Saturday, January 31, 2009

”နန်းခင်းနန်းမင်း ”(年金難民)”

နန်းခင်း(年金)ဆိုတာ နှစ်စဉ် နှစ်တိုင်းပေးဆောင်ရတဲ့ အခွန်တစ်မျိုးပါ။။ ဝင်ငွေအနည်းအများပေါ် မူတည်ပြီး ”တစ်လမှာ ဘယ်လောက်”လို့ သတ်မှတ်ခံရပြီး ပေးချေရလေ့ရှိပါတယ်။  အဲဒီအခွန်ကို လစဉ်ရက်ဆက်ပေးဆောင်ခဲ့ရင် အသက်အရွယ်ကြီးပြင်းလာတဲ့အခါမှာ ပြန်လည်အကျိုးခံစားခွင့်ရှိပါတယ်။ ယေဘူယျအားဖြင့် အသက်(60) အရွယ်မှ စပြီး ကိုယ်ဆောင်ထားတဲ့ အခွန်နဲ့ သင့်လျော်တဲ့ပိုက်ဆံကို ပြန်လည်ရရှိပါတယ်။ အပြည့်အဝပြန်ရတာတော့မဟုတ်ပါဘူး။ အသက် (20)ကစပြီး အသက် (60)ထိ အခွန်ဆောင်ခဲ့တဲ့ သက်တမ်းထဲက တစ်ချို့တစ်ဝက်ပြန်ဝင်လာတဲ့သဘောပါ။

ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ အဘိုးကြီး၊ အဘွားကြီးတွေ အသက်အရွယ်ကြီးပြင်းလာလို့ သားသမီးက မပြုစု မစောင့်ရှောက်တဲ့အခါ ဒုက္ခမရောက်အောင် စီစဉ်ပေးထားတာလို့ ထင်ပါတယ်။

အသက်နှစ်ဆယ်ရောက်မှ တရားဝင်အရွယ်ရောက်တဲ့ ဂျပန်နိုင်ငံဟာ အရွယ်ရောက်တာနဲ့ ကိုယ့်လမ်းကို လျှောက်ကြတဲ့လူတွေချည်းပါပဲ။ မိဘနဲ့ အတူနေတဲ့လူဆိုတာ တော်တော်နည်းပါးပါတယ်။ မိဘကို ထောက်ပံ့တဲ့လူလည်း ရှိပေမယ့် မြန်မာနိုင်ငံမှာလို အပြည့်အဝတော့ ပြန်လည်အလုပ်အကျွေးပြုတာမျိုးတော့ နည်းပါးပါတယ်။ ဒီတော့၊ မိဘတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ရှေ့ရေးကို ဆက်လျှောက်ကြရပါတယ်။ အသက် (60)အရွယ်ထိတော့ အလုပ်ကောင်းကောင်းလုပ်နိုင်သေးတော့ ဘာပြဿနာမှ သိပ်မရှိပေမယ့် ခြောက်ဆယ်ကျော်သွားတဲ့ အရွယ်မှာတော့ အလုပ်လည်း ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ ဝင်ငွေလည်း မရှာနိုင်တော့ပါဘူး။ အဲလိုအချိန်မှာ နန်းခင်း(年金)က ရတဲ့ဝင်ငွေတစ်ခုတည်းလေးကိုပဲ အမှီသဟဲပြုပြီး နေထိုင်သွားကြရတာပါ။

အခုလောလောဆယ် နန်းခင်း(年金)က ပြဿနာတက်နေပါတယ်။ ကိုယ်ရသင့်ရထိုက်တဲ့ ပိုက်ဆံတွေဟာ ရရှိမနေပါဘူးတဲ့။ အကြောင်းအမျိုးမျိုး ပြပြီး ရသင့်ရထိုက်တဲ့ ငွေပမာဏကို အပြည့်အဝမပေးပဲနေနေတဲ့အတွက် အသက်အရွယ်ကြီးမြင့်ပြီး နန်းခင်း(年金)တစ်ခုတည်းနဲ့ စားသောက်နေရတဲ့ လူတွေဟာ အကြီးအကျယ် ဒုက္ခရောက်နေကြပါတယ်။ တစ်ချို့ကြတော့လည်း ပြန်ရတဲ့ ပိုက်ဆံက ယန်း(5)သောင်းတောင်မပြည့်တော့ အသက်အရွယ်ကြီးမှ ကိုယ်စားဖို့အတွက် စားစရာတွေကို ခြံထဲမှာ စိုက်ပြီး စားနေရပါတယ်။ ရေ၊မီး အစရှိတာတွေကို ပိုက်ဆံမဆောင်နိုင်လို့ တစ်ပတ်မှာတစ်ခါသာ အသုံးပြုနေရတဲ့လူတွေလည်း မနည်းပါဘူး။ ဒီ့အပြင် ဂျပန်မှာ နေရင် နေစရိတ်၊ စားစရိတ် ဈေးကြီးလွန်းလို့ နေထိုင်စရိတ်သက်သာတဲ့ တစ်ခြားနိုင်ငံ(အထူးသဖြင့်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် ) စတဲ့ အာရှနိုင်ငံတွေမှာ ပြောင်းရွှေ့နေထိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း တစ်နေ့တစ်ခြားတိုးပွါးလာနေပါသတဲ့။

အဲလို ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို ”နန်းခင်းနန်းမင်း ”(年金難民)”လို့ ခေါ်ပါတယ်။ တော်တော် သနားဖို့ကောင်းပါတယ်။ သက်ကြီးရွယ်အိုဖြစ်မှ ဆင်းရဲ ဒုက္ခ ရောက်နေကြရှာတယ်။ အိုဇာတာမကောင်းရှာဘူးလို့ ပြောရမလားပဲ။ ဒီလောက် ခေတ်မီတိုးတက်တဲ့ နိုင်ငံမှာ ဒီလိုမျိုးတွေလည်း ရှိနေသေးတာသိရတော့ တော်တော် သံဝေဂရပါတယ်။ ဒီလိုဆိုတော့ မြန်မာနိုင်ငံကမှ ကောင်းပါသေးတယ်။ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် မိဘကို မျက်နှာလွဲခဲပစ်လုပ်ရက်သူ ဘယ်နှစ်ယောက် ရှိလို့လဲနော်။

မှတ်ချက်၊ တီဗွီမှာ လာသွားသော ”နန်းခင်းနန်းမင်း ”(年金難民)”အစီအစဉ်ကို ကောက်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။

စကားမစပ်၊ ဘလော့ကို စိတ်ညစ်ပေမယ့် ပြန်ရေးမိပြန်ပြီ။ ပို့စ်မရေးရရင်မနေနိုင်တာ ဘာရောဂါမှန်းမသိ။ ဟင့် ဟင့်။

အပြည့်အစုံသို့....

Monday, January 26, 2009

အခုတော့ တာ့တာ ဘိုင်းဘိုင်..................................

အခုတလော ဘာတွေမှန်းမသိဘူး။ အရမ်းကို အလုပ်ရှုပ်တယ်။ အလုပ်ရှုပ်တော့ အချိန်မရှိ။ ဒီကြားထဲ ပြဿနာပေါင်းစုံနဲ့ စိတ်လည်းရှုပ်ပါ့။ စိတ်ရှုပ်တော့ ပို့စ်ရေးချင်စိတ်မရှိ။ ရေးတဲ့စာတွေကလည်း ဟိုရောက်ဒီပေါက်။ အရင်ကလိုလည်း တစ်နေ့တစ်ပုဒ် ရေးချင်စိတ်လည်းမရှိတော့ဘူး။ စာရေးရတာ ပျော်လည်း မပျော်တော့ဘူး။ တစ်ဖြည်းဖြည်းနဲ့ ဘလော့ကိုလည်း သံယောဇဉ်မရှိတော့ဘူး။ ကိုယ့်ဘလော့ကို စိတ်ညစ်တာနဲ့ တစ်ခြားဘလော့တွေတောင် သွားမလည်ဖြစ်တော့ဘူး။ ဒါကြောင့်၊ အပေါင်းအသင်းတွေတောင် တစ်နေ့တစ်ခြား နည်းပါးလာပြီ။ ဟင့် ဟင့်။ ဘယ်လိုအခြေအနေချည်းမှန်းမသိဘူး။ စိတ်ညစ်စိတ်ရှုပ်စရာကြီး။

ခဏ အနားယူတာပဲ ကောင်းမယ်လို့ တွေးနေမိပြီ။ :d

နှုတ်ဆက်ခဲ့ပါတယ် ဘလော့လောကကြီးရယ်။  စိတ်မပြတ်ရင်တော့ ပြန်လာပါမယ်။

အခုတော့ တာ့တာ ဘိုင်းဘိုင်။ bye

အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်။ thank u

အပြည့်အစုံသို့....

