Thursday, May 28, 2009

ရောက်တတ်ရာရာ

စလုံးမှာ ကျမနဲ့တွေ့တဲ့ ဘလော့ဂါတိုင်း သဘောကောင်းတယ်သိလား။ တွေ့ရတာ ပျော်စရာကြီး။ အခုမှ စတွေ့ဖူးပေမယ့် ရင်းရင်းနှီးနှီးပါပဲ။ ဟိ ဟိ၊ မုန့်လည်းဝယ်ကျွေးကြသေးတယ်။ ပျော်စရာကြီးနော်။ မနေ့ကထိ ဘလော့ဂါ (8)ယောက်နဲ့တွေ့ပြီးပြီ။ :z နောက်ထပ်လည်း ထပ်တွေ့ချင်ပါသေးတယ်။

မခင်ဦးမေက ရက်စက်တယ်သိလား။ တွေ့ချင်ပါတယ်လို့ အများကြီးသွားရေးတာတောင် ။ တွေ့ချင်ဘူးထင်တယ် ။ ဟင့် ဟင့်။

ဪ၊ စာဖတ်သူတစ်ယောက်နဲ့လည်း တွေ့ဖို့ပြောထားသေးတယ်။ ကျန်တဲ့ အပြင်က သူငယ်ချင်းတွေလည်း တွေ့ရဦးမယ်။ Songs of the sea ကလည်း ထပ်ကြည့်မလို့။

ဟိ ဟိ၊ အချိန်က မလောက်ဘူး။ တွေ့ချင်တဲ့လူတွေကလည်း များ၊ သွားချင်တဲ့နေရာကများနဲ့၊

အချိန်ရမှပဲ ထပ်ရေးတော့မယ်နော်။ အခုတော့ လျှောက်လည်လိုက်ပါဦးမယ်။ :z :z

စကားမစပ်၊ ဓာတ်ခဲက မရပါရှင့်။ ဟိ ဟိ၊ နောက်တလုံး ထပ်ဝယ်ရတော့မယ်။ :z

အပြည့်အစုံသို့....

Monday, May 25, 2009

110 V

110 V ဒုက္ခပေးပုံများ ပြောမပြောချင်ဘူး။ ဘယ်လိုမှကို ဓာတ်ခဲအားသွင်းလို့ မရဘူး။ ဗို့ပြောင်းတဲ့ဟာကလည်း မှားပြီး အိမ်ကို ပို့ပစ်လိုက်ပြီ။ ဟင့်ဟင့်။ အခုမပါလာဘူး။ ဓာတ်ပုံရိုက်ချင်ပါတယ်ဆို အခုတော့ ဗီဒီယိုပဲ ရိုက်ရတယ်။ တော်သေးတယ်။ ကွန်ပျုတာက ဓာတ်ခဲအားသွင်းလို့ရလို့။ ;)

ဂျပန်၊ဂျပန် သူတို့နိုင်ငံနဲ့သူတို့တော့ ဟုတ်လို့။ ကျမမှာတော့ တစ်ခြားနိုင်ငံသွားတိုင်း နှစ်ပေါက်ထိုးပလက်ပေါက်ကို လိုက်ရှာရ၊ ဗို့အားက မတူ။ ဗို့အားပြောင်းတဲ့စက်ဝယ်ထားတော့လည်း အလေးကြီးကို သယ်ရနဲ့။ ဟူး ................ အလုပ်တော်တော်ပေးတယ်။

စလုံးမှာ ကင်မရာဓာတ်ခဲ ဘယ်လို အားသွင်းရမလဲ ................သိတဲ့လူများရှိရင် ပြောပြပေးပါလား။ busyအိမ်မှာရှိတဲ့ နှစ်ပေါက်ထိုးပလက်ပေါက်တွေက ကင်မရာ ဘက်ထရီချာဂျာကို လက်မခံပါ။ ဒါကြောင့်၊ နောက်နေ့ ဓာတ်ပုံရိုက်လို့မရပါ။ ဟင့် ဟင့်။

အပြည့်အစုံသို့....

စင်္ကာပူ


:z :z :z

အပြည့်အစုံသို့....

Wednesday, May 20, 2009

Swine flu

တစ်ကမ္ဘာလုံးမှာ လူတစ်သောင်းကျော်၊ ဂျပန်မှာ ဒီနေ့ လူနာ (236)ယောက် ရှိပြီတဲ့။ ဟူး...............ကိုဘဲ့ခရိုင်က (90) ကျော်ပြီ။ ကိုဘဲ့မှာ လူသွားလူလာတွေလည်း နည်း၊ ရထားတွေလည်း အရှုံးပေါ်၊ ဆေးရုံမှာလည်း ကုတင်မလောက်တဲ့။ Mask တောင် ဝယ်လို့မရလို့ Volunteer အဖွဲ့က Maskအခု (3000)အလကားဝေပေးခဲ့တယ်တဲ့။ လောက်မလောက်တော့မသိ၊။ ကုနေရင်းနဲ့ကို လူနာတွေကို ထပ်ထပ်ထွက်နေတယ်။ အမြစ်ပျောက်အောင် ကုနိုင်ပါ့မလားမသိဘူး။

လူနာထွက်လာတဲ့တခြားနိုင်ငံတွေလည်း တိုးတိုးနေသလိုပဲ။ မြန်မာတော့ မတွေ့သေးဘူး။ တော်သေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမြန်ဆုံး အမြစ်ပျက်စေချင်လှပြီ။

မှတ်ချက်၊ တီဗီသတင်းအား ကိုးကားသည်။

အပြည့်အစုံသို့....

