Friday, March 27, 2009

ဥရှိခုဘုရားကြီး

ဥရှိခုဘုရားကြီးက ကမ္ဘာမှာ အမြင့်ဆုံးဘုရားကြီးပါ။ ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းတင်ခြင်းခံထားရပါတယ်။ဘုရားကြီးကို အဝေးကနေ လှမ်းရိုက်လိုက်တော့ ဒီလိုမြင်ရပါတယ်။ ကောင်းကင်ပေါ်က ကြွလာသလိုမျိုး ထင်မိပါတယ်။
ဘုရားကြီးဆီရောက်ဖို့ ဒီလိုလမ်းကို ဖြတ်ခဲ့ရတာပေါ့။

အနီးကပ်လာလေလေ ပိုမိုပီပြင်လာလေပါပဲ။

အနီးကပ် ဖူးမြော်ကြည့်လိုက်တော့ သပ္ပာယ်လိုက်တာ..............
ရင်ပတ်တော်မှာ အပေါက်သုံးပေါက်ရှိတာ သတိထားမိကြပါသလား။ အဲဒါ ပြတင်းပေါက်ရှင့်။
တကယ်တော့ ဘုရားကြီးရဲ့ ကိုယ်တော်ထဲကို ဝင်လို့ရပါတယ်။အရင်ဆုံး ဓာတ်လှေကားအကျယ်ကြီးနဲ့ တက်ပြီး သွားရပါတယ်။ ပြီးရင် အထပ်တွေရှိပါတယ်။ တစ်ထပ်ချင်း တက်ကြည့်လို့ ရပါတယ်။ အပေါ်ဆုံးအထပ်က အခုနက အပေါက်သုံးပေါက်အဖြစ်မြင်ရတဲ့ အထပ်ပါ။ ဘုရားကြီးရဲ့ ရင်ပတ်တော်ရှိတဲ့နေရာပေါ့။အဲဒီ ပြတင်းပေါက်မှ မြင်ရတဲ့မြင်ကွင်းပါ။
မြန်မာလူမျိုး ပူဇော်ကိုးကွယ်ထားတဲ့ မြန်မာဘုရားတစ်ဆူလည်း ဖူးမြော်ခဲ့ပါသေးတယ်။

ဘုရားကြီးရဲ့ ညာဘက်
ခြေခြေသဲခွံ့တော် ပုံပွါးပါ။

ဒါကတော့ ဦးခေါင်းတော်ပါ။ တစ်ကယ့်ဘုရားကြီးရဲ့ တစ်ထောင်ပုံပုံ တစ်ပုံပါ။
ဘုရားကြီးရဲ့အမြင့်ကို ဒီလိုတိုင်းတာပြထားပါတယ်။


ဂင်းနစ်မှတ်တမ်းလွှာ
ဘုရားကြီးကို အလွယ်တကူ တည်ထားကိုးကွယ်ခဲ့ရတာမဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ တည်ထားခဲ့ရတာပါ။
စကားချပ်၊ ရာသီဥတုသိပ်မကောင်းတဲ့နေ့သွားခဲ့မိလို့ နည်းနည်းဝါးနေပါတယ်။

အပြည့်အစုံသို့....

Wednesday, March 25, 2009

ရောက်တတ်ရာရာ

အခုတလော ရေးချင်တာတွေများပြီး ဘာရေးရမှန်းမသိလို့ ဘာမှမတင်ဖြစ်ဘူးသိလား။ လျှောက်လည်တဲ့အကြောင်းလည်း ရေးရဦးမယ်။ အများကြီးပဲသိလား။ ဘာအကြောင်း စရေးရမှန်းတောင်မသိဘူး။ ဘွဲ့ယူတဲ့နေ့က အကြောင်းလေးလည်း ရေးချင်သား။ :pဖီးလ်မလာသေးလို့ စိတ်ပါမှပဲ ရေးတော့မယ်။ ;) အခြေအနေကလည်း သိပ်မပေးဘူးလေ။ လူကြီးတွေက အိမ်ပြန်ရောက်ပြီး ခဏနေတာနဲ့ အိပ်ရာဝင်ကြပါလေရော။ ဒီတော့ ကျမလည်း တစ်တစ်တစ် တစ်ဒေါက်ဒေါက် လုပ်လို့ မရတော့ဘူးရှင့်။ ဒီကြားထဲ ကွန်ပျူတာက ဘာဖြစ်နေမှန်း သိဘူး။ လေတွေ ထွက်နေတယ်။ တော်တော် နားညီးတယ်သိလား။ ပြင်လည်း မရ။ အဲလို အကြောင်းတွေကြောင့် ပို့စ်မရေးဖြစ်တာ။ လည်လည်း မလည်ဖြစ်ဘူး။ ဘလော့လောကနဲ့ အဆက်အသွယ်ပြတ်သလိုလိုဖြစ်လာပြီ။ :c ဒါလည်း တစ်ခုတော့ ကောင်းပါတယ်။ မြန်မာနိုင်ငံပြန်ရောက်လည်း ရေးဖြစ်ချင်မှ ရေးဖြစ်တော့မှာဆိုတော့။ အခုထဲက သံယောဇဉ်တွေ ဖြတ်ထားတာ။ မဟုတ်ရင်၊ ကျမက သံယောဇဉ်ကြီးလွန်းလို့။

အပြည့်အစုံသို့....