Sunday, January 25, 2009

နားလည်မှု.................................

နားလည်မှု.................................

အပြောလွယ်သလောက် လက်တွေ့ကျင့်သုံးရန် အင်မတန်ခက်ခဲတဲ့အရာပါ။ လူတစ်ယောက်နဲ့တစ်ယောက်က ဘယ်နည်းနဲ့မှ အမြင်ချင်းထပ်တူမကျနိုင်ပါဘူး။ ဒီလိုပဲ ညှိယူကြရမှာပါ။ ကိုယ်လုပ်တာနဲ့ တစ်ထပ်တည်းမကျတာနဲ့ တစ်ခြားသူလုပ်တဲ့အရာတွေဟာ အမှားတွေပါလို့ တရားသေစွပ်စွဲလို့ မဖြစ်နိုင်ပါဘူး။ အမြင်မတူတဲ့ လောကကြီးမှာ လူသားတိုင်း၊ လူသားတိုင်းဟာကိုယ့်ခံယူချက်နဲ့ ကိုယ်တော့ မှန်ကန်နေကြတာပါပဲ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သတင်းတစ်ပုဒ်ဖတ်ဖူးပါတယ်။ သင်ခန်းစာတစ်ခုအနေနဲ့ ဖတ်ခဲ့ရတာပါ။ ထိုင်းတွေရဲ့အမြတ်တနိုးထားတဲ့ မြတ်စွာဘုရားရဲ့ ဦးခေါင်းတော်ပေါ်မှာ အနောက်နိုင်ငံသားတစ်ဦးကထိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံအကြောင်းပါ။ (ဗွီဒီယိုဇာတ်ကားတစ်ခုရဲ့ ကြေငြာပိုစတာတစ်ခုလို့ ထင်ပါတယ်။ ကြာပြီဖြစ်လို့ သေချာတော့မမှတ်မိတော့ဘူး။  :dဒါပေမယ့် အဲဒီပိုစတာပေါ်က အကြောင်းအရာနဲ့ ပတ်သက်လို့ကတော့ အခုချိန်ထိ မမေ့သေးပါဘူး။ )အဲဒီပိုစတာကြောင့် အကြီးအကျယ် ပြဿနာဖြစ်ခဲ့ကြပါတယ်။ ကိုယ်အလေးအမြတ်တန်ဖိုးထားတဲ့အရာတစ်ခုကို သူတပါးတိုင်းတပါးလူမျိုးက ထိုင်ခုံတစ်ခုံအနေလောက်နဲ့ပဲ သဘောထားခဲ့လို့ ထိုင်းတွေ ပေါက်ကွဲခဲ့ကြပါတယ်။ တစ်ဖက်က နိုင်ငံခြားသားက ထိုင်းဘက်က ကြည့်ရင်တော့ သူတပါးယဉ်ကျေးမှုကို စော်ကားရိုင်းပျတဲ့ လူတစ်ယောက်အဖြစ် မြင်ခြင်းခံခဲ့ရပါတယ်။

အဲဒီသတင်းနဲ့ ပတ်သတ်ပြီးနိုင်ငံအသီးသီးကလာတဲ့ ပညာတော်သင် ကျောင်းသားတွေ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်သူမှန်သလဲပေါ့။ 1နာရီ 45မိနစ်သင်ရတဲ့သင်တန်း နှစ်ခါမြောက်ပြီးသွားတာတောင် တိကျတဲ့အဖြေမထွက်လာပါဘူး။ ဟုတ်တယ်လေ။ နားမှမလည်ပေးခဲ့ကြတာကိုး။ ကိုယ့်အထင်၊ ကိုယ်ပြော၊ ကိုယ်ထင်တာကို အမှန်လို့ သတ်မှတ်ပြီး ဆွေးနွေးခဲ့ကြတော့ ဘယ်မှာလာပြီး အဖြေထွက်ပါလိမ့်မလဲ။

နောက်ဆုံးဆရာမရှင်းပြမှပဲ အားလုံးနားလည်လက်ခံပေးလို့ရတော့တယ်။ ဆရာမကပြောပါတယ်။
ထိုင်းတွေက သူတို့အမြတ်တနိုးထားတဲ့ ဘုရားဦးခေါင်းတော်ကို ထိုင်ခုံတစ်ခုံလို အသုံးချခဲ့တဲ့လူကို စိတ်ဆိုးတာ ထိုင်းတွေရဲ့အပြစ်မဟုတ်ဘူး။ အဲဒီလိုပဲ အနောက်နိုင်ငံသားအနေနဲ့လည်း သူ့ဘာသာ၊ သူ့ယဉ်ကျေးမှုမဟုတ်လို့ ဘုရားဦးခေါင်းတော်ပေါ်မှာ ထိုင်တာဟာ ကြီးမားတဲ့အပြစ်ဆိုတာကို နားမလည်တာ သူ့အပြစ်မဟုတ်ဘူး။ တစ်ကယ်တော့ ပြဿနာက မတူညီတဲ့ ယဉ်ကျေးမှုကြောင့် ဖြစ်ပွါးခဲ့ရတာပါ။

"မတူညီတဲ့ ယဉ်ကျေးမှုကို တူညီအောင် ၊ တစ်ထပ်တည်းကျအောင် လုပ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီတော့ အပြန်အလှန် နားလည်ပေးရမယ်။ သူ့ယဉ်ကျေးမှုကို ကိုယ်က နားလည်လက်ခံပြီး အမြတ်တနိုးထားတဲ့အရာတစ်ခုကို လေးစားပေးရမယ်။

ကိုယ့်အတွက် ဘာမှအရေးကြီးတဲ့အရာမဟုတ်ပေမယ့် သူတပါးအတွက် အရေးကြီးတဲ့အရာ ဖြစ်ခဲ့လျှင် ကိုယ်ကပါ တန်ဖိုးထားပေးရမယ်။

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားကြမယ်ဆိုရင် ဘယ်လောက်ကြီးမားတဲ့ ပြဿနာပဲဖြစ်ဖြစ် အလွယ်တကူဖြေရှင်းနိုင်မှာပါ။"



ဆရာမပြောတာ မှန်ပါတယ်။ လူတွေဟာ ကိုယ့်အယူအဆနဲ့ မတိုက်ဆိုင်တိုင်းသာ တစ်ဖက်လူမှားတာ................လို့ ဆုံးဖြတ်ခဲ့ရင် ဘယ်တော့မှ ငြိမ်းချမ်းရေးကို ရမှာမဟုတ်ပါဘူး။ မှန်ထဲမှာ မြင်ရတဲ့ ကိုယ့်ပုံရိပ်တောင် ဘယ်ညာကွဲသေးတာ။ များပြားလှတဲ့ ဓလေ့ထုံးစံ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးက လူသားတွေဟာ မတူညီတဲ့စိတ်နေစိတ်ထားတွေကို တစ်ဦးနဲ့တစ်ဦးအပြစ်မတင် ရန်မစောင်ပဲနဲ့ အပြန်အလှန်နားလည်လက်ခံပေးခဲ့ရင် ကမ္ဘာကြီးက ထာဝစဉ် ငြိမ်းချမ်းနေမှာပါ။

အပြည့်အစုံသို့....

Thursday, January 22, 2009

ဂျပန်တက္ကသိုလ် တက်ချင်ပါလျှင်


22 Jan 09, 19:40
ဇာလေး: အမ ဂျပန်မှာရှိတဲံ Uni တွေရဲ့ website ဥိချင်လို့ပါ။ အဆင်ပြေရင်။ ညီမတစ်ယောက်က ဂျပန် Uni တတ်ချင်တယ်ပြော
22 Jan 09, 19:41
ဇာလေး: လို့ပါ။ ဘယ်လို try ရမယ်ဆိုတာလေးပါ သိချင်ပါတယ်။
22 Jan 09, 19:42
ဇာလေး: အမ ဆင်ပြေရင်ပြောပေးပါနော်။


ဟုတ်ကဲ့ ၊ အခုလို လာရောက်မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျမသိသလောက် ပြောပေးပါမယ်ရှင်။ နောက်ထပ်သိချင်တာများရှိရင်လည်း အားမနာတမ်း မေးမြန်းနိုင်ပါတယ်။

မဇာလေးကို ပြောကြားဖြေဆိုရင်းနဲ့ ဂျပန်မှာ တက္ကသိုလ်တက်ချင်တဲ့ တစ်ခြားသော မောင်ငယ်၊ ညီမလေးငယ်များပါ သိသင့်သိထိုက်တယ်ထင်တဲ့ အချက်အလက်တွေကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။