Tuesday, May 19, 2009

ခရီး

ခရီးထွက်ရတာပျော်ပေမယ့် ပြင်ဆင်ရတာကြီးကျ စိတ်ညစ်တယ်။ ဟိုဟာဝယ်ရ၊ ဒီဟာဝယ်ရ၊ ဟိုဟာလည်း ပါချင်၊ ဒီဟာလည်း ထည့်ချင်နဲ့ ခရီးဆောင်အိတ်ကြီးဆို ပြည့်သိပ်နေတာပဲ။ လေးလည်းလေးပါ့။ အဲ လေးလို့ "လိုတာပဲသယ်"လို့ပြောရင် "အကုန်လိုတယ်"လို့ ပြန်ဖြေရမယ်။ ဟိ ဟိ။ အဲလို အဲလို ကိုယ့်ဒုက္ခ ကိုယ်ရှာတာ။ မေမေဆို ဆူတယ်။ ခရီးသွားမှာလား၊ အိမ်ပြောင်းမှာလားတဲ့။ :) ပြောလည်း ခဏပဲ။ သယ်တာပါပဲ။ ဟုတ်တယ်လေနော်၊ လမ်းခရီးမှာ ကိုယ်လိုချင်တဲ့ ပစ္စည်း ဝယ်မရခဲ့ရင် ဘယ်လိုလုပ်မလဲ။ နောက်ပြီး ကျမက သုံးနေကြအသုံးအဆောင်တွေကို တံဆိပ်လွဲရင်တောင် သုံးချင်တာဟုတ်ဘူး။ ဒီတော့ လေးပင်လေးသော်လည်း သယ်ပေးဦးပေါ့ကွယ် ...တစ်ယောက်တည်းထွက်မယ့် ခရီးမှာ............................

ဟိုမှာနေတုန်းက တစ်ယောက်တည်းခရီးထွက်တာဆိုလို့ အိမ်ပြန်တာလောက်ပဲရှိတာ။ ကားဆို တစ်ယောက်တည်းစီးဖူးဘူး။ ကြောက်တယ်။ အဲ...........ဒီရောက်ရောက်ချင်းတုန်းကလည်း ကြောက်တာပါပဲ။ ကြားဖူးထားတယ်လေ။ ဂျပန်တွေ မလွယ်ဘူးလို့။ :p ဒါနဲ့၊ ညမှောင်ပြီဆို အပြင်မထွက်ရဲခဲ့ဘူး။ အမတွေကတော့ ပြောပါတယ်။ ဂျပန်က ကိုယ်မပါရင် ဘာမှဖြစ်ဘူး။ ထွက်သာထွက်တဲ့။ ဒါနဲ့ နည်းနည်းနည်းနည်း ထွက်ရင်းက ညလည်းအပြင်ထွက်ရမှာ ကြောက်တော့ဘူး။ နောက်ပြီး အချိန်ပိုင်းအလုပ်က ညမှ ပြီးတာလေ။ ည ထွက်ရမှာကြောက်နေလို့ ဘယ်ဖြစ်မလဲနော်။ ;) ရောမရောက်တော့လည်းရောမလို ကျင့်ရုံပေါ့။ ညမကြောက်သလို နေ့လည်းကြောက်ဘူး။ မသွားသင့်တဲ့နေရာ မသွားရင် ဘာအန္တရာယ်မှ မရှိတာ။ ဘာကို ကြောက်ရမှာလဲနော်။ ဒီလိုနဲ့ ခရီးတွေပါ ထွက်ရဲလာတယ်။ ထုံးစံအတိုင်း တစ်ယောက်တည်းပေါ့။

ကျမက တစ်ယောက်တည်း ခရီးထွက်ရတာ ပျော်တယ်။ မရောက်ဖူးသေးတဲ့နေရာသွားရတာ ပိုပျော်သေး။ ဒါနဲ့၊ ဒီရောက်တုန်း ပြည်ပကို သုံးခေါက်ထွက်ခဲ့တယ်။ ပထမတစ်ခေါက်က သိပ်အဆင်မပြေဘူး။ ဒုက္ခအများဆုံး ခရီးပဲ။ ဒုတိယကတော့ အဆင်ပြေပါတယ်။ တတိယကျ ကျွမ်းသွားပြီ။ အသွားထက် အပြန်ကိုပါ။ :z အသွားက အလုပ်ရှုပ်တယ်။ သိတယ်မလား။ သံရုံးသွားရ၊ Immigration သွားရ၊ ကျောင်းပြေးရနဲ့ အလုပ်တော်တော်ရှုပ်တယ်။ ဒီကြားထဲ ပတ်စပို့သက်တမ်းကုန်ခါနီးရင် ပိုဆိုး။ (စစချင်းတုန်းက သုံးနှစ်ရပေမယ့် အခု တစ်နှစ်တစ်ခါလေ။ :c ) လေယာဉ်လက်မှတ် ရှာရတာလည်း အလုပ်တစ်ခု။ ဘာလို့လည်းသိဘူး။ အင်တာနက်ကဝယ်တာထက် ဆိုင်ကိုသွားဝယ်တာ ဈေးပိုသက်သာတယ်။ သူတို့က လိုင်းရိုက်ထားလား မသိ။ :z

အားလုံး အဆင့်သင့်ဖြစ်ပြီဆို လေယာဉ်ကွင်းသွားလို့ရပြီပေါ့နော်။ ရထားနဲ့သွားရတာထက် Direct Bus စီးရတာ ပိုအဆင်ပြေတယ်။ ဘယ်မှမရပ်ဘဲ လေဆိပ်ရောက်သွားတာဆိုတော့ အိပ်သွားရုံပဲ။ Yen (3000)ဆိုတော့ နည်းနည်းတော့ ဈေးကြီးတာပေါ့လေ။ တတ်နိုင်ဘူး၊ လိုက်ပို့မယ့်လူမှမရှိတာ၊ လေးပင်လှတဲ့ အထုပ်ကြီးအတွက် ပေးပျော်ပါတယ်။