Thursday, March 19, 2009

အဲနိုရှီးမားသို့အလည်တစ်ခေါက်

(17.3.2009)နေ့က အဲနိုရှီးမားကိုသွားခဲ့ပါတယ်။ မနက်ပိုင်းက ခမကုရပေါ့။ Free pass နဲ့သွားတာ အရမ်းတန်ပါတယ်။ တစ်ယောက်ကို ယန်းငွေ (1500)လောက်ပဲကျတယ်သိလား။ Free pass ဆိုတာ မိမိစထွက်တဲ့ဘူတာကနေ Free pass ထဲမှာပါတဲ့ ရထားလိုင်းထဲကဘူတာတွေကို ကြိုက်သလောက် စီးလို့ရတဲ့ ရထားလက်မှတ်ပါ။ တက်လိုက်၊ ဆင်းလိုက် ကြိုက်သလောက် လုပ်လို့ရလို့ ရထားစီးရကျိုးနပ်ပါတယ်။ အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် သွားစရာနေရာတွေလည်း အများကြီးပါပဲ။ ဒါကြောင့် ကျမတို့က မနက်ပိုင်းကို ခမကုရသွားပြီး အပြန်လမ်းတစ်လျှောက်ကို ကြည့်၊ အဆုံးမှာ အဲနိုရှီးမားကို ဝင်ခဲ့တာပါ။

အဲနိုရှီးမားက တော်တော်လှပါတယ်။ ခရီးသွားဧည့်သည်တော်တော်များများ လာရောက်လည်ပတ်တဲ့ နေရာတစ်ခုလည်းဖြစ်တယ်လေ။ ဖေဖေနဲ့မေမေကို လိုက်ပို့ရင်း ကျမပါ ရောက်သွားခဲ့တာ။ ပထမဦးဆုံးအကြိမ်ဆိုတော့ အစုံတောင် မလည်လိုက်ရဘူး။ ရသလောက်ကိုပဲ လျှောက်ကြည့်ခဲ့ရတယ်။ ထုံးစံအတိုင်း တွေ့တဲ့နေရာဓာတ်ပုံရိုက်လေ့ရှိတော့ အခုလည်း အပီအပြင်လက်စွမ်းပြခဲ့ပါတယ်။ ဖေဖေနဲ့မေမေကို ရိုက်ပေးလိုက်၊ ကိုယ့်ဘလော့အတွက် ရိုက်လိုက်နဲ့ အလုပ်ရှုပ်မှရှုပ်။ ကိုယ့်ကို ကိုယ်တောင် ဓာတ်ပုံရိုက်ခံဖို့ သတိမရတဲ့အထိပဲ။ :z ပုံတွေအများကြီးထဲက ကောင်းနိုးရာရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

KATASE ENOSHIMA STATION(片瀬江の島駅)
ကျွန်းပေါ်ကနေဖြတ်လျှောက်လာရင်း ရိုက်ထားတာပါ။ ရှည်ရှည်မျှော်စင်လေးကို သတိထားမိလား။ အဲဒီအပေါ်ကို တက်ခဲ့တယ်ရှင်။ ကျွန်းတစ်ကျွန်းလုံးရဲ့အလှကို ခံစားရအောင်လို့ပါ။ အဲဒီကို ရောက်ဖို့ လှေကားနဲ့ အရင်တက်ရပါတယ်။ ကျမကတော့ လူကြီးတွေပါလို့ စက်လှေကားနဲ့ တက်ခဲ့ပါတယ်။ စက်လှေကားနဲ့ တက်ခက တစ်ယောက် ယန်းငွေ(350)ပါ။ ပြီးရင် ပန်းခြံရှိပါတယ်။ ပန်းခြံထဲမှာမှ မျှော်စင်ကရှိတာပါ။ ပန်းခြံဝင်ခက ယန်းငွေ (200)ပေးရပါတယ်။၊ မျှော်စင်တက်ခက ယန်းငွေ (300)ပေးရပါတယ်။ ဒီတော့ ၊ဟိုးအပေါ်ထိရောက်ဖို့ အားလုံးပေါင်း ယန်းငွေ(850) ကျတာပေါ့နော်။


မျှော်စင်ပေါ်မှ ရိုက်ထားသော
အဲနိုရှီးမား၏ အလှ
ဒီပန်းခြံကို ဖြတ်ခဲ့ရတာပေါ့။ အခုတော့ အပေါ်စီးကနေ ကြည့်ကြည့်တာ လှတော့လှသား။
အငူလေးတွေပေါ်အောင် Zoom ဆွဲပြီး ရိုက်ကြည့်ခဲ့သေးတယ်။
နည်းနည်းမှောင်လာပြီရှင့်။
အဲနိုရှီးမား နဲ့ဖူဂျီတောင်ရဲ့ နေဝင်ဆည်းဆာအလှပေါ့။ ကျမ အကြိုက်ဆုံး ဓာတ်ပုံပါ။

နေဝင်သွားပေမယ့် ဖူဂျီကတော့ လှမြဲလှဆဲပဲသိလား။

အပြည့်အစုံသို့....

Sunday, March 15, 2009

အကြောင်းလာကြားတာ သိလား။

ဖေဖေနဲ့မေမေ ဂျပန်ရောက်နေလို့ အားဘူးသိလား။ ဟိုလိုက်ပို့၊ ဒီလိုက်ပို့ လုပ်နေလို့လေ။ အားကို အားဘူး။ အဲဒါ လာပြောတာ။မယ်ဂုမိ ပျောက်နေလို့ ဘာများဖြစ်နေလည်းလို့ ထင်နေမှာပဲနော်။ ဘာမှဖြစ်ဘူး။ ဒါပဲနော်။ ခဏဝင်လာတာ။ အိပ်ရတော့မယ်။ ကလေးပြန်ဖြစ်နေပြီလေ။ ဟိ ဟိ၊ အချိန်မှန်အိပ်၊ အချိန်မှန်စား။

စကားမစပ်၊ လာမလည်လို့ စိတ်မဆိုးနဲ့ဦးနော်။ ဝင်ချင်တိုင်းဝင်လို့ရဘူးလေ။သိတယ်ဟုတ်။

အပြည့်အစုံသို့....