ဂျပန်နိုင်ငံတွင်းမှာ ရှိတဲ့ တက္ကသိုလ်လင့်တွေပါ။

全国大学一覧リンク集

大学リンク 

全国大学リスト 

ရှာပုံရှာနည်း ကွဲပေမယ့် အကုန်အတူတူပါပဲ။ နမူနာ အနေနဲ့ ဒီလင့်ကနေ သွားကြည့်ထားပါတယ်။
全国大学一覧
ဒီလင့်က တော်တော်အဆင်ပြေတယ်ရှင့်။ website link ပါသလို ဘေးမှာ ဖုန်းနံပါတ်လည်း ပါပါတယ်။ အရင်ဆုံး ကိုယ်သွားချင်တဲ့ နေရာကို ရွေးပါ။ဥပမာ၊ တိုကျိုမှာ ကျောင်းတက်ချင်တယ် ဆိုပါစို့။ 関東(KANTOU)ကို နှိပ်လိုက်ပါ။ အဲဒီမှာ ကျလာတဲ့ ဇယားထဲက ကိုယ်သွားချင်တဲ့ တက္ကသိုလ်ကို ရွေးပါ။
နမူနာအနေနဲ့ WASEDA UNIVERSITYကို ပြထားပါတယ်။
Home page မှာ 受験生の方へ(စာမေးပွဲဖြေဆိုမည့်သူများသို့ )ကို ရှာပါ။ တွေ့ရင် click နှိပ်ပြီး 入試概要 ကို ရွေးပါ။ နိုင်ငံခြားသားပညာတော်သင် ကျောင်းသားနဲ့ ဂျပန်ကျောင်းသား လိုအပ်တဲ့စာရွက်စာတမ်းတွေ ကွဲပြားလို့ နိုင်ငံခြားသားပညာတော်သင် ကျောင်းသားများအတွက်(外国学生)、帰国生入試) လို့ ရေးထားတဲ့ လင့်ကို ရှာပါ။ ပြီးရင် လျှောက်လွှာ’(入試願書ကိုရှာလိုက်ရင် ရပါပြီ။

လိုရမယ်ရ ပြောပြလိုက်ပါတယ်။ ဂျပန်မှာ တက္ကသိုလ်ဝင်ချင်တယ်ဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ(入学試験)ဖြေရပါမယ်။ အဲဒီ့အပြင်အနည်းဆုံး 日本語能力検定(2級) ပြီးရပါမယ်။

日本語能力試験

အကယ်၍ အဲဒါမပြီးသေးဘူးဆိုရင် 日本留学試験 EJU ကို ဖြေရပါမယ်။ ရလာတဲ့အမှတ်ကို ကြည့်ပြီး ကျောင်းဝင်လို့ရမရ ဆုံးဖြတ်လေ့ရှိပါတယ်။

日本留学試験

မြန်မာနိုင်ငံမှ ဂျပန်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသောကျောင်းသားများနဲ့ ဂျပန်မှာ ဂျပန်စာသင်တန်းပြီး၍  ဂျပန်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသောကျောင်းသားများရဲ့ လိုအပ်တဲ့အချက်အလက်တွေ မတူပါဘူးရှင်။ သေချာအောင် ကိုယ်နဲ့ ကိုက်ညီမယ့်အချက်အလက်ကို ဖုန်းဆက်၍ပဲဖြစ်ဖြစ်၊ မေးလ်ပို့၍ပဲဖြစ်ဖြစ် စုံစမ်းမေးမြန်းတာအကောင်းဆုံးလို့ အကြံဉာဏ် ပေးချင်ပါတယ်ရှင်။

အပြည့်အစုံသို့....

Wednesday, January 21, 2009

ခဏတာ ခိုနားခွင့်ပြုပါ။


ကြံ့ကြံ့ခိုင် တွန်းလှန်နေပေမယ့်

အင်အားကြီးမားတဲ့လောကဒဏ်ကို

အနိုင်မပိုင်းနိုင်လို့

အေးမြတဲ့ အရိပ်အာဝါသအောက်မှာ

ခဏတာ ခိုနားခွင့်ပြုပါ။

ဖေဖေနဲ့မေမေ။

အပြည့်အစုံသို့....

Tuesday, January 20, 2009

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(5)

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(1)
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2)
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(3)
ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(4)

ပိန်ရှည်ရှည်လေးက တီဗွီတာဝါ(テレビ塔)လို့ ခေါ်ပါတယ်။ Sapporo မှာ ရှိတဲ့တစ်ခုတည်းသောတာဝါ ပေါ့။ ဟော့ကိုင်းဒိုးကလူတွေအတွက်တော့ တိုကျိုတာဝါလို့ ထင်ပါတယ်တဲ့။ တိုကျိုတာဝါတော့ သိတယ်ဟုတ်။ 

လမ်းတစ်လျှောက်မှာ နှင်းရုပ်ကြီးတွေအများကြီးရှိပါတယ်။ တစ်ချို့နှင်းရုပ်ကြီးတွေက မီးရောင်စုံတွေ ထိုးထားပါတယ်။ အဝါရောင် ဖြစ်နေတဲ့ပုံက မီးထိုးထားလို့ပါ။ အရောင်မျိုးစုံပြောင်းထိုးတာ လှမှလှ။


တစ်ချို့နှင်းရုပ်ကြီးတွေပေါ်မှာ စင်ရှိပါတယ်။ အဲဒီမှာ ကကြ၊ ဆိုကြတဲ့လူတွေလည်းရှိပါတယ်။ ဒီလိုမျိုးလေးပေါ့။ အရမ်းပျော်ဖို့ကောင်းတယ်သိလား။ တစ်ဖွဲ့ပြီးတစ်ဖွဲ့တက်လာပြီး ကကြတာ။ အရမ်းအေးတဲ့အချိန်မှာ အကျီလက်ပြက်ဝတ်ပြီး ကတဲ့လူတွေလည်း ရှိတယ်။ အားအင်ပါပြီး မြိုင်မြိုင်ဆိုင်ဆိုင်တီးလုံးနဲ့ဆိုတော့ ကြည့်နေရသူတွေပါ ဝင်ကချင်စိတ်ပေါက်လာတယ် အဟုတ်။
ဒါက လူလုပ်ထားတဲ့ နှင်းစကိတ်စီးတဲ့ နေရာပါ။ သဘာဝအတိုင်းဖြစ်နေတာမဟုတ်ပါဘူး။ သံတိုင်တွေနဲ့ စင်ဆောက်ပြီး အဲဒီစင်ပေါ်မှာ နှင်းတွေက ကျကျလာပါတယ်။ အဲလိုကျလာတဲ့ နှင်းတွေက တစ်နေ့တစ်ခြား စုပုံလာပြီး ဒီလိုအနေအထားမျိုးဖြစ်လာတာပါ။ လပေါင်းများစွာ စောင့်စားပြီးမှ ဖြစ်လာရတာပါ။


ကျန်တဲ့ အရုပ်ကြီးတွေလည်း အဲလိုပါပဲ။ သဘာဝအရကျလာတဲ့ နှင်းတွေကို လပေါင်းများစွာ စုပုံထားပြီး နောက်မှ ကိုယ်လိုချင်တဲ့ပုံကို ထုလုပ်ယူတာပါ။

အရုပ်သေးလေးတွေကတော့ လမ်းမှာ ကျနေတဲ့ နှင်းမှုံနှင်းမွှားတွေနဲ့ လုပ်ထားပုံပါပဲ။ နည်းနည်း ညစ်ပတ်တယ်။ ဖြူစွတ်စွတ်ဖြစ်မနေပါဘူး။

နှင်းနဲ့လုပ်ထားတဲ့ တစ်ချို့အရုပ်တွေပါ။ အမြဲတမ်း ဓာတ်ပုံတွေပဲ တင်ဖြစ်လို့ ဒီတစ်ခေါက်တော့ တမူထူးခြားအောင် ဆလိုက်ရှိုးလုပ်ပြီး တင်ပေးလိုက်ပါတယ်။ အဆင်မပြေရင် ပြောပါရှင်။ ဓာတ်ပုံနဲ့ ပြန်တင်ပေးပါမယ်။


မှတ်ချက်၊ မနက်ခင်းမှာ ရိုက်ထားသော ဓာတ်ပုံများမှာ သူငယ်ချင်းတရုတ်မလေး၏ ဓာတ်ပုံများ ဖြစ်ပါသည်။

အပြည့်အစုံသို့....