လေဆိပ်ဆိုလို့ ပြောရဦးမယ်။ တတိယတစ်ခေါက်ပေါ့၊ Auto gate စပေါ်ခါစလေ။ ဟိဟိ၊ ခဏခဏခရီးထွက်တာလည်း ဟုတ်ပဲနဲ့၊ Auto gate လိုချင်လို့ Shinagawa Immigration ကို သွားတောင်းခဲ့တယ်။ Immigration က သဘောကောင်းပါတယ်။ နည်းနည်းပဲ ရစ်ပြီး ထုပေးလိုက်ပါတယ်။ ပိုက်ပိုက်လည်း ပေးရဘူး။ အလကား အလကား၊ အလုပ်နည်းနည်းရှုပ်တာတစ်ခုပဲ။ ဒီလိုနဲ့ Auto gate passport လေးကိုင်ပြီး Check-in ဝင်တာပေါ့နော်။ :z အဲ့ဒီမှာ စတာပဲ။ လူပါစစ်ပြီးမှ သတိထားမိတယ်။ Auto gate နဲ့ ဖြတ်လို့ရဘူးဆိုတာ။ ဟွန်း၊ အသစ်စက်စက် Auto gate ကို သုံးချင်ပါတယ်ဆို သုံးရဘူးဆိုတော့။ ဘီလိုလုပ်ရမလဲလို့ မေးရတော့တာပေါ့။ သူတို့က Auto gate နဲ့ဝင်ချင်ရင် "ဟိုဘက်တောင်ပံ"တဲ့။ "ဒီက ပြန်ထွက်မယ်ဆို ဟိုကျ ပြန်အစစ်ခံရမယ်။ အိုကေလား"တဲ့။ "ဟုတ်ကဲ့"လို့ ပြောပြီး ဟိုဘက်တောင်ပံကို ပြန်ပြေးရတယ်။ မသွားတတ်တော့လို့ သူတို့ထဲက တစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်တယ်။ ပိုင်တယ်နော်။ ဂျပန်မှာ။ ဟိုလည်းရောက်ရော အစအဆုံး ပြန်အစစ်ခံပြီးကို ဖြတ်ခဲ့တယ်။

Auto gate က ကောင်းတော့ကောင်းတယ်။ မြန်တာပေါ့နော်။ ဒါပေမယ့် Passport မှာ အဝင်အထွက်တံဆိပ်တုံး ထုမပေးတော့ဘူး။ ပတ်စပို့ စာရွက်တော့ သက်သာတာပေါ့နော်။ ကျမကတော့ အမှတ်တရအနေနဲ့ တံဆိပ်တုံး ထုစေချင်ခဲ့တယ်။ ဒါနဲ့၊ သာမန်ဝင်ရိုးဝင်စဉ်အတိုင်းပဲ လုပ်ပေးပါလို့ ပြန်ပြောရတာပေါ့။ တော်တော်ရစ်တဲ့ ကောင်မလေးနော်။ ;) ရစ်လို့ရတုန်း ရစ်ရတာ ပျော်စရာကောင်းလိုက်တာ။ ;)

ဟိုဖြတ် ဒီဖြတ် အကုန်ဖြတ်ပြီးသွားရင် စိတ်အေးသွားပါပြီ။ Shopping စလို့ရပြီ။ Duty free မှာ Credit card နဲ့ ဝယ်ချင်တာဝယ်ရတာလည်း ပျော်စရာတစ်ခုပဲ။ ပိုက်ပိုက်ပေးရမယ့်လကျရင်သာ မျက်ဖြူစိုက်ရော။ ဝယ်တုန်းကတော့ ကောင်းမှကောင်း။

အပြန်အကြောင်း နည်းနည်းပြောမယ်နော်။ အပြန်က အရမ်းလွယ်တယ်။ ရစ်မယ့်လူလည်း သိပ်မရှိ၊ ဟိုဘက်ကလည်း မရစ်၊ ဒီဘက်ကလည်း မရစ်နဲ့ အဆင်ပြေပါတယ်။ စစချင်းအခေါက်တုန်းက မှားပြီးတန်းစီတာ တစ်နာရီလောက် တန်းစီလိုက်ရတယ်။ Re-entry မှာ လူဖြင့်မရှိပဲနဲ့ ကျမက စစချင်းဝင်တဲ့နိုင်ငံခြားသားတွေ တန်းစီတဲ့နေရာမှာ တန်းစီနေတာလေ။ ဟိဟိ၊ တစ်နာရီလောက်နေမှ သတိထားမိတာ။ ဒါနဲ့ Re-entry counter ကိုပြေးတော့ ဘယ်ခရီးသည်မှ ရှိတော့ဘူး။ တစ်ယောက်တည်း စောင့်စရာ မလိုဘဲ ဝင်လာခဲ့ရတယ်။

တစ်ယောက်တည်းခရီးသွားရတာ မှားတာတွေ၊ မသိတာတွေ အများကြီးရှိပေမယ့် အတွေ့အကြုံသစ်တွေ၊ အမှတ်တရတွေ အများကြီး ရရှိစေလို့ ကျမတော့ ကျေနပ်ပါတယ်။


အပြည့်အစုံသို့....