Wednesday, March 11, 2009

ကလေးပိစိကွေးလေးသုံးယောက် :)

ကျမမှာ သူငယ်ချင်းအများကြီးရှိပေမယ့် ပြောမနာဆိုမနာသူငယ်ချင်းကတော့ သိပ်မရှိပါဘူး။ ဟုတ်တယ်လေနော်၊ အစ်ကိုကြီးတွေ၊မမတွေကို ပြောချင်သလို လျှောက်ပြောလို့မှမရတာ။ဟိ ဟိ၊ ပေါချင်တိုင်း ပေါလို့လည်း မရဘူးလေ။ ဒီတော့ အားမနာလျှာမကျိုး ပြောချင်သလို ပြော ၊ ဖောချင်သလိုဖောလို့ရတဲ့ သူငယ်ချင်းက လက်ချိုးရေလို့ရပါတယ်။ အဲဒီထဲက နှစ်ယောက်အကြောင်းကို အခုရေးမယ်နော်။ တစ်ယောက်ထဲဆို အဖော်မဲ့နေမှာစိုးလို့။ :p

ကဲ၊ စရေးပြီနော်။ တစ်ယောက်က ကျမထက် (3)လကြီးများတောင် ကြီးပါတယ်။ အသက်ကြီးတာကို အကြောင်းပြပြီး ဆရာအရမ်းလုပ်တယ်သိလား။ ဟ ဟာ၊ ကျမကတော့ မကြောက်ပေါင်။ ကျမက အရင် ဆယ်တန်းအောင်တာလေ။ ပြောရရင် စီနီယာပေါ့။ ဟိ ဟိ၊ gtalk မှာ အားမရလို့ Blog မှာပါ ရန်စလိုက်ဦးမယ်။ "နာက စီနီယာနော်။" ;) သူနဲ့ ကျမနဲ့က အမြဲရန်စနေကြ။ တစ်ခါတစ်လေ တစ်ခြားတစ်ယောက်ကိုပါ စစ်ကူတောင်းပြီး ရန်စလိုက်သေးတယ်။ မနိုင်လို့လေ။ ဟုတ်တယ် ရန်စရတာ ပျော်စရာကောင်းတယ်။ (စကားချပ်၊ သူငယ်ချင်းအချင်းချင်းကို ပြောတာနော်။ မသိတဲ့လူတွေကိုတော့ ရန်လည်းမစချင်ဘူး။ ရန်လည်းမဖြစ်ချင်ဘူး။ စကားတောင် မပြောချင်ဘူး။ )

နောက်တစ်ယောက်ကတော့ ကျမထက် နာရီပဲငယ်ပြီး အစ်ကိုအရမ်းလုပ်ချင်တဲ့လူလေ။ သူက ကျမကိုတွေ့တိုင်း ညီမလေးလို့ခေါ်ချင်တယ်။ ဘယ်ရမလည်း၊ ကျမက အရင်မောင်လေးလို့ ခေါ်ထားတာပေါ့။ သူက အသက်ကြီးတယ်၊ ငါက အသက်ကြီးတယ်နဲ့ ပြဿနာမရှိ ပြဿနာရှာပြီး ရန်ဖြစ်တာလေ။ ကျမပြောတဲ့အတိုင်းလည်း လိုက်ပြောတတ်သေးတယ်။မောင်လေးဆိုတော့ စိတ်ကလေးကောက်ပါ့။ ဟိဟိ၊ ဖွပြီ။ စိတ်ဆိုးပါနဲ့ မောင်လေးရယ်။ မမက စတာပါ။ :z

နှစ်ယောက်လုံးနဲ့ ရန်ဖြစ်ရတာ ကောင်းမှကောင်း။ အကြောင်းမရှိအကြောင်းရှာ ရန်စကြတာလေ။ ဥပမာ၊ Gtalk မှာတင်ထားတဲ့ပုံကို ကြည့်ပြီး ရန်စတာမျိုးပေါ့။ ကျမက ကလေးပုံလေးတွေပဲ တင်တာလေ။ အဲဒါ နင့်ပုံက ဘာဖြစ်တယ်၊ နာ့ပုံက ဘာဖြစ်တယ်နဲ့ ရန်ဖြစ်ကြတာလေ။ ဟိ ဟိ၊ မူကြိုကလေးတွေလိုမျိုး။ ကလေးမဟုတ်၊သူငယ်မဟုတ် အဲလို ရန်ဖြစ်တာ။ တော်ပြီ၊ နင်နဲ့ ခေါ်ဘူး။ ဟွန်း ခေါ်ဘူးဟာ။ အဲလို Custom message တွေတင်ရင်းနဲ့ပေါ့။ ပျော်စရာကောင်းတယ်သိလား။ အလုပ်ထဲမှာ ၊ ကျောင်းမှာ လူကြီးလုပ်ပြီး ပင်ပန်းလာခဲ့သမျှ အိမ်ပြန်ရောက်ရင် ကလေးပိစိကွေးလေးလို စကားပြော ရန်ဖြစ်လို့ရတဲ့အဖော်နှစ်ယောက်ရှိတာ တော်တော်ပျော်ဖို့ကောင်းတယ်။

အပြည့်အစုံသို့....