Monday, January 19, 2009

အားကျမိပါသည်။


အချစ်၊

တစ်ယောက်နဲ့တစ်ယောက်ချစ်ကြသည့် အချစ်တွေထဲမှာ သဘောအကျဆုံးအချစ်ကတော့ အဘိုးကြီးအဘွားကြီးအချစ်ပဲ ဖြစ်သည်။ အသက်အရွယ်ကြီးပြင်းလာပြီး အိုမင်းမစွမ်း ဖြစ်လာတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး ချစ်နိုင်ကြတာ အင်မတန်ချီးကျူးဖို့ကောင်းပါသည်။

တစ်ယောက်ကို တစ်ယောက်က စောင့်ရှောက်ကာ၊
တစ်ယောက်လိုချင်တာ တစ်ယောက်က ဖြည့်ဆည်းပေးကာ၊
တစ်ယောက်ရဲ့ ကျန်းမာရေးကို တစ်ယောက်က ဂရုစိုက်စွာ၊
တစ်ယောက်ပျော်ရွှင်အောင် တစ်ယောက်ကလုပ်ဆောင်ကာ ၊
တစ်ယောက်စိတ်ဆင်းရဲရင် တစ်ယောက်က နှစ်သိမ့်ကာ.............................

ဘယ်လောက်များ စိတ်ချမ်းမြေ့စရာ ကောင်းလိုက်ပါလိမ့်။

လမ်းသွားရင်း အဘိုးကြီးအဘွားကြီး စုံတွဲတစ်တွဲကို တွေ့ဖူးသည်။ တစ်ယောက်လက်ကို တစ်ယောက်ဆွဲကာ လှေကားပေါ်ကို တက်လာနေကြသည်။

"အဆင်ပြေရဲ့လား။
မောနေလား။
ခဏ နားမလား။
အေးဆေးပေါ့ကွာ။" ......... စသဖြင့် အပြန်အလှန် ပြောဆိုနေကြသည်ကို ကြားမိတော့ ကြည်နူးမိသည်။ အကြင်နာတွေကို မြင်ရသည်။ မေတ္တာတွေကို တွေ့ရသည်။ သူတို့နဲ့ ထပ်တူ ဝမ်းမြောက်မိသည်။ ဒီအသက်အရွယ်ရောက်သည့်တိုင် အချစ်မပြယ်သော သူတို့ကို အားကျမိသည်။ ငယ်ရွယ်စဉ်မှ ချစ်တဲ့အချစ်ကို အခုအချိန်တိုင် ထိန်းသိမ်းထားနိုင်သော သူများကို လေးစားမိသည်။

အရွယ်ရောက်သောသူတိုင်း ချစ်တတ်ကြပါသည်။ သို့သော်၊ထိုအချစ်ကို ခိုင်မြဲအောင်လုပ်နိုင်ရန်မှာ မလွယ်ပါ။ အမျိုးမျိုးသော ကြုံတွေ့လာနိုင်တဲ့ လောကဒဏ်တွေကို နှစ်ဦးသား အပြုံးမပျက်ရင်ဆိုင်တွန်းလှန်နိုင်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပါ။ ချစ်သူဘဝတွင် အင်မတန်ချစ်လှပါသည်ဆိုသော စုံတွဲများ ၊အိမ်ထောင်ကျပြီးသွားသောအခါ တစ်ယောက်မျက်နှာတစ်ယောက် မမြင်ချင်လောက်အောင် မုန်းသွားကာ အိမ်ထောင်ရေးလည်းအကွဲကွဲအပြဲပြဲဖြစ်ကြရသည့်အကြောင်းများလည်း မြင်ဖူးတွေ့ဖူးပါသည်။ ချစ်တော့ချစ်ခဲ့ကြသည်။ သို့သော်၊ ကြာရှည်မတည်မြဲခဲ့ပါ။

အသက်အရွယ်ကြီးမြင့်လာသည့်တိုင် ချစ်နိုင်ကြသောသူများမှာ သာမန်အချစ်(1500)တစ်ခုတည်းတော့ မဟုတ်ဘူးလို့ ထင်ပါသည်။ (528)ပါ ပါဝင်နေလို့သာ ကာလကြာရှည်စွာ ချစ်နိုင်ကြတာလို့ တွေးမိပါသည်။ မည်သို့ဆိုစေ၊ လူသားအချင်းချင်း အချိန်ကြာမြင့်စွာ ချစ်တတ်ကြစေချင်ပါသည်။ ထိုသို့ချစ်နိုင်သူများကိုလည်း အားကျမိပါသည်။


ပုံကို http://mypersonaldoctor.org/old_couple_mask.jpg မှ ရယူသည်။

အပြည့်အစုံသို့....

Sunday, January 18, 2009

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(4)

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(1)

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2)

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(3)

ဟိုတယ်ကနေ ထွက်လာခဲ့ပေမယ့် ဘယ်သွားလို့ သွားရမှန်းမသိပါဘူး။ ကားပေါ်မှာတုန်းက Guide က ပြောပြပေးခဲ့ပေမယ့် ခေါင်းမူးနေတဲ့အတွက် သေချာ နားမလည်လိုက်ပါဘူး။ :d နောက်ပြီး ကျမက မြေပုံကို မဖတ်တတ်ဘူး။ ပြလည်းမသိဘူး။ (အဲလောက်တော်တာလေ။ )ဒါနဲ့ သူငယ်ချင်းတွေနဲ့ တူတူသွားဖြစ်ပါတယ်။ ကိုရီးယားမ နှစ်ယောက်ရယ်၊ ထိုင်ဝမ်မတစ်ယောက်ရယ်၊ ကျမရယ် အားလုံးပေါင်း လေးယောက်ပေါ့။ နှစ်ယောက်က ဂျပန်စကားသိပ်မတတ်ဘူး။ တစ်ယောက်က တော်တော်ကျွမ်းတယ်ရှင်။ နားမလည် ၊ ပါးမလည် လေးယောက်သား လမ်းမှာ တွေ့တဲ့ လူတွေကို မေးရင်းနဲ့ နှင်းပွဲတော်ကို ချီတက်ခဲ့ကြပါတယ်။ ဟော့ကိုင်းဒိုးက လူတွေက တိုကျိုကလူတွေထက် စာရင် သဘောကောင်းပါတယ်။ သေသေချာချာ လမ်းညွှန်ပေးကြတယ်သိလား။

စစချင်းရောက်သွားတာက စုစုခိဆုံမှတ်(すすきの会場)ပါ။ အဲဒီမှာ ရေခဲနဲ့ လုပ်ထားတဲ့ရေခဲရုပ် တစ်ရာကျော်ကို လမ်းတစ်လျှောက်မှာ တန်းစီပြီး ထားထားပါတယ်။


ရွှေငါး
အခုမှ ထုနေတဲ့ ရေခဲရုပ်တွေလည်းရှိပါတယ်။ ရေခဲတုံးပေါ်မှာ ကိုယ်လိုချင်တဲ့ အရုပ်ပုံဆွဲပြီး လွှနဲ့ ဖြတ်တာပါ။

စိတ်ဝင်စားလို့ ဗီဒီယိုရိုက်ခဲ့ပါတယ်။ နည်းနည်းတော့ ဝါးနေတယ်။


နောက်တစ်လမ်းရောက်သွားပါပြီ။
ဆပိုးရိုးခေါက်ဆွဲပါ။ စားသွားပါဦး။ 

ဘုရင်နဲ့ ဘုရင်မ
ရေခဲအိမ်ထဲမှာ ငါးတွေရှိပါတယ်။ ထူးဆန်းတယ်နော်။ ဘယ်လိုများ ထည့်ထားလည်းမသိ။
ဒီပုံက ပိုစုံတယ်။ ရေသတ္တဝါမျိုးစုံပါတယ်။

အရက်ဆိုင်လို့ ထင်တာပဲ။ ရေခဲအရက်ဆိုတော့ ရေခဲလူသားတွေသောက်မှပဲ ရမယ်ထင်တယ်နော်။
ဒါကတော့ လူသောက်လို့ရတဲ့ အရက်ဆိုင်ပါ။ ရေခဲအိမ်ထဲမှာ ဖွင့်ထားတာလေ။ ချောင်းကြည့်လိုက်တာ သောက်နေတဲ့လူတွေအများကြီးပဲ။
ဆက်ရန်
မကြာမီ
လာမည်
မျှော်

အပြည့်အစုံသို့....

Saturday, January 17, 2009

何となく終わった。

何となく終わった。四年間、色々苦労していたけど、結局、終わった時は何とか懐かしい気がした。もう行けないなぁ。これからは関係ないなぁって考えてみると涙が出てしまう。どれくらい終わりたかったのに、今は戻りたい。 :p

人生ってそんなもんか。慣れてしまう所から簡単に出ていけないもんか。 ;)

はっきり分からないけど、終わりたくない。まだまだ勉強したい。もっと学びたい。これ以上成長したい。と言っても、終わっちゃった。 :c

四年間の学生生活、あっと言う間に終わってしまった。

そろそろ、卒業式だ。 :z


袴を着る時期になってきた。 :z

平成21年1月15日の送別会への感情

ပုံကို Google search မှ ရယူသည်။

ပြောလည်း ပြောချင်တယ်။ပြောရမှာလည်း တစ်မျိုးကြီးဖြစ်နေလို့ ဂျပန်လို ရေးလိုက်တာပါ။ စိတ်မဆိုးကြပါနဲ့နော်။ ပြထားတဲ့ဝတ်စုံက ဟကမ(袴)လို့ ခေါ်ပါတယ်။ ဘွဲ့ယူတဲ့အခမ်းအနားမှာ ဝတ်လေ့ဝတ်ထရှိတဲ့ ဂျပန်ရိုးရာဝတ်စုံတစ်မျိုးပါပဲရှင်။

အပြည့်အစုံသို့....

