Saturday, February 28, 2009

တွေးမိတွေးရာ



တစ်ခါတစ်လေကြတော့လည်း စဉ်းစားကြည့်သား၊

လူတွေဟာ ဘာအတွက်အသက်ရှင်နေကြသလဲလို့???????????????

ဘာအတွက် ရုန်းကန်လှုပ်ရှားနေကြသလဲလို့?????????????????

ဘာအတွက် ?????????????????????????????

ဘာအတွက်?????????????????

အပြည့်အစုံသို့....

Friday, February 27, 2009

အတွေး


လူတစ်ယောက်ကို ချစ်ရန်မှာ
အင်မတန်မှ လွယ်ကူသောအရာတစ်ခု ဖြစ်သော်လည်း

လူတစ်ယောက်နှင့်လက်ထပ်ရန်မူ
အချက်ပေါင်းများစွာ မရှိမဖြစ်လိုအပ်လို့နေတတ်သည်။

ထို့ကြောင့် "လက်ထပ်ခြင်း"နှင့် "ချစ်ခြင်း"အား ညီမျှခြင်းချကြည့်ရန် မလွယ်ကူပေ။

"ချစ်တိုင်းလည်း မညား၊ ညားတိုင်းလည်း မချစ်"ဟူသောစကားပုံမှာ ထိုသို့သော အကြောင်းများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ဟန်တူသည်။

ပုံကို Google မှရယူပါသည်။

အပြည့်အစုံသို့....

Thursday, February 26, 2009

花粉症(Hay fever)

花粉症(Hay fever)ဖြစ်စေတဲ့အပင်အမျိုးအစား
花粉症(Hay fever)ဖြစ်စေတဲ့ပန်းဝတ်မှုန်


花粉症(Hay fever)ဆိုတာ ပန်းဝတ်ဆံမှုန်ကနေဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ အဲဒါဖြစ်ပြီဆိုရင် နှာချေခြင်း၊နှာမွန်ခြင်း၊ နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်း၊ မျက်စိနီခြင်း၊ မျက်စိယားယံခြင်းတွေဖြစ်တတ်ပါတယ်။
တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။ Mask အုပ်ထားရင်တောင် မရပါဘူး။ ဂျပန်မှာ လူတော်တော်များများ 花粉症(Hay fever)ဖြစ်ကြပါတယ်။ အားလုံး Maskကိုယ်စီနဲ့။ ဂျပန်ရောက်တာကြာတဲ့ ကျမသူငယ်ချင်းတွေလည်း 花粉症(Hay fever)ရှိပါတယ်။ ဒီအချိန်(နွေဦးအကူး)ကို သူတို့အကြောက်ဆုံးပဲ။ 花粉症(Hay fever)က နေရခက်တယ်လေ။ ဖျားတာလည်းမဟုတ်။ နှာခေါင်းကယား၊ မျက်လုံးက ယားနဲ့ လူရှေ့သူရှေ့မှာ ကုတ်မရကတ်မရနဲ့ ။

花粉症(Hay fever)
မဖြစ်အောင် ကာကွယ်တဲ့ဆေးတော့ရှိပေမယ့် အမြဲသုံးရအောင်လည်း အဆင်မပြေပါဘူး။ နေရာဒေသနဲ့လိုက်ပြီး Pollen အနည်းအများ ကွဲပြားလို့ပါ။ တီဗီမှာ မိုးလေဝသကြေငြာရင်းနဲ့ 花粉症(Hay fever)သတင်းလည်း ကြေငြာပါတယ်။ ဘယ်ဒေသက Pollen ပိုများနိုင်သလဲပေါ့။ Hand phone မှာလည်း ကြည့်လို့ရပါတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ Hand phoneထဲက သတင်းကိုကြည့်ပြီး အဲဒီကပါတဲ့ကာကွယ်နည်းအတိုင်းလုပ်နေပါတယ်။