Tuesday, March 10, 2009

ဟူး.........................ခက်ပါတယ်လေ။

နေရာတကာ စာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့ ဂျပန်မှာနေရတာ တစ်ခါတစ်ခါတော့လည်း စိတ်ကုန်ပါ့။ သူတို့နိုင်ငံလိုမျိုး အလွယ်တကူ စက်နဲ့ကနေထုတ်တာနဲ့ ဘယ်စာရွက်မဆို ထွက်တာကြလို့။ အားမနာ ရှာမကျိုး ၊ငါတို့တောင် လုပ်နိုင်သေးတာပဲဆိုပြီး ပြောတတ်သေးတယ်။ ဪ........................ကိုယ့်ဝမ်းနာ ကိုယ်သာသိတယ်။ :c သူတို့ကို ပြောပြရင်လည်း ဒီမြန်မာမလေးက လိမ်တယ်ဖြစ်ဦးမယ်။ အရင်က လိမ်ဖူးတဲ့ မြန်မာတွေကလည်း နည်းမှ မနည်းတာကိုး။ ဒီတော့ ဒီပုတ်ထဲက ဒီပဲလို့ ပြောခံရလည်း ဘာမှတတ်နိုင်ဘူးလေ။ ဟူး၊ ခက်ပါတယ်လေ။

ဟိ ဟိ၊ နည်းနည်းတော့ ကြောက်တယ်။မခံစားနိုင်လို့ ရေးချလိုက်ပြီ။ :z

အပြည့်အစုံသို့....

Monday, March 9, 2009

အမျိုးသမီးနဲ့ ဆေးလိပ်


အမျိုးသမီးနဲ့ ဆေးလိပ် ကို ဘယ်လိုနည်းနဲ့မှ ဆက်စပ်လို့မရခဲ့ပါ။ အမျိုးသားတွေ ဆေးလိပ်သောက်တာတော့ နေရာတိုင်းမှာ မြင်ရတဲ့အတွက် မြင်နေကျမြင်ကွင်းတစ်ခုလို ဖြစ်နေပါပြီ။ အမျိုးသမီးတွေ ဆေးလိပ်သောက်တာတော့ ဂျပန်ရောက်မှ မြင်ဖူးတာပါ။ ရောက်ရောက်ချင်းတုန်းက တော်တော်အံ့ဩပါတယ်။ အထူးသဖြင့် (19)နှစ်ကျော်ကျော်၊ (20)မရောက်တရောက်၊ (20)သာသာရှိတဲ့ ကျောင်းသူလေးတွေဆေးလိပ် သောက်နေတာကို တွေ့တဲ့အခါမှာပေါ့။ အသက်(20)မှ အရွယ်ရောက်တယ်လို့သတ်မှတ်တဲ့ ဂျပန်နိုင်ငံမှာ သူမတို့တတွေ ဘယ်အချိန်ထဲကများ ဆေးလိပ်သောက်တတ်ခဲ့ပါသလဲ။ သေချာတာတစ်ခုကတော့ တရားဝင်သောက်ခွင့်ရခဲ့တာမဟုတ်ဘူးဆိုတာပါပဲ။ ရဲကသိရင် ချက်ချင်းအဖမ်းခံရနိုင်ပါရဲ့နဲ့ ဘာဖြစ်လို့များ ဆေးလိပ်ကို ခိုးသောက်ခဲ့ကြလဲမသိ။ ဆေးလိပ်သောက်တတ်တဲ့ ဂျပန်ကောင်မလေးတော်တော်များများကို မေးကြည့်ဖူးတယ်သိလား။ အများစုက ကြိုက်လို့ဆိုတာထက် စတိုင်ရှိအောင်လို့တဲ့။ ဆေးလိပ်ကို ဟန်ပါပါနဲ့သောက်တာဟာ စတိုင်တစ်ခုတဲ့။ အရွယ်ရောက်တဲ့ကောင်မလေးဖြစ်ကြောင်း သက်သေပြချင်တာလည်းပါတာပေါ့လေ။ ဆေးလိပ်ဘူးကို လှတပတ တန်ဆာဆင်၊ မီးခြစ်ကိုလည်း တစ်နေ့တစ်မျိုးမရိုးရအောင် ပြောင်းလဲရတာလဲ သူမတို့အတွက်တော့ ဖက်ရှင်တစ်မျိုးပေါ့နော်။ ဆေးလိပ်သောက်ဖို့ထက် အဲလို ဆေးလိပ်ဘူးတွေ၊မီးခြစ်တွေကို တန်ဆာဆင်တာကို နှစ်သက်တဲ့ကောင်မလေး အရေအတွက်လည်း မနည်းပါဘူး။

ဂျပန်မှာ မိန်းကလေးတွေ ဆေးလိပ်သောက်လည်း အထူးအဆန်းဖြစ်မနေတဲ့အတွက် တစ်နေ့တစ်ခြား ဆေးလိပ်သောက်သူတွေ များပြားလာသလိုပဲ။ ဂျပန်မလေးတွေသာမက ဂျပန်မှာရောက်နေတဲ့ မြန်မာမလေးတွေလည်း ဆေးလိပ်သောက်ပါတယ်။ နည်းတော့ နည်းသေးတာပေါ့။ ဒါပေမယ့်၊ သောက်တတ်ကြပါတယ်။ ဂျပန်ရောက်ပြီး တစ်ပတ်ကြာမှာ လက်ညှိုးကြား ဆေးလိပ်ခဲထားတဲ့ မြန်မာမလေးတစ်ယောက်ကို တွေ့ဖူးပါတယ်။ ကျမနဲ့ တူတူရောက်တာပါ။ ဒါပေမယ့် သူမ ဆေးလိပ်သောက်တတ်တယ်။ ဆေးလိပ်သောက်တတ်အောင် သင်တာ တစ်ပတ်မကြာတာလား။ ဒါမှမဟုတ် အစကတည်းက သောက်တတ်တာလားတော့မသိ၊ ကျမတော့ တော်တော်မျက်လုံးပြူးသွားတယ်။ သူမက ဝါရင့်ပညာရှင်ကြီးတစ်ယောက်လို ဆေးလိပ်သောက်နေတာကိုး။ ကိုယ့်အမလည်း မဟုတ်တော့ လူမုန်းခံပြီးတော့ မပြောတော့ပါ။ ကျမကတော့ မကြိုက်တဲ့အတွက် သိပ်ပြီးမပေါင်းတော့ဘူး။ သူမက အရက်လည်း အရမ်းကြိုက်တယ်လေ။ သူများအကြောင်းပြောရတာတော့ သိပ်မကောင်းပေမယ့် အဲလိုမိန်းကလေးတွေ ဂျပန်မှာရှိကြောင်းကိုတော့ သိစေချင်လို့ ထည့်ရေးလိုက်ပါတယ်။