Friday, January 16, 2009

ဒီလိုနည်းနဲ့ ရေးပါသည်။

ဘလော့စရေးတုန်းက အချိန်တွေတုန်းကပေါ့။ ဂျပန်လို ဘလော့ကို ကျောင်းကသင်ပေးလို့ လွန်ခဲ့တဲ့ သုံးနှစ်နီးပါးလောက်ကတည်းက လုပ်တတ်ပေမယ့် မြန်မာဘလော့တော့ မလုပ်ခဲ့ဘူးပါ။ လုပ်မယ်လို့ ရည်ရွယ်ချက်လည်း မရှိခဲ့တော့ ဖတ်ပဲ ဖတ်ခဲ့မိတယ်။ လွန်ခဲ့တဲ့ (8)လနီးပါးလောက်ရောက်လာတော့မှပဲ မထင်မှတ်ပဲ ကိုယ်ပိုင်ဘလော့လုပ်ဖြစ်ခဲ့တယ်သိလား။ စစချင်းလုပ်တာဆိုတော့ နားမလည်တာတွေက များမှများ။ အခက်ဆုံးက မြန်မာဖွန့်ထည့်တာပဲ။ ကျန်တာတော်တော်များများက ဂျပန်ဘလော့လုပ်ဘူးတော့ နားလည်တယ်။ ဟိ ဟိ၊ မြန်မာဖွန့်ကတော့ လုပ်တတ်ဘူး။ အဲဒါနဲ့ သူများကိုပဲ အားကိုးပစ်လိုက်တယ် ပြီးရော။ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား ၊နာလည်း လုပ်တတ်ဘူး စသဖြင့် သူငယ်ချင်းကို ခိုင်းလည်း ခိုင်းသေး ၊ ဆရာလည်း လုပ်ရင်းနဲ့ပဲ ဘလော့လေးက အသက်ဝင်လာခဲ့တယ်။ :z

အသက်သာ ဝင်လာတာ ရှင်သန်ဖို့ကြ တော်တော်ကြိုးစားယူခဲ့ရတယ်သိလား။ ဘာလို့လည်းဆိုတော့ မြန်မာဖွန့် မရိုက်တတ်ဘူးလေ။ "ကကြီးက U "ဆိုတာ သိရုံလောက်ကလွဲရင် မြန်မာဖွန့်ကို မရိုက်တတ်ဘူး။ :p မြန်မာဖွန့်မရိုက်တတ်ဘဲနဲ့ မြန်မာဘလော့ရေးတာ တော်တော်တော့ အူကြောင်ကြောင်နိုင်တယ်နော်။ ;)

ဘလော့စလုပ်တုန်းက မြန်မာဘလော့လုပ်မယ်လို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ သူငယ်ချင်းက လုပ်တော့ ကျမလည်း လိုက်လုပ်ချင်တာနဲ့ လုပ်ခဲ့တာလေ။ :z ကိုယ့်အခြေအနေကိုယ် သိတော့ မြန်မာဘလော့လုပ်ဖို့ကို တော်တော်စဉ်းစားခဲ့တယ်။ :d ဘလော့တော့ ရေးမယ်။ မြန်မာလိုတော့ ဖြစ်ချင်မှဖြစ်မယ်။ လို့ ဆုံးဖြတ်ခဲ့တယ်။ :z အဲလို အချိန်မှာ သူငယ်ချင်းက ပြောလာပါတယ်။ နင်ပြော၊ နာရေးပေးမယ်..........တဲ့။ မဆိုးဘူး။ သူ့အကြံကောင်းတယ်ဆိုပြီး ဝမ်းသာအားရ လက်ခံလိုက်တယ်။ :z

စစချင်း ရေးခဲ့တဲ့ ပို့စ်တွေဟာ ကျမပြောပြီး သူငယ်ချင်းတွေ ရေးပေးခဲ့တဲ့ ပို့စ်တွေပါ။ အစကတော့ တစ်ယောက်တည်း ဒိုင်ခံ ရေးပေးခဲ့တာပါ။ တစ်ဖြည်းဖြည်းနဲ့ ဘလော့ကတစ်ဆင့် သူငယ်ချင်းတွေ အများကြီးရခဲ့တယ်လေ။ :z သူတို့ အကုန်လုံးသိတယ်။ မြန်မာဖွန့်မရိုက်တတ်ဘဲ မြန်မာလို ပို့စ်တွေကို တစ်နေ့တစ်ပုဒ် ရေးတာကို။ အဲဒါနဲ့ တစ်ယောက်မအားရင် တစ်ယောက်က ရေးပေးပါတယ်။ ဒီလိုနဲ့ပဲ ဘလော့သက်တမ်းလည်း တစ်လနီးပါးလောက်ရှိလာတယ်သိလား။

ဘလော့ရင်းနဲ့ ဟိုလည်ဒီပတ်လုပ်လိုက်တာ http://burglish.googlepages.com/testarea.htm ဆိုတဲ့ website ကြီးရှာတွေ့ပါလေရော။ ပျော်လိုက်တာ :z အရမ်းကို ပျော်လိုက်တာ။ :zစောစော ရှာတွေ့ခဲ့ရမှာ။ အခုမှ.... အခုမှ...... ပဲ တွေ့တော့တယ်ဆိုပြီး ဟိုလူလိုက်ကြွား၊ ဒီလူလိုက်ကြွားလုပ်တော့ အဲဒီအစုတ်ပလုပ် အကောင်းစားသူငယ်ချင်းတွေက "နာသိတယ်။" " သိသားပဲ။" " အခုမှ သိသလား" စသဖြင့် ကောင်းချီးဩဘာပေးကြတယ်။ ဟင့် ဟင့်၊ ကျမက အခုမှ သိတာကိုး။ သူတို့က သိရဲ့သားနဲ့ တစ်ယောက်မှ ပြောကြဘူး။ ဟင့် ဟင့်။ ကျမမှာတော့ အားနာလိုက်ရတာ၊ သူတို့ခမျာ ကိုယ့်ဘလော့အတွက်လည်း ရေးရသေး၊ ကျမဘလော့အတွက်လည်း ကူရိုက်ပေးရသေးဆိုပြီး။ :c

ဟွန်း၊ ဘယ်ရမလဲ။ ဒီ http://burglish.googlepages.com/testarea.htm ကြီးတစ်ခုလုံး ရှိနေမှတော့ ကိုယ့်အားကိုယ်ပဲ ကိုးတော့တာပေါ့နော်။ ကိုယ့်ဟာကို ရေးကြည့်တာ။ စိတ်ဝင်စားဖို့ ကောင်းတယ်သိလား။ ရေးရင်း ရေးရင်းနဲ့ ဈာန်ဝင်လာတယ်။ ဒီလိုနဲ့ http://burglish.googlepages.com/testarea.htm နဲ့ပဲ ရေးဖြစ်တော့တယ်။ တီထွင်ပေးတဲ့လူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဦးနှောက်အရမ်းကောင်းလို့ ချီးလည်း ချီးကြူးပါတယ်။

တစ်ကယ်တော့ မြန်မာတစ်ယောက်ဖြစ်ပြီး မြန်မာလက်ကွက် မရိုက်တတ်တာ သိပ်တော့မကောင်းဘူးပေါ့နော်။ မြန်မာလို ရိုက်တတ်အောင် ကြိုးစားသင့်ပါတယ်။ တစ်ပတ်လောက်ဆို ကောင်းကောင်းရေးတတ်ပြီလို့ သင်ပေးမယ့် သူငယ်ချင်းက ပြောပါတယ်။ သင်မယ်လို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် ခေါင်းတော်တော်မာတဲ့ ကျမက ကိုယ့်အယူအဆကို မပြင်ချင်ဘူးလေ။ :p ဂျပန် Romaji လိုမျိုး လက်ကွက်တူတဲ့ ဘားဂလစ်က ကျမအတွက် ရိုက်ရတာ အရမ်းအဆင်ပြေအသုံးဝင်လို့ပါ။ :z


