Saturday, December 13, 2008

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်

ဒီနှစ်(2008) ဖေဖော်ဝါရီတုန်းက ဟော့ကိုင်းဒိုး(北海道)သွားခဲ့ပါတယ်။ လေ့လာရေးခရီးအနေနဲ့ပေါ့။ ကျမတို့ကျောင်းက နိုင်ငံခြားသားဆိုရင် ဂျပန်ပြည်တွင်း၊ ဂျပန်လူမျိုးဆိုရင် ကျောင်းက သတ်မှတ်ထားတဲ့နိုင်ငံတစ်နိုင်ငံကို မဖြစ်မနေသွားရပါတယ်။ မယူမနေရ ဘာသာဖြစ်ပြီး Credit ပေးပါတယ်။ ဒီတော့ သွားချင်လည်းသွား၊ မသွားချင်လည်းသွားပေါ့ရှင်။

မြန်မာကျောင်းသားတော်တော်များများက အအေးကြောက်လို့ အိုကီနာဝါ(沖縄)ကို သွားကြလေ့ရှိပါတယ်။ ဟော့ကိုင်းဒိုးသွားတဲ့လူလည်းရှိပေမယ့် နည်းတာပေါ့နော်။ ကျမကတော့ အေးခါမှ အေး၊ နှင်းကောင်းကောင်းမမြင်ဖူးလေတော့ နှင်းကြည့်ချင်တာနဲ့ ဟော့ကိုင်းဒိုးကိုပဲ သွားခဲ့တာပါ။ တိုကျိုမှာ တစ်ဆောင်းလုံးနေလို့ နှင်းဘယ်နှစ်ခါမှ မကျပါဘူး။ ကျလည်း ဖွဲဖွဲပဲ။ တစ်လမ်းလုံး နှင်းတွေနဲ့ ဖွေးဖွေးလှုပ်နေတာကို ဂျပန်ရောက်ပြီး သုံးနှစ်တာကာလအတွင်းမှာ ငါးကြိမ်တောင်ပြည့်အောင်မမြင်ဖူးပါဘူး။ ဒီတော့ နှင်းတွေအများကြီး မြင်ချင်၊ ကြည့်ချင်လို့ ဟော့ကိုင်းဒိုးကိုပဲ သွားဖြစ်အောင်သွားခဲ့ပါတယ်။

ထူးထူးဆန်းဆန်းလို့ပဲ ဆိုရမလားပဲ။ ကျမ ဟော့ကိုင်းဒိုးသွားတဲ့နေ့မှာ တိုကျိုမှာ နှင်းကျပါတယ်။ နှင်းမိုးရွာသလိုမျိုးကို ကျတာပါ။ မြင်မြင်ရာ နှင်းတွေချည်းပဲ။ ဟော့ကိုင်းဒိုးမရောက်မီ နှင်းတွေအများကြီး ထိတွေ့ရတာ ပျော်တော့လည်း ပျော်ပါတယ်။ စိတ်လည်း ညစ်သွားခဲ့တယ်သိလား။ ကျမမှာ အထုပ်အပိုးတွေနဲ့လေ။ ဒီလောက်နှင်းတွေကျနေတာ ဘယ်လို သွားလို့ သွားရမှာတောင်မသိဘူး။ ထီးလည်းဆောင်းလို့ မရ။ အေးကလည်း အေး။ တစ်ကိုယ်လုံးလည်း နှင်းတွေ ရွှဲနေတာပဲ။ TAXI ကလည်း လမ်းမှာ မရှိ၊ TAXI Company ကို ဖုန်းဆက်ပြီးငှားတော့လည်း နေရပ်လိပ်စာမေးပြီးတော့မှ "ကျမအိမ်နဲ့ဘူတာက နီးနီးလေးမလို့ လမ်းလျှောက်ပြီးပဲ သွားလိုက်ပါ.".......လို့ အကြံပေးလေရဲ့။ ဟင့် ဟင့်။ ပိုက်ဆံပေးငှားတာတောင် ရာသီဥတုမကောင်းလို့ လိုက်မပို့ချင်။  :c

ဒီတော့ နှင်းကြည့်ဖို့ တကူးတက ဟော့ကိုင်းဒိုးသွားတဲ့ ကျမမှာ နှင်းလူသားဘဝနဲ့ ဟနဲဒလေဆိပ်(羽田空港)ကို သွားခဲ့ရတာပေါ့နော်။ တော်သေးတယ်။ မဖျားဘူးသိလား။ လေဆိပ်ရောက်တော့ Host family အတွက် လက်ဆောင်တွေဘာတွေ ဝယ်ပေါ့။