ဂျပန်မလေးတွေပြီးရင် ဆေးလိပ်အသောက်ဆုံးလူမျိုးက ကိုရီးယားဖြစ်မလားပဲ။ ကျမကြည့်ဖူးတဲ့ ကိုရီးယားကားတော်တော်များများမှာတော့ ကိုရီးယားမလေးတွေ ဆေးလိပ်သောက်တာ မမြင်ဖူးပါ။ အပြင်မှာတော့ ပေါမှပေါပဲ။ ကိုရီးယားသူငယ်ချင်းတွေကို မေးကြည့်တော့ ကိုရီးယားမှာ မိန်းကလေးဆေးလိပ်သောက်ရင် အပြောခံရပါတယ်တဲ့။ဂျပန်လောက် မလွတ်လပ်ပါဘူးတဲ့။ ဒါပေမယ့် သောက်တဲ့လူကတော့ ခိုးသောက်ပါတယ်တဲ့။ ကိုရီးယားမလေးတွေ ဘာရည်ရွယ်ချက်နဲ့ ဆေးလိပ်သောက်လဲတော့မသိပေမယ့် ဂျပန်မလေးတွေလောက် စတိုင်မထုတ်တာတော့ အမှန်ပါ။

ကျန်တဲ့လူမျိုးအနေနဲ့ ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးအများစုကတော့ အနောက်နိုင်ငံကလို့ ထင်ပါတယ်။ အာရှအနေနဲ့ကတော့ ဂျပန်က ရှေ့ဆုံးကများဖြစ်နေမလားပဲ။ ဂျပန်ပြီးရင် ကိုရီးယားပေါ့။ တရုတ်ကတော့ မသိဘူး။ ကျမတွေ့ဖူးတဲ့ တရုတ်မလေး တော်တော်များများကတော့ ဆေးလိပ်မသောက်တတ်ကြပါဘူး။

ဘာပဲဖြစ်ဖြစ် ကျမကတော့ မိန်းကလေးနဲ့ ဆေးလိပ်က တွဲပြီး မြင်ကြည့်လို့မရသေးတာအမှန်ပဲ။ ခေတ်မမီဘူးပဲ ပြောပြော ဆေးလိပ်သောက်နေတဲ့ မိန်းကလေးကိုမြင်ရင် မျက်စိထဲ ထော်လော်ကန့်လန့်ဖြစ်လွန်းလို့ မျက်နှာလွှဲပလိုက်တယ်။




ပုံကို Google image မှရယူသည်။

အပြည့်အစုံသို့....

Friday, March 6, 2009

ကျမနှင့် ဘာသာစကားများ

မိခင်ဘာသာစကားမဟုတ်တဲ့ တစ်ခြားဘာသာစကားတွေကို စိတ်ဝင်စားတယ်သိလား။ ဖြစ်နိုင်ရင် ဘာသာစကား(5)ခုလောက်ကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တာ။ (ဟိ ဟိ၊ သိပ်လောဘမကြီးဘူးနော်။ )အခုလောလောဆယ်တော့ မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာစကားကို အကျွမ်းကျင်ဆုံးပဲ။ :p နိုင်ငံခြားဘာသာစကားအနေနဲ့ပြောရရင်တော့ ဂျပန်စကားပေါ့။ မပြောချင်လည်းပြော၊ ပြောချင်လည်းပြောနဲ့ နှစ်ရှည်လများ ရင်းရင်းနှီးနှီးရှိခဲ့တဲ့ဘာသာစကားတစ်ခုလေ။ မကျွမ်းကျင်ပဲနေမလား။ ;)

တကယ်ဆို ဂျပန်စကားထက် ပြင်သစ်စကားကို ပိုကြိုက်ခဲ့တာ။ ဂျူးခရေစီတစ်ယောက်ဖြစ်တဲ့ ကျမအတွက် ပြင်သစ်စကားက မစိမ်းပါဘူး။ ဂျူးဇာတ်ကောင်တွေ ပြင်သစ်စကားတတ်သလိုမျိုး ကျမလည်း အရမ်းကို တတ်ချင်တာ။ ပြင်သစ်လို ပြောရတာ အနုပညာဆန်သလိုပဲ။ ပြင်သစ်သီချင်းဆိုရတာလည်း ဂန္တဝင်ဆန်သလိုလို။ ကိုယ့်ဟာကိုယ် စိတ်ကူးတွေယဉ်ပြီး ပြင်သစ်ဘာသာသင်တန်းကို မရရအောင် တက်ခဲ့ဖူးတယ်။ :z ခက်လိုက်တာ အရမ်း။ လမ်းတောင်မှ အထီးအမခွဲသေး။ ကြိယာတွေကို အမျိုးအစားအများကြီးလည်း ခွဲရသေး။ စိတ်ကို ကုန်ရော။ (တစ်ခြားဘာသာတွေလည်း အဲလို အထီးအမခွဲတာတွေ၊ ကြိယာအမျိုးအစားခွဲတာတွေ ရှိပုံရပါတယ်။ ဥပမာ၊ ရုရှားဘာသာစကား၊ ဂျာမန်ဘာသာစကားတွေပေါ့။)