ဂျပန် ကီးဘုတ်မှာ ဂျပန်လက်ကွက်နဲ့ရိုက်လို့ရသလို Romaji နဲ့အသံထွက်ကိုပေါင်းပြီး ရိုက်လို့လည်းရပါတယ်။ (ဥပမာ၊ ”ち”ကို ရိုက်ချင်တယ်ဆိုပါစို့။ ကီးဘုတ်မှာပါတဲ့ A ကို နှိပ်လို့ ရသလို Romaji နဲ့ chi လို့ ရိုက်ရင်လည်း ရပါတယ်။ ဂျပန်က ခန်းဂျီးတွေရှိတဲ့အပြင် ကိုယ်ပိုင်စာလုံးလို့ ပြောတဲ့ ဟိရဂန၊ ခတခနလို့ ခေါ်တဲ့ မွေးစားစကားလုံးတွေလည်း ရှိလို့ လက်ကွက်အတိုင်းရိုက်တာထက် Romaji နဲ့ ရိုက်တာက ပိုအဆင်ပြေပါတယ်။ ဂျပန်စာရိုက်တတ်တဲ့လူတော်တော်များများက လက်ကွက်ထက် Romaji နဲ့ ရိုက်တာကို ပိုပြီးအသုံးပြုပါတယ်။

ကျမလည်း အဲဒီ ဓလေ့မှာ နေသားကျနေတော့ Romaji နဲ့ပဲ စာရိုက်ပါတယ်။ ဆိုင်မဆိုင်တော့မသိဘူး။ Romaji နဲ့ သဘောသဘာဝချင်း ဆင်ဆင်တူတဲ့ Burglish ကိုလည်း နှစ်သက်ပါတယ်။ ဒီတော့ Burglish website နဲ့ပဲ မြန်မာစာရိုက်ဖြစ်နေပါတယ်။ ဒီအတိုင်းဆက်သွားရင် မြန်မာလက်ကွက်ကတော့ ဒီတစ်သက်မှတ်မိမယ်မထင်။ :p

ဒီပို့စ်နဲ့ နည်းနည်းသက်ဆိုင်နေတဲ့ Burglishလေးကိုလည်း အချိန်ရရင်ဖတ်ကြည့်ပါရှင်။


ပုံကို http://www.microsoft.com/japan/presspass/pressroom/images/051104_ComfortCurveKeyboard2000.jpg မှ ရယူသည်။

အပြည့်အစုံသို့....

Saturday, January 10, 2009

ရောက်ခါစက အလွဲများ

ဂျပန်ရောက်ခါစတုန်းက အလွဲတွေချည်းပဲသိလား။ မမြင်ဘူး၊ မတွေ့ဘူးတာတွေပဲ တွေ့နေမြင်နေရတဲ့အပြင် တစ်ယောက်တည်း အိမ်ငှားနေတော့ သင်ပေး၊ပြောပေးမယ့်လူလည်း မရှိဘူးလေ။ ဒီတော့ ထင်တာမြင်တာတွေ လျှောက်လုပ်တာ။ :zပေါက်ကရတွေချည်းပဲ။ :p

စစချင်းရောက်တဲ့နေ့ကတော့အသိအမတစ်ယောက်ကလာကြိုပေးပါတယ်။ နာရိတာလေဆိပ်ကနေ ကျောင်းရှိတဲ့မြို့ကိုလာ၊ ပြီးတာနဲ့ ချက်ချင်းကျောင်းကို သွားပြီးအကြောင်းကြားရတာလေ။ တစ်ကယ်ဆို ကျောင်းက ဖွင့်နေပြီသိလား။ ကျမက နောက်ကျတာ။ (မြန်မာကနေ အလာနောက်ကျခဲ့ရတာလေ။ ဂျပန်က ဗီဇာချပေးရက်သားနဲ့။ ထားလိုက်ပါ။ အဲဒီအကြောင်းတော့ ပြန်ကိုမပြောချင်တော့ဘူး။ စိတ်နာလွန်းလို့။ အဟုတ်။ )

ကျောင်းကို ကျမရောက်ပြီဖြစ်ကြောင်း အကြောင်းကြားရပါတယ်။ ဆရာကရှင်းပြတဲ့ ကျောင်းရဲ့အခြေအနေ၊ စာမေးပွဲအချိန်ဇယားတွေကို ကြည့်ပြီး တော်တော်ငိုချင်သွားတယ်။ ဒီနေ့မှ ရောက်တယ်။ မနက်ဖြန် စာမေးပွဲတဲ့။ ဟင့် ဟင့်။ အတန်းခွဲစာမေးပွဲပေါ့နော်။ ကိုယ့်ရဲ့ အရည်အချင်း ဘယ်လောက်ရှိလည်းကို ဆုံးဖြတ်ပြီး အတန်းခွဲဖို့လေ။ တတ်နိုင်ဘူး။ ရောက်လာပြီးမှတော့ မီးစင်ကြည့်ကာရုံပဲ။ ကျောင်းက လိုအပ်တဲ့ကိစ္စတွေလုပ်ပြီးတော့ အိမ်ငှားဖို့ လိုက်ရှာရတော့တာပေါ့။ ဒီနေ့ကတော့ ကျောင်းက ထောက်ခံပေးတာနဲ့ ဟိုတယ်မှာ တည်းခွင့်ရပါတယ်။ (ဟိ ဟိ၊ လူမလာခင်ကတည်းက ဘိုကင်လုပ်ပြီးသားလေ။ :p )

ဒါပေမယ့်၊ နောက်နေ့ကျရင် နေဖို့အိမ်မရှိတာနဲ့ အသည်းအသန် အိမ်လိုက်ရှာရပါတယ်။ အသိအမက အဖော်လိုက်လုပ်ပေးတဲ့အပြင် ကျောင်းသူတစ်ယောက်က ပရဟိတအနေနဲ့ လိုက်ကူညီတဲ့အတွက် သိပ်အခက်အခဲမရှိပါဘူး။ အိမ်ပွဲစားရုံခန်းက လိုက်ပြတဲ့ အိမ် လေးငါးအိမ် ကြည့်ပြီးနောက်မှာတော့ ကျမနေချင်တဲ့ အိမ်လေးကို ရှာတွေ့ခဲ့ပါတယ်။ :z အိုကေ၊ အဆင်ပြေပြီ။ စာချုပ်ချုပ်မယ်လည်းဆိုရော ကျောင်းသားကဒ်ပြပါတဲ့။ ဟိ ဟိ၊ ကျောင်းသားကဒ်က မနက်ဖြန်မှ ရမှာ။ အခုလောလောဆယ် ပါတ်စပို့ပဲပါတယ်လို့ ပြောလိုက်တယ်။ အိမ်ပွဲစားလည်း မတတ်နိုင်တာနဲ့ အိုကေတဲ့။ ဒါနဲ့ ထပ်တောင်းပြန်တယ်။ ဘဏ်စာအုပ်တဲ့။ ဒီနေ့မှ ရောက်လို့ ဘဏ်စာအုပ်လည်း ရှိဘူးလို့။ ဟိ ဟိ၊ ပွဲစားလည်း စိတ်ညစ်ညစ်နဲ့ ဒါဆိုလည်း ဘဏ်ကနေ အိမ်လခပေးချေလို့ မရဘူး။ ဒီနေရာကို တစ်လတစ်ခါ သူသတ်မှတ်ထားတဲ့နေ့ လာပေးရမယ်တဲ့။ ဟုတ်ကဲ့ပေါ့။ အလုပ်ရှုပ်ပေမယ့် ကိုယ့်မှာမှ ဘဏ်စာအုပ်မရှိတာ သူပြောတာကို လက်ခံရမှာပေါ့။ ;)

ဒီလိုနဲ့ စာချုပ်ရဲ့ နောက်ဆုံးအဆင့်ကိုရောက်လာတယ်။ အဲဒီမှာ ကွိုင်တာပဲ။ လက်မှတ်တံဆိပ်တုံးမရှိဘူးလေ။ ဂျပန်မှာက လက်မှတ်တံဆိပ်တုံးက အရေးကြီးတယ်။ လူတိုင်းမှာ ရှိတယ်လေ။ လက်မှတ်အစား အဲဒီလက်မှတ်တံဆိပ်တုံး(ဂျပန်အခေါ်၊ အင်ကန်း 印鑑)ကိုပဲ ထုကြတာဆိုတော့ အဲဒါမရှိလို့ မဖြစ်ဘူး။ ကျမကလည်း ဘာဆိုဘာမှမပါလာတော့ ဒါလေးတော့လုပ်ပေးမှ ကောင်းမယ်လို့ ယူဆလိုက်တယ်။ အစ်မကို မေးကြည့်တော့လည်း နာရီဝက်လောက်ပဲ ကြာတာတဲ့။ ဒါနဲ့ ပွဲစားကို ပြောရတယ်။ အခုလောလောဆယ် လက်နဲ့ လက်မှတ်ထိုးပြီး လက်မှတ်တံဆိပ်တုံး(ဂျပန်အခေါ်၊ အင်ကန်း 印鑑)ရတာနဲ့ ချက်ချင်းလာထုပေးပါ့မယ်လို့။ သူကလည်း ရပါတယ်တဲ့။ ဒါနဲ့ပဲ အောင်မြင်စွာ အိမ်ငှားနိုင်ခဲ့ပါတယ်။ :z