Friday, May 15, 2009

"မီယားဂျီမား"သို့ အလည်တစ်ခေါက်

ဟီရိုးရှီးမားကနေ ရထားနဲ့ နာရီဝက်လောက်စီးရင် "မီယားဂျီမားဘူတာ"ကို ရောက်ပါတယ်။ "မီယားဂျီမားဘူတာ"ကနေ သင်္ဘောစီးပြီး "မီယားဂျီမားဂုချိ"ကိုသွားလို့ရတယ်။ အဲဒီကို ဘာလို့သွားလဲဆိုတော့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်တစ်ခုဖြစ်တဲ့ "အိခုစုရှီးမားဂျင်းဂျာ"ရှိလို့ပါ။ "အိခုစုရှီးမားဂျင်းဂျာ"က (1996)ခုနှစ် (12)လပိုင်းမှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့ပါတယ်တဲ့။ ရှင်းတိုဘာသာရဲ့ ဂျင်းဂျာတစ်ခုအဖြစ် ထင်ရှားပါတယ်။ (12)ရာစုထဲက တည်ဆောက်ခဲ့တာဖြစ်ပြီး အနောက်မှာ တောင်၊ အရှေ့မှာ ကျွန်းနဲ့ ဝန်းရံခြင်းကို ခံထားရပါတယ်။ သာယာလှပတဲ့ရှုခင်းနဲ့ "အိခုစုရှီးမားဂျင်းဂျာ"က ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်ခေါ်ယူနေပါတယ်။

သင်္ဘောဆိပ်သို့အလာ



သင်္ဘောစီးဖို့ တန်းစီရတယ်။
သင်္ဘောပေါ်ကနေ လှမ်းမြင်ရတဲ့ ရှုခင်း

"အိခုစုရှီးမားဂျင်းဂျာ"
သင်္ဘောဆိပ်ကနေဆင်းဆင်းချင်း အပြင်ကို ထွက်လိုက်တော့ ဒီမြင်ကွင်းကို တွေ့ရတယ်။ "မီယားဂျီမား"ကို ဘယ်လိုလှည့်ပတ်ကြည့်ရမလဲကို မြေပုံထဲမှာ ရှာကြည့်ခဲ့တယ်။"မီယားဂျီမားဂုချိ"သင်္ဘောဆိပ်

အဲဒီမှာ စက်ဘီးငှားလို့ရတယ်။ စက်ဘီးနဲ့ဆို ဝေးဝေးသွားလို့ရလို့ ကျမလည်း ငှားဖြစ်သွားပါတယ်။ စစချင်းတွေ့ရတာက ကျောက်တိုင်တစ်ခုပါ။ "အိခုစုရှီးမားဂျင်းဂျာ" က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်သွားကြောင်း မှတ်တမ်းတင်ထားတာ။ အပေါ်က လေးထောင့်ပုံမှာ အဝိုင်းဖောက်ထားတဲ့ နေရာတစ်ခုကို တွေ့မိလား မသိဘူး။ အဲဒီကနေ ချောင်းကြည့်ရင် အခုနက သင်္ဘောပေါ်ကမြင်ရတဲ့ မီယားဂျီမားရဲ့ သင်္ကေတ အနီရောင်တိုင်ကို ကွက်တိမြင်ရတယ်။ နည်းနည်းချင်း ခရီးဆက်လာတာ အဝင်ဝတစ်ခုကို ရောက်လာပြီ။
ညာဘက်မှာ သမင်တွေ တန်းစီပြီး ရှိနေတယ်ဟုတ်။ တကယ်တော့ မီယားဂျီမားက သမင်တွေရဲ့ ဘေးမဲ့တောတစ်ခုလည်း ဖြစ်ပါတယ်။ မီယားဂျီမားရဲ့ နေရာအနှံ့မှာ သမင်တွေရှိတယ်သိလား။ အခုတလော ခရီးသည်တွေက အစာတွေဘာတွေ ပေးတတ်လို့ လူမြင်ရင် အစာတောင်းပါတယ်။ အနီးကပ်လာပါတယ်။ ကလေးငယ်လေးတွေကို ကိုက်တတ်လို့ "မိဘများ ကိုယ်နဲ့မကွာ မိမိကလေးကိုခေါ်ဆောင်သွားပါရန်" သတိပေးဆိုင်းဘုတ်လည်း ချိတ်ထားပါတယ်။ သမင်တွေက တော်တော်ကြီးတယ်။ အမြင့်ကလည်း (3)ပေကနေ (4)ပေနီးပါးရှိမလားဘဲ။ ကျမတောင် ကြောက်တယ်။

"အိခုစုရှီးမားဂျင်းဂျာ"အဝင်ဝမှာလေ ..........စက်ဘီးကို ထားပြီး ဓာတ်ပုံရိုက်နေတုန်း စက်ဘီးခြင်းထဲမှာ ထည့်ထားတဲ့ Pamphlets စားပစ်လို့လေ။ ကြောက်စရာကြီး။ တစ်ကောင်ပြီး တစ်ကောင်ရောက်လာပြီး စက္ကူတွေကို ဝိုင်းစားတာ။ ဆွဲလည်း မဆွဲရဲ။ ဟိ ဟိ၊ အော်ရတာ မောတောင်မောတယ်။ ဘေးကလူတွေက ဝိုင်းကြည့်ရော။ ရှက်တော့ရှက်တယ်။ ဒါပေမယ့် ဆွဲရဲဘူး။ ဟူး ...........................................စာရွက်တော်တော်ကုန်သွားမှ ဘေးကမနေနိုင်တဲ့ လူတစ်ယောက်က သမင်တွေကို မောင်းထုတ်ပေးတယ်။ ကြောက်လိုက်တာမပြောနဲ့။ တော်သေးတယ်။ အဲဒီလူသာ မကယ်ရင် ဖုန်းပါ သမင်စားလို့ ကုန်ပြီ။ :z
ဝင်ကြေးငါးရာပေးလိုက်တော့ ဒီကိုရောက်ပြီပေါ့။
ဒီရှုခင်းလေး ကျမ ကြိုက်တယ်။