ကျမသာ ပြင်သစ်ဘာသာစကားတစ်ခုတည်း သင်ခဲ့ရင်တော့ နည်းနည်း ပိုတတ်ကောင်း တတ်လိမ့်မယ်။ အခုဟာက ဂျပန်ဘာသာစကားကို ကကြီးကနေသင်နေတဲ့အချိန်မှာ အချိန်အလဟသမဖြစ်အောင်ဆိုပြီး ညနေကို ပြင်သစ်ဒီပလိုမာသင်တန်းသွားတတ်တာလေ။ ဒီတော့ ဦးနှောက်က မနိုင်တော့ဘူး။ ဟိ ဟိ၊ ပြင်သစ်စကားမရောက်၊ ဂျပန်စကားမကျတဲ့ ဖက်စပ်စကားတွေ ထွက်လာတဲ့အထိ။


မေမေကတော့ တစ်ချက်လွတ်အမိန့်ထုတ်တယ်။ နှစ်ခုတည်းက တစ်ခုကို ခုချက်ချင်းရပ်တန်းက ရပ်တဲ့။
ကြိုက်တာကို ရွေးတဲ့။ တစ်ဘာသာပဲသင်ရမယ်။ ရွေးစေသတည်းတဲ့။ ဟင့် ဟင့်၊ အဲဒါနဲ့ ရင်နာနာနဲ့ပဲ ပြင်သစ်ဘာသာစကားကို လက်လွတ်ခဲ့ရတယ်။ ဒါတောင် Certificate တစ်ခုတော့ ရအောင်ယူလိုက်သေး။ Basic 1ပေါ့။ ပြင်သစ်သီချင်း (2)ပုဒ်၊ (3)ပုဒ်လောက်တော့ ဆိုတတ်တာ အမြတ်ပဲပေါ့။

ဂျပန်ဘာသာ ၊ဂျပန်ဘာသာနဲ့ ဖိလုပ်ခဲ့တာ ရှိစုမဲ့စုသင်ထားတဲ့ ပြင်သစ်ဘာသာစကားလေး မေ့သွားပါလေရော။ နှမြောလိုက်တာ။အဲ၊ ပြင်သစ်ဘာသာစကားထက် ပိုနှမြောဖို့ကောင်းတာက တရုတ်ဘာသာစကားပါ။ ငယ်ငယ်လေးကတည်းက သင်ဖူးတဲ့ တရုတ်ဘာသာစကားဟာ တရုတ်ကားတွေကို မြန်မာစာတန်းထိုးမပါဘဲနဲ့ နားလည်လောက်နိုင်အောင် အထောက်အကူပြုခဲ့ပါတယ်။ စကားချပ်၊သိုင်းကားအရမ်းကြိုက်တဲ့ကျမက မြန်မာ့အသံတို့၊ မြဝတီတို့က လွှင့်မှာကို စိတ်မရှည်လို့ Satelliteကနေ ဒီတိုင်း ကြည့်နေကြ။ ဒါပေမယ့်၊ ဂျပန်ဘာသာစကားစသင်တုန်းကတော့ တော်တော်ဒုက္ခပေးဖူးတယ်သိလား။ ဂျပန်ခန်းဂျီးကို တရုတ်အဓိပ္ပာယ်နဲ့ ဘာသာပြန်တတ်တဲ့ ကျမ။ ဂျပန်နဲ့တရုတ်က ခန်းဂျီးတူပေမယ့် အဓိပ္ပာယ်မတူတာတွေအများကြီးလေ။ ဒီတော့ နှစ်စဉ်နှစ်တိုင်း ဘာသာပြန်တဲ့ မေဂျာမှာ အမှတ်နည်းမှနည်း။ ဒါနဲ့ မဖြစ်ချေဘူး။ ဂျပန်ဘာသာစကားကိုပဲ အလေးပေးဇောက်ချပြီး လုပ်မှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီကတည်းက တရုတ်စာဆို လုံးဝကို လှည့်မကြည့်ဖြစ်တာ။ အခုဆို၊ သူများအတင်းပြောတာကို နားလည်ရုံလောက်ပဲရှိတော့တယ်။ တရုတ်စာတွေအကုန်မေ့ကုန်ပြီ။ :c

သင်ဖူးတဲ့ဘာသာစကားတွေထဲမှာ မတတ်ဆုံးကတော့ ကိုရီးယားဘာသာစကားပဲ။ ကိုရီးယားဘာသာစကားကိုတော့ ဂျပန်ရောက်မှ သင်ဖူးတာပါ။ ကိုရီးယားဇာတ်ကားကြည့်ရင် နားလည်လို နားလည်ငြားပေါ့။ ဟိ ဟိ၊ အဲဒီတုန်းက ကိုရီးယားလည်း ခဏသွားဖို့ ရည်ရွယ်ခဲ့ဖူးတော့ ကိုရီးယားရောက်ရင် နည်းနည်းပါးပါး ဖောလို့ ရလိုရငြားပေါ့နော်။(တကယ်တော့ ၊ မဖောလိုက်ရပါ။ အင်္ဂလိပ်လိုပဲ ပြောကြလို့ပါ။)ကိုရီးယားဘာသာစကားက လွယ်ပါတယ်။ ဂျပန်ဘာသာစကားနဲ့ အသံထွက်ခြင်းတူတာတွေအများကြီးရှိတယ်။ ဒီတော့ ဂျပန်ဘာသာစကား နားလည်တဲ့လူဟာ ကိုရီးယားဘာသာစကားကို ရိပ်မှန်းသံမှန်းတော့ နားလည်ပါတယ်။ ဂျပန်ဘာသာစကားတတ်တဲ့ ကျမ အတွက်လည်း သိပ်မခက်ပါဘူး။ သင်တန်း(2)ခု၊ တစ်နှစ်စာ သင်ရတာ နှစ်ခါလုံး A ရပါတယ်။ ဒါပေမယ့်၊ ဒါပေမယ့်ပေါ့လေ။ စကားဆိုရင် နည်းနည်း နားလည်ပေမယ့် စာက အခုထိ ကောင်းကောင်းမရေးတတ်ပါ။ ကြည့်ကူးတာတောင် မှားတုန်း။ ဒါနဲ့ စိတ်နာနာနဲ့ နောက်နှစ်တွေ ထပ်မတက်ဖြစ်တော့ဘူး။ ဒီဘဝဒီမျှပေါ့ ကိုရီးယားဘာသာစကားကြီးရေ။