အိမ်ကဘာပရိဘောဂမှ မပါပါဘူး။အခွံပဲ ရှိတယ်။ :p မီးချောင်းတောင် မပါဘူး။ အိမ်လခက တစ်လစာ၊ 敷金လို့ခေါ်တဲ့ အိမ်ပြန်အပ်ရင် ပြန်ရကောင်းရနိုင်တဲ့ စပေါ်သဘောမျိုး အိမ်ရှင်ကို ပေးရတာက လခတစ်လစာ၊ 礼金လို့ခေါ်တဲ့ အိမ်ရှင်ကို ပေးရတဲ့ပိုက်ဆံက လည်း လခတစ်လစာ၊ အဲဒီအပြင် ပွဲစားရုံးခန်းကို ပေးရတာက လခတစ်လစာ ။ အားလုံးပေါင်း တစ်လအတွက်တည်းနဲ့ လခလေးလစာပေးလိုက်ရပါတယ်။ ပါလာတဲ့ပိုက်ဆံတော်တော်ကုန်သွားတယ်။ ဟင့်ဟင့်။ ဒီကြားထဲ နိုင်ငံခြားသားကျောင်းသားဖြစ်တော့ ထောက်ခံပေးမယ့်လူလိုတယ်လေ။ ကျမတို့ ကျောင်းက ထောက်တော့ ထောက်ခံပေးပါတယ်။ ဒါပေမယ့် ထောက်ခံပေးခဆိုပြီး ပိုက်ဆံပေးရတယ်။ နှစ်သောင်းနီးပါးပေါ့။ :(

အိမ်ငှားပြီးသွားမှပဲ ထမင်းစားဖို့သတိရတော့တယ်။နာရီကြည့်လိုက်တော့ ည(7)နာရီရှိပြီ။ လေယာဉ်ပေါ်ကဆင်းဆင်းချင်း မနက်စာစားမလားလို့ လာကြိုပေးတဲ့အစ်မကပြောပေးမယ့် စိတ်လောနေတာနဲ့ မစားဖြစ်ခဲ့ဘူး။ ကျောင်းရောက်တော့လည်း အလုပ်တွေရှုပ်နေတာနဲ့ ထမင်းစားဖို့တောင် သတိမရခဲ့ဘူး။ အခု ကိစ္စဝိစ္စတွေအကုန်ပြီးသွားမှပဲ ထမင်းစားဖို့သတိရတော့တယ်။ ကျမကအမြဲတမ်းအဲလိုပဲ။ စိတ်ပူတာပဲဖြစ်ဖြစ်၊ စိတ်လောတာပဲဖြစ်ဖြစ်အစာစားလို့မရဘူး။ စားချင်စိတ်လည်းမရှိဘူး။ ဆာကို မဆာတာ။ လေမှလေ။ တေမှတေပဲ။ ;)

စားသောက်ပြီးတော့ဟိုတယ်အဝင်ဝအထိ လိုက်ပို့ပေးကြပါတယ်။ ရှက်ရှက်နဲ့ ပြောရရင် ဟိုတယ်မှာ တစ်ယောက်တည်း တည်းဖူးတာ ဒါပထမဆုံးပဲ။ မြန်မာနိုင်ငံမှာဆိုရင်တောင် တော်တော်ကြောက်တာ။ ဂျပန်လိုနေရာမျိုးမှာ တစ်ယောက်တည်း ၊ ဟိုတယ်မှာဆိုတော့။ ကြောက်လွန်းလို့ တစ်ညလုံး တစ်ရေးမှ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ခဲ့ရဘူးသိလား။ (အသံတစ်သံကြားတိုင်း ကိုယ့်အခန်းဆီပဲ လာနေသလိုလို ထင်မိလို့လေ။ ) ;)

နောက်နေ့က ပိုပြီးအလွဲတွေများတယ်သိလား။

(စကားချပ်၊ ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်လည်း ဆက်ရေးရအုန်းမှာ သိသိချည်းနဲ့ ဒီပို့စ်ကို အစပျိုးဖြစ်ပြန်ပြီ။ တော်တော်မကောင်းတဲ့ ကျမပဲနော်။ :z)

အပြည့်အစုံသို့....

လက်ရှိအခြေအနေ

ဟိ ဟိ၊ အခုတလော ဘာပို့စ်မှ ရေးဖြစ်ဘူး။အစကတော့ အရမ်းအလုပ်ရှုပ်နေလို့ မရေးဖြစ်တာ။ မရေးရင်းမရေးရင်းနဲ့ ပို့စ်ရေးဖို့ ဈာန်မဝင်တော့ဘူး။ နေ့တိုင်းနေ့တိုင်းရေးမယ်လို့ စဉ်းစားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဘာမှကို မရေးဖြစ်ဘူး။ အရမ်းကို အားနာပါတယ်။ ဘယ်လောက်အလုပ်ရှုပ်နေလည်းဆို ဖတ်တာတောင် အိမ်ပေါက်စေ့မဖတ်နိုင်ဘူးသိလား။ စိတ်ဆိုးကြပါနဲ့နော်။ :y

(ဟိဟိ၊ ပို့စ်မရေးတာကြာလို့ စိတ်ပူပေးတဲ့ သူငယ်ချင်းတွေစိတ်မပူရအောင်လို့ အကြောင်းကြားရင်းနဲ့ ဆားချက်တာ။ :z)

အပြည့်အစုံသို့....

Tuesday, January 6, 2009

Bargain

ဂျပန်မှာ ရာသီတစ်ခုနဲ့ တစ်ခုကူးပြောင်းတိုင်း Bargain လုပ်လေ့ရှိပါတယ်။ 30% ၊ 50% ၊ 70% စသဖြင့် ဈေးချပြီးရောင်းတာပါ။ အရမ်းတန်ပါတယ်။ ဈေးဝယ်လို့အကောင်းဆုံးအချိန်ကာလတွေလို့ ပြောရင်လည်း မမှားဘူးပေါ့။ နေရာအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဒစ်စကောင့်ချပါတယ်။ Winter Bargain ကတော့ အစည်ကားဆုံးလို့ ကျမတော့ ထင်တာပဲသိလား။ နှစ်ဟောင်းကုန် နှစ်သစ်ကူးချိန်ဆိုတော့ မနှစ်က လက်ကျန် ပစ္စည်းတွေကို နောက်နှစ်အထိမကျန်ရအောင် ရောင်းတာဖြစ်လို့ တော်တော်ကို ဈေးတွေချရောင်းတာပါ။

Winter Bargain က ဈေးချရောင်းတဲ့အပြင် 福袋ဆိုပြီးတော့လည်း ရှိပါသေးတယ်။ 福袋ဆိုတာက ဈေးနှုန်းတစ်ခုသတ်မှတ်ပြီး အဲဒီဈေးနှုန်းနဲ့ တန်ဖိုးတူမယ့် ပစ္စည်းတွေကို အစုံ ထည့်ထားတာပါ။ Lucky Bag လို့ ပြောလည်း ရပါတယ်။ ကိုယ့်ကံပေါ့နော်။ (အထဲမှာ ကိုယ်ကြိုက်တဲ့ပစ္စည်းတွေပါသလို ကိုယ်မကြိုက်နိုင်တဲ့ ပစ္စည်းတွေလည်း ပါနိုင်တာမလို့ ကျမကတော့ 福袋ကို ဝယ်လေ့ဝယ်ထမရှိပါဘူး။ )

ရထားထဲမှာ Bargain အတွက် ကြေငြာထားတာတွေ့လို့ ဓာတ်ပုံရိုက်ယူလာခဲ့ပါတယ်။ :z



ဒါက ဖက်ရှင်အမျိုးမျိုးနဲ့ Bargain လာကြတဲ့ ဂျပန်လှပျိုဖြူလေးတွေ၊ ချစ်စရာလေးတွေနော်။ စတိုင်လေးတွေလည်း လန်းတယ်ဟုတ်။ :z

ဟုတ်လား၊ ဟုတ်လား၊ ကျမလည်း အခုနက အဲလိုတွေးနေမိတာ။ မနက်ဖြန်၊ မေမေနဲ့ အတူလာရအောင်နော်။ .............တဲ့။ (သားအမိချင်းလား။ သူငယ်ချင်းချင်းလားသိဘူး။ Bargain အကြောင်း ပြောတော့ ပြောနေကြတယ်။ ဟိ ဟိ။ )
ဟေ့ ဟေ့ ဆိုင်က တိုက်တွန်းတဲ့ ချစ်စရာ One piece လေးဝယ်ရင် ကောင်းမလား။

အင်း၊ ကောင်းသားပဲ၊ မနက်ဖြန် Live show မှာ အဲဒီ One pieceလေးဝတ်ရင် ထင်းပြီး ချစ်စရာကောင်းမှာ။.....တဲ့။  (အချင်းချင်းတိုင်ပင်နေလေရဲ့။ :p )
တစ်ယောက်တည်းကို နှစ်ထုပ်၊ သုံးထုပ်ကိုင်ထားတဲ့သူတွေလည်း ရှိသေး။ :z

အပြည့်အစုံသို့....