ရှေးခေတ်က ကျန်ခဲ့တဲ့အဆောက်အဦး။
အထဲကို သေချာကြည့်ရင် ပန်းချီလက်ရာတွေ တွေ့ရတယ်။ အဝေးကပဲ လှမ်းရိုက်ရတယ်။ အနီးကပ် သွားလို့ရဘူး။
ထွက်ပေါက်လေ။ အဲဒီမှာလည်း သမင်ရှိတယ်။

ဒါက မီယားဂျီမားရဲ့ သင်္ကေတတစ်ခုပဲ။ "ယောင်းမမှာ ဂျပန်နံပါတ်ဝမ်း - မီယားဂျီမား"တဲ့လေ။ စာတွေရေးထားတဲ့ ယောင်းမက အလှချိတ်ဖို့။ စာမပါတာက မီးဖိုချောင်မှာ သုံးလို့ရတယ်တဲ့။ ကျမလည်း ယောင်းမနှစ်ချောင်း လက်ဆောင်ရခဲ့တယ်။

ဟီရိုးရှီးမားဘူတာမှာ Pamphletရှိတယ်။အဲဒီ Pamphlet မှာ မီယားဂျီမားဘူတာရယ်၊ မီယားဂျီမားသင်္ဘောဆိပ်ရယ်၊ "မီယားဂျီမားဂုချိ"သင်္ဘောဆိပ်ရယ် (3)နေရာကိုတံဆိပ်တုံးထုနိုင်ရင် လက်ဆောင်ပေးတယ်လေ။ ဘာခက်တာမှတ်လို့။ ထုလိုက်တာပေါ့။

ယောင်းမတွေနဲ့ တန်ဆာဆင်ထားတဲ့ စားသောက်ဆိုင်လည်လို့ အားရတော့ "မီယားဂျီမားဘူတာ"ဘက်ကို သင်္ဘောနဲ့ ပြန်ကူးလာခဲ့တယ်။ ဒီတစ်ခါတော့ မြို့ပတ်ရထားစီးပြီး ဟီရိုးရှီးမားကို ပြန်ခဲ့တယ်။ (64)မိနစ်ကြာတယ်။ ရထားက အသစ်ဆိုတော့ ဇိမ်ကျပါတယ်။ တလမ်းလုံး အိပ်လို့ရတယ်ဟုတ်။


"မီယားဂျီမား"ရဲ့ ရှုခင်းကို အနုပညာဆန်ဆန် ခံစားချင်ရင် ဒီလင့်ကို နှိပ်လိုက်ပါရှင့်။

ဆက်ရန်

အပြည့်အစုံသို့....

Wednesday, May 13, 2009

တိုကျို Vs ဟီရိုးရှီးမား

ဟီရိုးရှီးမားက မြို့ကြီးဆိုပေမယ့် တိုကျိုနဲ့မတူတာတွေ အများကြီးပဲ။

မြို့ပတ်ရထား
ဟီရိုးရှီးမား မှာ မြို့ပတ်ရထားသုံးတာများတယ်သိလား။ ဘက်စ်ကားနဲ့အပြိုင် ကားလမ်းမကြီးပေါ်မှာပဲ ပြေးနေတာလေ။ ရှေးဟောင်းမြို့ပတ်ရထားကနေ အခုခေတ် မြို့ပတ်ရထားအထိ ပုံစံအမျိုးမျိုးတွေ့ရပါတယ်။ မြို့ပတ်ရထားက တစ်ခါစီး ယန်း (150)ပါ။ ဂိတ်စဂိတ်ဆုံးစီးမယ်ဆိုရင် တန်ပါတယ်။ ကျမတော့ ဟီရိုးရှီးမားဘူတာဂိတ်စကနေ ဟီရိုးရှီးမားကျွန်းဂိတ်အဆုံးထိကို စီးခဲ့တယ်။ ဟီရိုးရှီးမားကျွန်းဂိတ်မှာ ဓာတ်ပုံတွေဘာတွေရိုက်ပြီး လမ်းတလျှောက်မှာ တွေ့ရတဲ့မြင်ကွင်းတွေကို ငေးရင်းနဲ့ပဲ ဟီရိုးရှီးမားဘူတာကို ရောက်မှန်းမသိ ပြန်ရောက်ခဲ့တယ်။

တန်းစီခြင်း
ဟီရိုးရှီးမားက လူတွေက ဘယ်လိုတန်းစီမှန်းမသိဘူး။ အပေါက်ဝတည့်တည့်မှာလည်း မစီဘူး။ ဒီတော့ ကျမတို့လို အခုမှရောက်ဖူးတဲ့လူက ဘယ်ဟာအပေါက်မှန်းမသိဖြစ်ရတယ်။ အဲ့ဒီအပြင် ရထားထဲမှာ ထိုင်တော့လည်း စုမထိုင်ကြဘူး။ ဒီတော့ ကျပ်တဲ့နေရာ ကျပ်၊ ချောင်တဲ့နေရာချောင်နဲ့ ဘယ်လိုကြီးလည်း မသိဘူး။ သာမန်ရထားက စီးတဲ့လူနည်းတော့ ဘယ်လိုထိုင်ထိုင် မသိသာပေမယ့် မြို့ပတ်ရထားကျ သိသာတယ်။

ရထားစီးသူများ
မြို့ပတ်ရထားကော၊ သာမန်ရထားကော တူတူပဲ။ သာမန်ရထားက ပိုပြီးလူနည်းတယ်။ နာရီဝက်လောက်နေမှ တစ်စီးလာတယ်။ မြို့ပတ်ရထားကတော့ စီးတဲ့လူလည်း များတယ်။ နေရာစုံလည်း သွားရလွယ်တယ်။ ပိုက်ဆံလည်း အကုန်အကျနည်းတယ်။