ကျမတော့ ဂျပန်ရောက်တာ လေးနှစ်ရှိတော့မယ်။ 花粉症(Hay fever)မဖြစ်ဘူး၊ မဖြစ်ဘူးနဲ့ သူငယ်ချင်းတွေကို လျှောက်ကြွားနေတာ။ အခုကျမှ ၊ တိတိကျကျပြောရရင် ဒီနေ့ကျမှ 花粉症(Hay fever)ဖြစ်ပါတယ်။ ဟင့် ဟင့်၊ မျက်လုံးတွေလည်း ယားပြီး နှာခေါင်းပိတ်နေပါတယ်။ ခံရအရမ်းခက်ပါတယ်။ ဒီစာရေးနေရင်းနဲ့တောင် မျက်လုံးတွေက ယားလွန်းလို့ ။ ဆေးလည်းမသောက်ချင်၊ ရှုလည်းမရှုချင်၊ လိမ်းလည်းမလိမ်းချင်ပေမယ့် မနက်ဖြန်မှ မသက်သာရင်တော့ ပျောက်အောင် ကုပါမယ်။ ဒီနေ့တော့ ပေပေတေတေနေလိုက်ပါဦးမယ်။

စကားမစပ်၊ ဒီနေ့ Pollen များပါတယ်။ ဒါကြောင့်၊花粉症(Hay fever) ဖြစ်တဲ့လူလည်း များပါတယ်။
ပုံကို http://takeda-kenko.jp/kirakira/vol16/kahun03.html
http://ja.wikipedia.org/wiki/%E8%8A%B1%E7%B2%89%E7%97%87
www.shimajiro.co.jp/.../clinic/topics/10.htmlမှရယူပါသည်။

အပြည့်အစုံသို့....

Tuesday, February 24, 2009

ဘီလိုလုပ်ရင်ကောင်းမလဲဟင်???

အခုတလော ရေးချင်တာတွေအရမ်းများပေမယ့် ဘာမှသိပ်မရေးဖြစ်ဘူး။ ဒီအကြောင်းရေးမယ် စဉ်းစားလိုက်တိုင်း တစ်ယောက်က ရေးသွားလိုက်၊ ဟိုအကြောင်းရေးမလားစဉ်းစားပြန်တော့လည်း နောက်တစ်ယောက်က ရေးသွားလိုက်နဲ့။ စိတ်ကလေးရယ်တဲ့ ညစ်ပါတယ်။ ကျမက ဘာဖြစ်လို့များ သူများတွေနဲ့ စိတ်ကူးချင်းတူနေရတာလည်း မသိဘူး။ စိတ်ကူးများ ထူးလည်းထူးဆန်းတယ်။ တစ်ခါတစ်လေ ခေါင်းစဉ်တောင် တစ်ထပ်တည်းကျလို့။ ခက်တော့နေပါပြီ။ ဆင်တူကြီး ရေးပြန်ရင်လည်း သူ့အတိုင်း လိုက်ရေးတယ်ဖြစ်အုန်းမယ်။ ဒီကြားထဲ ဘာရေးရေး ခဏခဏ အထင်လွဲခံရတာကလည်း ဘာကြောင့်မှန်းမသိ။ အခုတော့ ကျမမှာ ရေးချင်တာကို ရေးပိုင်ခွင့်တောင် ရှိမနေပါလား။ ဟင့် ဟင့်၊ ငိုတောင်ငိုချင်လာပြီ။ ဘီလိုလုပ်ရင်ကောင်းမလဲဟင်။ စိတ်ထဲရှိတဲ့အတိုင်း ရေးခွင့်လေးတော့ ရချင်မိပါရဲ့ အဟုတ်။

အပြည့်အစုံသို့....

