောင်တယ်။
အလွမ်းဆိုတာ….................................. မရှိမကောင်း ရှိမကောင်း
သံယောဇဉ်ဆိုတာ…................................... ရှိသင့်တဲ့အရာ
ဘ၀ဆိုတာ…........................................ဖြစ်ချင်တိုင်း မဖြစ်ရတဲ့အရာကို ခေါ်၏။
သူငယ်ချင်းဆိုတာ…...................................... အရေးကြီးဆုံး
ချစ်သူဆိုတာ…..................................သေချာမသိ(မပြောပြတတ်လို့)
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်….................................အူကြောင်ကြောင် ကောင်မလေး
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…................................သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်။
အပြောချင်ဆုံးစကားတစ်ခွန်း…............................... ဝူး မောလိုက်တာ (အများကြီးပြောပြီးသွားလို့ )

အပြည့်အစုံသို့....

 

Design By:
SkinCorner