ကား၊ မြို့ပတ်ရထားစီးခြင်း
ဟီရိုးရှီးမားမှာ မြို့ပတ်ရထားပဲ စီးစီး၊ ကားပဲ စီးစီး အနောက်က တက်ရတယ်။ ပိုက်ဆံကို ဆင်းမှပေးရတယ်။ တိုကျိုကတော့ ကြုံသလိုပဲ။ ရှေ့တံခါးဖွင့်ထားရင် ရှေ့ကတက်၊ နောက်တံခါးဖွင့်ထားရင် နောက်ကတက်ရတယ်။ ပိုက်ဆံက နောက်ကတက်ရင် ဆင်းမှပေးရတယ်။ ရှေ့ကတက်ရင် အရင်ပေးရတယ်။

ကဒ်အသုံးပြုခြင်း
တိုကျိုမှာ PASMOသုံးလို့ရတယ်။ ဟီရိုးရှီးမားက PASPY တဲ့။ PASMO ကော PASPYပါ အသုံးပြုပုံ တူတူပဲ။ Charing (ငွေ)သွင်းပြီး သုံးရုံပဲ။ ရထား၊ ၊ သင်္ဘော၊ ဈေးဝယ်တာတွေလုပ်လို့ရတယ်။ PASPY တစ်ခုပဲ။ PASPY က ဟီရိုးရှီးမားခရိုင်တစ်ခုထဲမှာပဲ သုံးလို့ရတယ်။ PASMOက တိုကျိုအပြင် Suica ရှိတဲ့ ဧရိယာမှာပါ သုံးလို့ရလို့ နည်းနည်းပိုပြီး အဆင်ပြေတယ်ပြောရမယ်။

လူ
ဟီရိုးရှီးမားကလူတွေက တိုကျိုထက်စာရင် နည်းနည်းရိုးတယ်။ ဝတ်တာစားတာ၊ နေတာထိုင်တာတွေ ကွာတယ်။ ဘာကွာလည်းလို့ မေးရင်တော့ သေချာမဖြေတတ်ဘူး။ ကွာတာတော့ အမှန်ပဲ။ ပြောတာဆိုတာလည်း နည်းနည်းကွာတယ်။ နောက်ဆုံးမှာ "ခဲ့" ကို သုံးတယ်။ တစ်ချို့စကားဆို ကြားကြားချင်း ချက်ချင်းနားမလည်ဘူး။

ဟီရိုးရှီးမားကလူတွေက တိုကျိုကလူတွေထက် သဘောပိုကောင်းတယ်။ မေးရင် ပြောပြတယ်။ လမ်းမှာကြုံရင်လည်း မသိပေမယ့် ဖော်ရွေတဲ့အကြည့်နဲ့ကြည့်တာခံရတယ်။ ဒုက္ခရောက်နေဟန်မြင်ရင် ကူညီချင်တဲ့ သဘောရှိတယ်။ ဒါပေမယ့် နည်းနည်းလေး စပ်စုတယ်။ တိုကျိုဆို ဘယ်သူဘာဖြစ်ဖြစ် သိပ်လှည့်မကြည့်ပေမယ့် ဟီရိုးရှီးမားကလူတွေကတော့ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ စပ်စုတယ်။

ဟီရိုးရှီးမားမှာ ဗုံးဒါဏ်သင့်ခဲ့တော့ တစ်ချို့လူတွေက သာမန်လူနဲ့ မတူဘူး။ တစ်ယောက်တည်းစကားပြောတာတွေ၊ ရယ်တာတွေ၊ လူတစ်ယောက်ကို စူးစိုက်ကြည့်ပြီး စကားပြောတာတွေ လုပ်တဲ့လူတွေရှိတယ်။ အရမ်းသနားဖို့ကောင်းတယ်။ ဗုံးရဲ့ဆိုးကျိုးက နှစ်ငါးဆယ်ကျော်တဲ့ အထိ အရှင်းမပျောက်သေးဘူးဆိုတာ သူတို့တွေက သက်သေပြနေတယ်။

ဆက်ရန်

အပြည့်အစုံသို့....

Monday, May 11, 2009

ဟီရိုးရှီးမားသို့ အလည်တစ်ခေါက်(3)

Peace Memorial Museum ထဲကို ဝင်လာခဲ့ပါပြီ။ ဝင်ကြေး ယန်းငါးဆယ်ပဲ ပေးရပါတယ်။ အထပ်သုံးထပ်ရှိပါတယ်။

များစွာသောလူတွေ လာရောက်ကြည့်ရှူ့ကြတာတွေ့ရပါတယ်။ဒါက ဟီရိုးရှီးမားကို နျူးကလီးယားဗုံးမကျခင်က မြို့ရဲ့အနေအထားပါ။
ဗုံးကျဲစဉ်က အသုံးပြုခဲ့တဲ့ ပစ္စည်းများ

မှိုပုံသဏ္ဍာန် မီးခိုးလိတ်တွေက တစ်လိပ်လိပ် ပေါ်ထွက်ပြီးနောက်မှာတော့................... ဒီလိုဖြစ်သွားပါပြီ။

မီးခိုးပြာကျဆိုသလို မြို့ကြီးက ခြောက်သွေ့သွားခဲ့ပြီ။ အဆောက်အဦးတစ်ချို့တော့ ကျန်တယ်ဆိုရုံ ကျန်ခဲ့ပါတယ်။
ထူးဆန်းတာက တစ်မြို့လုံးနီးပါး ပြာကျသွားပေမယ့် တံတားကြီးက ထီးထီးကြီး ကျန်ခဲ့တယ်။ တော်လိုက်တဲ့ ဗိသုကာပညာရှင်တွေ................