Sunday, February 22, 2009

သင်္ကြန်ထမင်း

သင်္ကြန်ထမင်းစားဖူးကြပါသလား။ ကျမတော့ မှတ်မှတ်ရရ တစ်ခါစားဖူးပါတယ်။ မွန်လူမျိုး သူငယ်ချင်းကောင်မလေး ချက်ကျွေးတာလေ။ ကျောင်းကနေ တစ်ချိန်လစ်ပြီး သူမအဆောင်မှာ သွားစားကြတာပါ။ သူမ အဆောင်က ခရေပင်လမ်းထဲမှာ။ တိတ်ဆိတ်နေတာပဲ။ လူအသွားအလာလည်း သိပ်မရှိ။ အဲ၊ လူမရှိပေမယ့် ခွေးတွေတော့ အများကြီးသိလား။ သူစိမ်းမြင်တာနဲ့ ဟောင်တော့တာပဲ။ ကျမတို့ကိုလည်း မြင်ရော ဟောင်တော့တာပေါ့။ ဟင့် ဟင့်၊ ကြောက်စရာကောင်းမှကောင်း။ ကျမတို့က အားလုံးပေါင်း ခြောက်ယောက်ပါ။ အားလုံး လုံချည်လေးတွေနဲ့။ လက်မှာလည်း ထမင်းချိုင့်ကိုယ်စီနဲ့။ ခွေးတွေလည်း ဟောင်ရော ဘာလုပ်လို့လုပ်ရမှန်းမသိ။ ထွက်ပြေးရအောင်လည်း ထမီတွေနဲ့ ပြေးချင်တိုင်းပြေးလို့မရ၊ ဆက်သွားရအောင်လည်း ခွေးတွေက ဟန့်တားနေတယ်။ လမ်းလယ်ခေါင်ကြီးမှာ ရပ်ပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြရတယ်။ "ထမင်းစားမလား။ ပြန်ပြေးမလား"လို့ မျက်ရိပ်ပြ တိုင်ပင်ရသေးတယ်။ ပင်ပင်ပန်းပန်းချက်ကျွေးတဲ့ သူငယ်ချင်းမျက်နှာမြင်တော့ ခွေးကိုက်ခါမှ ကိုက် ၊ဆက်လျှောက်မယ်..................လို့ ဆုံးဖြတ်လိုက်တယ်။ :z

စိတ်ထဲမှာတော့ ဘုရားစာဆိုရင်းနဲ့ပေါ့။ :y အစကတည်းက ခွေးကြောက်ရတဲ့အထဲ၊ ခွေးတွေကလည်း ဆိုးမှဆိုး။ အခုပဲ လှမ်းကိုက်တော့မလို မာန်ဖီနေသေးတယ်။ တစ်ယောက်ချင်းစီ ရင်တစ်ထိတ်ထိတ်နဲ့ ချီတက်ကြရင်း နောက်ဆုံးမှာတော့ သူမအခန်းထဲ ရောက်လာပါတယ်။ ဟူး၊ အခုမှ သက်ပြင်းချရတော့တယ်။ ဒါတောင် ကိုယ်ရွှေချော ခွေးတွေက အဆောင်ပေါက်ဝမှာ ထိုင်စောင့်နေကြတယ်သိလား။ ချက်ကျွေးတဲ့ကောင်မလေးကတော့ ကျမတို့ အဖြစ်ကို သဘောကျလို့ ပြုံးစိပြုံးစိနဲ့ အပြင်ထွက်ပြီး ပန်းကန်တွေဘာတွေတောင် ထွက်ဆေးလိုက်သေးတယ်။ ကျမတို့ သတ္တိခဲတွေကတော့ အခန်းထဲမှာ ငြိမ်ငြိမ်လေး ကျန်ခဲ့တယ်။ ဟိဟိ၊ အဲလောက်ကို ကြောက်တာ။