ကျမနဲ့ ပတ်သတ်ခဲ့ဖူးသော ဘာသာစကားတော်တော်များများအကြောင်းကိုတော့ ရေးပြီးသွားပြီ။ တစ်ခုကျန်သေးတယ်ရှင့်။ မွေးကတည်းကသင်လာခဲ့ပြီး နိုင်ငံတကာဘာသာစကားတစ်ခုအနေနဲ့ ရပ်တည်နေတဲ့ အင်္ဂလိပ်ဘာသာစကားဟာ ကျမကိုတော့ ဘယ်နည်းနဲ့မှ မဆွဲဆောင်ဘူး။ မသင်မနေရမလို့ ၊မရှိမဖြစ်မလို့သာ လုပ်နေရပေမယ့် လုံးဝသံယောဇဉ်မရှိတဲ့ ဘာသာစကားကြီးပေါ့။

အပြည့်အစုံသို့....

Wednesday, March 4, 2009

ညီမလေး

ဘလော့လုပ်ကတည်းက ခင်တဲ့သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ တစ်ချို့က G-talk မှာ ပိုခင်ပါတယ်။ ဟိ ဟိ၊ ဘလော့ကိုကျ သွားပဲဖတ်ပြီး ကောမန့်မရေးလို့လေ။ G -talkမှာပဲ ဝေဖန်ရေးလေကန်ရေးလုပ်တယ်။ အဲလိုသူငယ်ချင်းတွေထဲမှာ ကောင်မလေးတစ်ယောက်လည်းပါတယ်။ ကျမထက် ဆယ်နှစ်ငယ်တဲ့ ညီမလေးပေါ့။

သူမဘလော့က ရှိရှိသမျှ အရုပ်လေးတွေနဲ့ လုပ်ထားတယ်။ အကြိုက်ဆုံးက သူမရဲ့ Cboxပဲ။ အဲဒီမှာ ကျမ သွားဆော့နေကျ။ ပျော်စရာကောင်းတယ်။ တစ်ခါသွားတစ်မျိုးပြောင်းတဲ့ အရုပ်လေးတွေက ကျမကို ခဏခဏလာလည်ချင်အောင် ဆွဲဆောင်တယ်သိလား။ လိုချင်လိုက်တာအရမ်း။ ကလေးနဲ့ အပြိုင် အရုပ်လုရအောင်လည်း လူကြားလို့မကောင်း။ ဟိ ဟိ၊ ဒါကြောင့် သွားသွားကြည့်ပြီး Cboxမှာ သွားဆော့တယ်။ ပျော်စရာကြီး။

သူမလေး ရေးထားတဲ့စာလေးတွေက တစ်ခါတစ်ရံ ကလေးဆန်ပေမယ့် တစ်ခါတစ်ရံ လူကြီးအရမ်းဆန်တယ်။ သူမရဲ့ စာတိုတိုလေးတွေက ကျမရင်ထဲကို ထိတယ်။ အရင်တစ်ခါ သူမလေး ပြဿနာဖြစ်တော့ ကျမမှာ နေလို့ထိုင်လို့မရ။ သူမလေးကို ကာကွယ်ပေးလိုက်ချင်တာ။ သူမလေးက ရပါတယ်တဲ့။ မမ အမုန်းခံရမှာစိုးတယ်တဲ့။ ကဲ၊ ကြည့် ဘယ်လောက်သိတတ်တဲ့ ကောင်မလေးလဲ။

သူမလေးက စိတ်ရင်းလေးအရမ်းဖြူတယ်သိလား။ သူများဒုက္ခရောက်ရင်တော့ သူမလေးမနေတတ်ဘူး။သူမသိသလောက်လေးနဲ့ လာအားပေးတတ်သေးတယ်။ ကျမ အဆင်မပြေတိုင်းလည်း သူမလေးက လာအားပေးတတ်တယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ ညီမလေး။ မမြင်ဖူးပေမယ့် သူမကို ကျမ အရမ်းချစ်တယ်။ ညီမအရင်းတစ်ယောက်ရသလို ခံစားရတယ်သိလား။

အပြည့်အစုံသို့....