ဗုံးကျဲပြီးနောက် ကျန်ခဲ့တဲ့ပြည်သူတွေရဲ့ အခြေအနေနျူးကလီးယာနဲ့ ဆိုင်တဲ့ကိရိယာတွေပိုင်ဆိုင်တဲ့ နိုင်ငံတွေကို ကမ္ဘာ့မြေပုံနဲ့တကွ မြင်သာထင်သာအောင် ရှင်းပြထားတယ်။
"နိုင်ငံတကာရဲ့ သမိုင်းစာအုပ်များ" Corner မှာ မြန်မာ့သမိုင်းစာအုပ်ကို တွေ့ခဲ့ပါသေးတယ်။

ဆဌမတန်း မြန်မာ့သမိုင်းစာအုပ်ကို ပြထားတာ ဘာအတွက်ပါလိမ့်နော်။ အဲ့ဒီစာအုပ်ထဲမှာ ဟီးရိုးရှီးမားအကြောင်း ရေးထားလို့လား။ တကယ်လို့ ပါတယ်ဆိုရင်တောင် ကမ္ဘာ့သမိုင်းထဲမှာ ပါသင့်တာ ဟုတ်ဘူးလား။ ဆဌမတန်းမှာ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်း မခွဲသေးဘူးလား။ သို့လော သို့လောနဲ့ ရှာကြံစဉ်းစားနေပါတယ်။ အဖြေမှန်သိသူများ ပြောသွားပေးကြပါလားရှင်။

အပြည့်အစုံသို့....

Saturday, May 9, 2009

ဟီရိုးရှီးမားသို့ အလည်တစ်ခေါက်(2)

ပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ တြိဂံပုံကြီးရဲ့ နောက်ဘက်တည့်တည့်မှာ နျူကလီးယားဗုံးကျဲခံရတုန်းက သေသွားရှာတဲ့ မိသားစုသုံးယောက်ရဲ့ ရုပ်ထုရှိပါတယ်။ နီတာထွေးလေးကို ရင်မှာပိုက်၊ သားကြီးကို လက်ပြန်ကိုင်ရင်း သေသွားရှာတဲ့ မိခင်တစ်ယောက်ရဲ့ မိခင်ပီသတဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာပါ။

မြောက်များစွာသောလူတွေ ၊လူတွေ တစ်နေ့တည်းတစ်ချိန်တည်းမှာ အနေအထားအမျိုးမျိုးနဲ့ သေသွားကြရတာ ဘယ်ဘဝကို ဝဋ်ကြွေးပါလိမ့်နော်။
ဒါကတော့ ပန်းပွဲတော်ရဲ့ Miss တွေပေါ့။

အနီးကပ်ကြည့်လိုက်တော့ ချောတယ်ဟုတ်။
ပန်းပွဲတော်ကျင်းပတဲ့နေရာကို ရောက်လာပါပြီ။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖျော်ဖြေပေးဖို့ လာနေကြတယ်။
ကလေးတွေလည်းပါတယ်။ကကြပါပြီ။ အဖွဲ့တိုင်းလိုလို မြူးပါတယ်။


ကလေးငယ်လေးနဲ့ လူကြီးတွေ တွဲကထားတာပါ။ နည်းနည်းတော့ ဝါးတယ်။ ကြည့်ကြည့်ပါနော်။ လိုက်ပြီးကချင်စိတ်ပေါက်သွားမယ်။


ပန်းပွဲတော်ပြီးမှ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပြတိုက်ကြီးထဲ ဝင်ဖြစ်တယ်။ ပြတိုက်ကို အေးအေးဆေးဆေး လေ့လာချင်လို့လေ။


ဆက်ရန်

အပြည့်အစုံသို့....

Friday, May 8, 2009

ဟီရိုးရှီးမားသို့ အလည်တစ်ခေါက်

စကားချီး
ပို့စ်မရေးတော့ဘူးဆိုလို့ လာရောက်အားပေး၊ စိတ်ပူပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများကို အားနာပါတယ်။ ဟီရိုးရှီးမားသွားလိုက်တာ မျှဝေချင်တာနဲ့ ရေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။


ဟီရိုးရှီးမားသို့ အလည်တစ်ခေါက်



5.5.2009က ဟီရိုးရှီးမားကို သွားခဲ့ပါတယ်။ ဗုံးပေါက်ကွဲတဲ့နေရာကို မျက်မြင်ကိုယ်တွေ့ကြည့်ချင်တာကြောင့်ပါ။ ဂျပန်ရောက်ပြီးမှ ဟီရိုးရှီးမားလေးတောင် မရောက်ဖူးရင် ကိုယ့်ဟာကို ကျေနပ်မှာမဟုတ်လို့ မရောက်ရောက်အောင် သွားခဲ့တာပါ။

ဒါက Atomic Bomb Dome ပါ။ 1996ခုနှစ် 12လပိုင်းမှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ် ဖော်ပြပေးခြင်းခံရပါတယ်။ နျူကလီးယားဗုံးကျဲခံရပေမယ့် ဒီအဆောက်အဦးကြီးက တစစီမဖြစ်သွားဘဲ တဝက်တပျက်ကျန်နေခဲ့တာ.......... အခုအခါမှာတော့ ကမ္ဘာ့လှည့်ခရီးသည် တော်တော်များများက တကူးတက လာရောက်ကြည့်ရှုရတဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်နေပါပြီ။