Friday, January 2, 2009

နှစ်ဟောင်းနဲ့ နှစ်သစ်ကြားမှ ကျမ

ဒီဇင်ဘာ သုံးဆယ့်တစ်ရက်နေ့ရောက်တိုင်း အပြင်လျှောက်လည်မယ်လို့ ရည်ရွယ်ပြီး အိမ်မှာပဲ "HAPPY NEW YEAR" လုပ်ဖြစ်တာ လေးနှစ်ရှိပြီသိလား။ ဒီနှစ်လည်း အရင်နှစ်တွေလိုပဲ။ အိမ်ကို ဖုန်းဆက်၊ ဘုရားကို သုံးခါတောင် (မြန်မာနှစ်သစ်၊ ဂျပန်နှစ်သစ်၊ နောက်နိုင်ငံတစ်ခုရဲ့ နှစ်သစ်)ရှိခိုးပါတယ်။ ဂျပန် စံတော်ချိန် (12)နာရီအထိုးမှာ အွန်လိုင်းကသူငယ်ချင်းတွေနဲ့ နှစ်သစ်ဆုတောင်း (NEW YEAR WISH)လုပ်လိုက်သေးတယ်။ ပြီးတော့ ဂျပန်က သူငယ်ချင်းတွေဆီ ဖုန်းဆက်တယ်။ (12)နာရီကနေ (1)နာရီထိ တစ်နာရီခန့် (တစ်ချို့ဖုန်းကုမ္ပဏီတွေက နာရီဝက်ခန့်) ဖုန်းတွေကို ပြောလို့ မရအောင် လုပ်ထားတာသိလား။ "သုံးခါ ခေါ်မှ တစ်ခါလောက်ပဲ လိုင်းဝင်မှာပါ"......လို့ တီဗွီမှာကို တရားဝင် ကြေငြာတယ်လေ။ :( လူတိုင်း နှစ်သစ်ဆုတောင်း (NEW YEAR WISH)လုပ်တော့ ဖုန်းလိုင်းတွေ ကြပ်လို့ ဆိုပဲ။ ဟွန်း၊ ပြော မပြောချင်ဘူး။ (12)နာရီမှာ နှစ်သစ်ဆုတောင်း လုပ်ချင်ပါတယ်ဆို သူတို့(Phone company)က အဲလို လုပ်တယ်။ ဘယ်ရမလဲ။ :p ဖုန်းနှစ်လုံးရှိတာပဲဟာ။ တစ်လုံးမရ တစ်လုံးပေါ့။ ခက် ခက်တာမှတ်လို့။ ;) မရရအောင် ခေါ်ပြီး နှုတ်ဆက်ပစ်လိုက်တယ်။ :z

အဲဒီမှာ သူငယ်ချင်းကချင်တစ်ယောက်က လှမ်းခေါ်တယ်။ ငါတို့ဆီ လာခဲ့ပါလား...တဲ့။ (စကားချပ်၊ သူတို့က ခရစ်ယာန်တွေဆိုတော့ ဘုရားကျောင်းသွားတာလေ။ ဘုရားကျောင်းမှာ "HAPPY NEW YEAR" လုပ်တာ။ ကကြ ၊ဆိုကြ၊ ဆုတောင်းကြနဲ့ ပျော်စရာကြီးဆိုပဲ။ အခု ဘုရားကျောင်းကပြန်လာပြီး သူငယ်ချင်းတစ်ယောက်အိမ်မှာ ဟော့ပေါ့သွားချက်စားမလို့လေ။ လိုက်ခဲ့၊ လိုက်ခဲ့ဆိုပြီး လှမ်းခေါ်တာ။ ) ဒီဇင်ဘာ သုံးဆယ့်တစ်ရက်နေ့က ရထားလိုင်းတော်တော်များများက 24 Hours ဆွဲပေးတာသိလား။ ဒီတော့ အချိန်မရွေး သွားလို့ရတယ်။ :z ဟိ ဟိ၊ ဒါနဲ့ပဲ သူငယ်ချင်းက ခေါ်တော့ ဟန်ဆောင်ပန်ဆောင်တောင် မငြင်းဘဲ လိုက်သွားဖြစ်ခဲ့တယ်။ :z

ကချင်တွေက သဘောကောင်းတယ်သိလား။ အခုမှ စတွေ့ဖူးပေမယ့် ဖော်ရွေတယ်။ ခင်လည်း ခင်တတ်ကြတယ်။ နာရီဝက်တောင် မကြာပါဘူး။ ငယ်ပေါင်းကြီးဖော်တွေ ဖြစ်သွားတယ်။ ပျော်စရာကြီး။ :z အတူတကွ ဂိမ်းကစားကြတယ်။ ကျမပါတဲ့ အဖွဲ့က ဒုတိယရတယ်။ :p အေးလှတဲ့ ဆောင်းရာသီမှာ ဆုအနေနဲ့ ရေခဲမုန့်ရတယ်သိလား။ ကြိုက်မှ ကြိုက်ပဲ။ :p အရမ်းအေးတဲ့ အချိန်မှာ ရေခဲမုန့်စားရတာ အရသာတစ်ခုပဲလေနော်။ ;)

ဂိမ်းကစားပြီးတော့ ဂိမ်းကို ဦးဆောင်တဲ့လူကပဲ "ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ ကို စာရွက်မှာ ရေးပေးကြပါ"လို့ ပြောလာတယ်။ အဲဒီဖြစ်ချင်တဲ့ အရာတွေ အကုန်လုံးကို ဂိမ်းခေါင်းဆောင်က ဖတ်ပြပြီ"ဖြစ်ချင်တဲ့အရာတွေ အမြန်ဆုံးပြည့်နိုင်အောင် လက်ချင်းတွဲပြီး ဆုတောင်းပေးကြရအောင်"လို့ ပြောလာပါတယ်။ (10)မိနစ်ခန့်ပေါ့။ အတူတကွ ဆုတောင်းပေးကြတယ်။ ကျမကတော့ တစ်ဦးတည်းသော မြန်မာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဆိုတော့ သူတို့ဆုတောင်းသလိုတော့ ဆုတောင်းဘူးပေါ့လေ။ ဒါပေမယ့် သူတို့ရဲ့ ဆုတောင်းတဲ့ ရည်ရွယ်ချက်လေးကို သဘောကျလို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဗုဒ္ဓရှင်တော်မြတ်ဘုရားကို အာရုံပြုပြီး ရှိခိုးဆုတောင်းပေးလိုက်တယ်။ မတ်တပ်ရပ်၊ သူတပါးနဲ့ လက်ချင်းချိတ်ပြီး ဘုရားရှိခိုးတာ ပထမဆုံးအကြိမ်ပါ။

ဆုတောင်း ရှိခိုးပြီးတော့ ဟော့ပေါ့လည်း အကျက်သိလား။ လူအယောက် သုံးဆယ်စာကို နှစ်ယောက်တည်းချက်တာ။ ဟင်းချက်အရမ်းကောင်းတဲ့ လူတွေ ချက်လို့ ထင်ပါရဲ့။ အရမ်းစားကောင်းတယ်သိလား။ ဟင်းရည်ကတင် အရသာရှိနေပြီ။ အသားနဲ့ အရွက်ကတော့ ပြောမပြတတ်အောင် ကောင်းမှကောင်း။ :z

စားပြီးသောက်ပြီးတော့ နှုတ်ဆက်ပြန်ခဲ့ကြတာပေါ့နော်။ အချိန်ကို ကြည့်လိုက်တော့ မနက်ငါးနာရီ(ဇန်နဝါရီ တစ်ရက်) ရောက်နေပြီ။

ဘာပဲ ပြောပြော ဒီနှစ် နှစ်ကူးနှစ်ပြောင်းက ပျော်စရာကောင်းတယ်သိလား။ တစ်ပြိုင်နက်တည်း သူငယ်ချင်းအများကြီး ရရှိလိုက်လို့လေ။ :z

အပြည့်အစုံသို့....

Thursday, January 1, 2009

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ။



明けまして おめでとうございます。


HAPPY NEW YEAR!

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ။

အပြည့်အစုံသို့....

 

Design By:
SkinCorner