ဪ၊ ပြောဖို့ မေ့နေတယ်။ ဒီခရီးစဉ်က နှစ်မျိုးရှိပါတယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမလား။ ဒါမှမဟုတ် သူတို့က စီစဉ်ပေးတဲ့ အစီအစဉ်အတိုင်း သွားမလား။ ကျမက သူတို့ စီစဉ်ပေးတဲ့ အစီအစဉ်အတိုင်း သွားလိုက်ပါတယ်။ ဒီတော့ ဘာတွေလိုအပ်တယ်၊ ဘာတွေမလိုအပ်ဘူးဆိုတာ ဘာမှ မသိဘူး။ Passportလည်း ပြရမယ်ထင်လို့ ထည့်လာတာ လိုလည်းမလိုဘူးသိလား။ သူတို့ Company နာမည်ရေးထားတဲ့ ကောင်တာမှာ ကိုယ့်နာမည်ပြောလိုက်တာနဲ့ လက်မှတ်ထုတ်ပေးတယ်။ Check in ဝင်ရုံပဲ။ ပြည်ပထွက်သလိုမျိုး Immigration လည်း ဖြတ်စရာမလို။ ဟိ ဟိ၊ ကျမက ဒီ ခရီးမတိုင်မီ ဂျပန်ကနေ ပြည်ပကို သုံးကြိမ်ထွက်ဘူးတယ်သိလား။ ဒီတော့ ကိုယ့်ကို ကိုယ် တော်တော်သိလှပြီ ထင်နေတာ ဘယ်ဟုတ်ပါလိမ့်မလဲ။ ဟော့ကိုင်းဒိုးသွားမှပဲ ကျမ မသိတာတွေ အများကြီးရှိသေးမှန်း သိရတော့တယ် အဟုတ်။

ဆက်ရန်
မကြာမီ
လာမည်
မျှော်
:z

6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မြတ်သွယ် said...

နှင်းကြိုက်တာချင်းတူနေလို့အစအဆုံးဖတ်သွားပါတယ်
နှင်းကျရင်အဲလိုဒုက္ခတွေရှိတယ်ဆိုတာသိသွားပါပြီ
ကျေးဇူးတင်ပါတယ်နော်
မကြာမီ လာမည် မျှော် ကိုစောင့်နေပါ့မယ်

Dr Phyo Wai Kyaw said...

၁) host family တွေ အကြောင်းကို သိပ်နားမလည်ပေမဲ့ ကြားဖူးပြီး သဘောကျနေတာဟ။
၂)နှင်းကျတဲ့ နေရာမှာတော့ ဂျပန်ကနှင်းက ပိုဖွေးတယ်လို့ ကြားဖူးတယ်ဟေ့ ဟုတ်မဟုတ်။ :P
၃)အဲလို ခရီးသွားမှ ခရက်ဒစ်ပေးတဲ့ စနစ်ကတော့ အားကျစရာပဲ.. ငါကတော့ ခရီးသွားရမှာ အသေကြောက်..နောက်ပြီး. ဒီမှာတော့ ..ပတ်စ်ပို့တ်တင်မက အကုန်ထုတ်ပြတာတောင် သိပ်မလွယ်ဘူး... စိတ်ကုန်တယ်
်၎)သီးစစ်လည်း ပြီးပြီဆိုတော့ လွတ်လပ်စွာ ဆက်လက်ရေးသားပေတော့... :P :P

ကိုရီးယားမင်းသမီး
ဇာတ်ကားရိုက်နေတာကျနေတာပဲ..
ဖတ်ရတဲ့သူက ထမင်းစားပြီး ရေမသောက်ရသလိုဖြစ်နေပြီ..

ပိတ်တီးလိုက်မယ်.
:P

မိုးပြေး said...

ကောင်းတာပေါ့ ဂျပန်မလေးရာ ဗဟုသုတရတာပေါ့။ အေးတာကို အန်တုလို့ ဟော့ကိုင်းဒိုး တစ်ခေါက်ရောက်ခဲ့လေပြီပဲ ။

puluque said...

ဖတ်ကောင်းနေတုန် မကြာမီ လာမည်မျှော်တဲ့ ...
ဇာတ်လမ်း ကြည့်နေတုန်း ကြော်ငြာဝင်တယ်..
နောက်တစ်ပိုင်း မြန်မြန်တင်ပါ ဂူးဂူးရေ....

မသက်ဇင် said...

မီဂုလေးရေ---
ကျေးဇူးစကားပြောရင်း--
ဗဟုသုတတွေ ဖတ်မှတ်သွားပါတယ်---
ဒီမှာလည်း--နှင်းတွေလေ---သိပ်သိပ်သည်းသည်းကျလို့ပေါ့--
အိမ်ထဲမှာ ကုပ်နေရင်း စာတွေအများကြီး--
ရေးဖြစ်တယ်---

ဗီလိန် said...

သိသွားပြီလား။ :)

 

Design By:
SkinCorner