ဘယ်ဘက်က လူကြီးက ငြိမ်းချမ်းရေးငှက်ကို ကိုင်ထားပါတယ်။ ငှက်နီလို့ နာမည်ပေးထားပြီး ညာဘက်က ကလေးနှစ်ယောက်ကတော့ ဗုံးကွဲတုန်းကပါသွားတဲ့ကလေးတွေကို ရည်ရွယ်ထုထားပုံပါပဲ။ နျူကလီးယားဗုံးနဲ့ ငြိမ်းချမ်းရေးကို နှိုင်းယှဉ်ပြချင်တာလို့ ထင်ပါတယ်။
့ Atomic Bomb Dome ကနေ ဆက်သွားလိုက်တာ တံတားတစ်ခုကိုရောက်လာပါတယ်။ တံတားပေါ်က ရိုက်လိုက်တဲ့ပုံက ဒီပုံပေါ့။ မြစ်ကြီးရယ်၊ မြစ်နံဘေးကလူတွေရယ်၊ စိမ်းလန်းစိုပြေတဲ့သစ်ပင်တန်းကြီးရယ်၊ Atomic Bomb Dome ရယ်နဲ့ ဘာရသမှန်းမသိ ခံစားစေတဲ့ ဓာတ်ပုံပါ။ ခံစားချက်မျိုးစုံပေးစွမ်းနိုင်တဲ့ ရှုခင်းလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။
ဗုံးဒဏ်ခံရသော ကလေးငယ်၏ရုပ်ထု
၁၂ နှစ်အရွယ်ကလေးငယ်လေးကို အစပြုပြီး ဗုံးကျဲတုန်းကပါသွားတဲ့ ကလေးငယ်အားလုံးရဲ့ ၀ိဥာဉ်တွေကို နှစ်သိမ့်တဲ့အနေနဲ့ ငြိမ်းချမ်းရေးရုပ်ထုဆောက်လုပ်မယ်လို့ ရည်ရွယ်ပြီး တစ်နိုင်ငံလုံးရဲ့ အလှုငွေနဲ့ တည်ဆောက်ထားတာပါတဲ့။ အဲဒီစကားက တကမ္ဘာလုံးအနှံ့ ကျယ်ပြန့်သွားပြီး ပြည်တွင်းတင်မက ပြည်ပနိုင်ငံအသီးသီးက ဆုတောင်းငှက်ရုပ်လေးတွေပြုလုပ်ပြီး ငြိမ်းချမ်းရေးကို ဆုတောင်းကြပါတယ်။ တစ်နှစ်ကို ငြိမ်းချမ်းရေးငှက်ရုပ်ပေါင်း သိန်းတရာနီးပါးရရှိပါတယ်တဲ့။

ဗုံးဒဏ်ခံရသော ကလေးငယ်၏ရုပ်ထုကနေ ညာဘက်ကို ချိုးလိုက်တယ်ဆိုရင်ဖြင့် ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံကို ရောက်ပါပြီ။ ရှေ့ဆုံးမှာ မြင်နေရတဲ့ လက်ကို ဆန့်တန်းထားသလို ပုံစံကြီးတစ်ခုကို သတိထားမိလားမသိဘူး။ အဲဒါ ကမ္ဘာကြီးအတွက် ထာဝရ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ မီးတိုင်ပါ။ 1.8.1964 မှာ စတင်မီးထွန်းခဲ့ရာက လက်ရှိအချိန်အထိ မီးမငြိမ်းသေးပါဘူး။ ကမ္ဘာ ကြီးပေါ်က နျူကလီးယားပျောက်ကွယ်သွားတဲ့ တစ်နေ့မှာ မီးငြိမ်းပါမယ်တဲ့ရှင်။
ပန်းခြံရဲ့အလယ်လောက်မှာ Memorial Cenotaph ရှိပါတယ်။ ဗုံးဒဏ်ကြောင့်သေဆုံးသွားတဲ့လူတွေအတွက် ဆုတောင်းမှုတွေကို ပြုလုပ်တဲ့ နေရာပေါ့။ ဘယ်သူမဆို လာရောက်ဆုတောင်းလို့ရပါတယ်။ ဒါပေမယ့် လက်ရှိဘုရင်နဲ့ မိဖုရား အကြိမ်ကြိမ်သွားပေမယ့် ဟီရိုးရှီးမားပြည်သူလူထုက လာဆုတောင်းတာကိုမကျေနပ်လို့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့ဖူးပါတယ်တဲ့။ နောက်ဆုံးတစ်ခေါက်တော့ အဆင်ပြေပြေ ဆုတောင်းခွင့်ရသွားတယ်လို့ သိရပါတယ်။

သွားလာနေတဲ့လူတွေ၊ စီတန်းတန်ဆာဆင်ထားတဲ့ ငြိမ်းချမ်းရေးငှက်ရုပ်တွေနဲ့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပြတိုက်ကြီးကို သွားရာလမ်းကြီးက စည်ကားနေပါတယ်။
လမ်းတလျှောက်မှာ နို့ဆီခွက်လို ပုံစံလေးတွေ တန်းစီထားတာ တွေ့ရပါတယ်။ အထဲမှာ မီးထွန်းလို့ရအောင် လုပ်ထားတယ်သိလား။ ဘေးပတ်လည်မှာ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ဆုတောင်းစာလေးတွေ ရေးထားတယ်။ တစ်ချို့ခွက်တွေမှာ ပုံလေးတွေတောင်ပါသေး။ တကယ်တော့ ပွဲတော်ရှိလို့ အဲလို ပန်းလေးတွေ အရုပ်လေးတွေ ရှိတာပါ။ ကံကောင်းပုံများ ပြောပါတယ်။တစ်နှစ်မှာတစ်ခါလုပ်တဲ့ ဟီရိုးရှီးမားရဲ့အကြီးကျယ်ဆုံးပွဲတော်တစ်ခုကိုပါ ကြည့်ခွင့်ရခဲ့ပါတယ်။ ဟီရိုးရှီးမားနဲ့ကမ္ဘာကြီးကို ချိတ်ဆက်ပေးမယ့် ငြိမ်းချမ်းရေးပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ပန်းပွဲတော်ကြီးတဲ့။

ဆက်ရန်

အပြည့်အစုံသို့....

 

Design By:
SkinCorner