Tuesday, March 3, 2009

"ဟိနမစုရီ(ひな祭り)"

"ဟိနမစုရီ(ひな祭り)"ဆိုတာ (မတ်လ ၃ရက်နေ့)မှာ မိန်းကလေးတွေ အနှောင့်အယှက်မရှိ ကောင်းကောင်းမွန်မွန် အရွယ်ရောက်နိုင်အောင် ဆုတောင်းပေးတဲ့ပွဲတော်တစ်ခုပါ။ ဟိနအရုပ်လေးတွေကို တန်ဆာဆင်ရင်းနဲ့ တစ်ဆက်တည်း မက်မုံတွေပါ အလှတန်ဆာဆင်တာဖြစ်လို့ ”မက်မုံပွဲတော်”လို့ အလွယ်တကူ မှတ်ထားလည်းရပါတယ်။

"ဟိနမစုရီ(ひな祭り)"ကဘယ်အချိန်ထဲက ပေါ်လာလည်းဆိုတာကတော့ ဘယ်သူမှ သေသေချာချာမသိပါဘူး။ ရာဇဝင်များစွာရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ ဒီလိုပါ။

ဟေးအန်းခေတ်တုန်းက ဆွေကြီးမျိုးကြီး မင်းသမီးလေးတွေ ကစားစရာ(ဟိနအရုပ်)ပွဲတော်အဖြစ်နဲ့ ပြုလုပ်ခဲ့တာပါ။ အဲဒိုခေတ်ရောက်လာတော့ အရုပ်ပွဲတော်အပြင် ရာသီဥတုအလိုက် ရာသီရဲ့အလှကို ပုံဖော်တဲ့ပွဲတော်(မက်မုံပွင့်ချိန်မလို့ မက်မုံရဲ့အလှကို ပုံဖော်တဲ့ပွဲတော်)လို့ပါ ယူဆပြီး တစ်နိုင်ငံလုံးမှာ ကျယ်ပြန့်လာခဲ့ပါတယ်။ အပျော်ကစားပွဲကနေ တစ်နိုင်ငံလုံးဆိုင်ရာ ပွဲတော်အဖြစ်ကို ကူးပြောင်းလာခဲ့တာပေါ့။

"ဟိနမစုရီ(ひな祭り)"
မှာ မက်မုံပန်းရဲ့ အလှကို ပုံဖော်ပြီး ဟိနအရုပ်လေးတွေကို စင်ပေါ်မှာ စီတန်းထားလေ့ရှိပါတယ်။ သုံးတန်း၊ ငါးတန်း၊ ခုနှစ်တန်း စသဖြင့် စင်အဆင့်ဆင့်ရှိပါတယ်။ ချမ်းသာရင်ချမ်းသာသလို အရုပ်စင်ဟာလည်း မြင့်လာတာပေါ့။ ရှေးခေတ်တုန်းကဆို အဲဒီ အရုပ်စင်ဟာ အိမ်ရဲ့ အဖိုးတန်ရတနာထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။





အဲဒီနေ့(မတ်လ ၃ရက်နေ့)မှာ နတ်ဆိုး(မိန်းကလေးရဲ့အနာဂတ်ကို နှောင့်ယှက်နိုင်တယ်လို့ ယူဆတဲ့ နတ်ဆိုး)အရုပ်ကို ရေထဲမှာ မျှောချတဲ့အလေ့အထလည်းရှိပါတယ်။ နငရှိဟိန(အရုပ် ရေမျှောခြင်း)လို့ခေါ်ပါတယ်။ နငရှိဟိန(အရုပ် ရေမျှောခြင်း)ဓလေ့နဲ့ ဆွေကြီးမျိုးကြီး မင်းသမီးလေးတွေ ကစားစရာ(ဟိနအရုပ်)ပွဲတော်ကို ပေါင်းစပ်ပြီး "ဟိနမစုရီ(ひな祭り)"ဖြစ်ပေါ်လာတယ်လို့လည်း ယူဆကြပါတယ်။

"ဟိနမစုရီ(ひな祭り)"ကို အချိန်မီ ပြုလုပ်ရပါတယ်။ ရေမျှောစရာရှိတာမျှော၊ ဟိနအရုပ်တန်ဆာဆင်စရာရှိတာဆင်ရပါတယ်။ (မတ်လ ၃ရက်နေ့)ကျော်လို့မှ "ဟိနမစုရီ(ひな祭り)"ကိုမပြုလုပ်ခဲ့ရင် အရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့အခါမှာ နှောင့်နှေးတတ်ပါတယ်တဲ့။

"ဟိနမစုရီ(ひな祭り)"ရဲ့ အဓိကအစားအစာကတော့ မက်မုံပန်းနဲ့ အရက်ချိုပါ။ မက်မုံပန်းက မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းသတ္တိရှိပြီး အရက်ချိုကတော့ ရောဂါဗာရ တစ်ရာကို ကင်းဝေးစေပါတယ်တဲ့။ တစ်ခြားအစားအစာတွေကတော့ နေရာဒေသနဲ့လိုက်ပြီး ကွဲပြားခြားနားပါတယ်ရှင်။

ချိရရှိစုရှီနဲ့ ဟမခုရီဟင်းရည်

စကားမစပ်၊ ဂျပန်ယဉ်ကျေးမှုတော်တော်များများဟာ တရုပ်ပြည်ကနေ ဆင်းသက်လာတာဖြစ်လို့ ဒီ"ဟိနမစုရီ(ひな祭り)"ဟာလည်း တရုပ်ပြည်က ပွဲတော်ကို အခြေခံပြီး ပေါ်ပေါက်လာတယ်လို့ ထင်ပါတယ်။ တနဘတ(七夕)「(7)လပိုင်း (7)ရက်နေ့တွင် ကျင်းပသောပွဲတော်)လိုမျိုးပေါ့။

မှတ်ချက်၊ ပုံကို Google search မှ ရယူသည်။ Website မှ ဘာသာပြန်ထားခြင်းဖြစ်၍ အမှားပါခဲ့လျှင် အားမနာတမ်း လာရောက်ပြောကြားနိုင်ပါသည်။


အပြည့်အစုံသို့....

 

Design By:
SkinCorner