သူငယ်ချင်းမလေးက စစချင်း ခူးခပ်ပြီးယူလာတာက ငါးခြောက်ကြော်ပါ။ နောက်တစ်ပွဲက သရက်သီးကြော်လို့ ခေါ်မလား၊ သရက်သီးသနပ်ခေါ်မလားပဲ။ သရက်သီးနဲ့လုပ်ထားတဲ့ ချဉ်ချဉ်ဟင်းလေးပါ။ ရှယ်မှရှယ်။ ဟင်းချက်အရမ်းကောင်းတာကိုး။ တစ်ယောက်တစ်ပေါက် ဟင်းတွေကို မြည်းရင်း ဝေဖန်ရေးလေကန်ရေးလုပ်နေကြတာပေါ့။ ရှက်ရှက်နဲ့ ပြောရရင် ခြောက်ယောက်အဖွဲ့မှာ ဒီတစ်ယောက်ပဲ ဟင်းချက်တတ်တာလေ။

ဟင်းတွေက ကောင်းပါတယ်။ ဒါပေမယ့်၊ ဒါပေမယ့်ပေါ့လေ။ သင်္ကြန်ထမင်းဆိုတာက ထမင်းချည်းပဲ စားရတာဟုတ်ဘူးတဲ့ရှင့်။ ထမင်းပေါ်မှာလေ ရေစမ်းစားရတာတဲ့။ ရေမှ နည်းနည်းဟုတ်ဘူး။ ချွဲနစ်နေတာပဲ။ ဟင်းရည်နဲ့ထမင်းတောင် နယ်မစားတတ်တဲ့ ကျမနဲ့ ကျမသူငယ်ချင်းတစ်ယောက်မှာ ငိုမဲ့မဲ့နဲ့။ "ဆက်ပဲ စားရမှာလား၊ မစားရတော့ဘူးလား" တွေဝေဝေလေးတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပေါ့။ စားတော့ စားချင်ပါတယ်။ ဒါပေမယ့်၊ ရေတွေ အများကြီးနဲ့ ထမင်းပြဲစိစိကြီးက ဘယ်လိုမှကို ပါးစပ်ထဲ ထည့်လို့မရ။ အားကလည်း နာ။ စိတ်ကို ညစ်ရော။ ဟင်းတွေချည်းပဲ စားလို့လည်း မကောင်း။ တော်တော်ကို စိတ်ရှုပ်ခဲ့တာ။ နောက်ဆုံးတော့၊ ထမင်းတစ်ဇွန်း၊ ဟင်းနှစ်ဇွန်းနဲ့ပဲ မဝင်ဝင်အောင် မျိုချလိုက်တယ်။ ဝါးတောင်မဝါးဘူး။ ဟိ ဟိ။ ကုန်ရင် ပြီးရော။ သူငယ်ချင်းလည်း စိတ်ချမ်းသာ၊ ကိုယ်လည်း ဗိုက်ဝ ဟုတ်တယ်ဟုတ်။ ဪ၊ဒါနဲ့ အပြန်မှာလည်း ခွေးရှောင်သိုင်းကျင့်ရင်း ရင်တမမနဲ့ ပြန်လာခဲ့ရတယ်သိလား။

ဘာပဲပြောပြော အမှတ်တရအဖြစ်နဲ့ ထင်ကျန်ခဲ့တာပေါ့။ ဒါပေမယ့်၊ နောက်တစ်ခါ "သင်္ကြန်ထမင်းစားမလား"လို့ တစ်ယောက်ယောက်ကမေးလာခဲ့ရင် "ရေပါလား"လို့ အရင်ဆုံး ပြန်မေးရပါလိမ့်မယ်။ :p

အပြည့်အစုံသို့....

Thursday, February 19, 2009

ညည်းချင်း

Template ပြောင်းမယ် ပြောင်းမယ်နဲ့ စဉ်းစားနေတာကြာပြီ။ အခုချိန်ထိ အကောင်အထည်မပေါ်သေးဘူးသိလား။ ဒီ Templateလေးနဲ့ ဘလော့စရေးခဲ့တာဆိုတော့ ဘာရယ်မဟုတ် ဒီTemplate လေးအတိုင်းပဲ ရှိတော့ရှိစေချင်သား။ အိုကေ၊ Template မပြောင်းချင်ရင် Banner ပြောင်းမလားလို့ စဉ်းစားကြည့်တော့လည်း မလုပ်တတ်။ :p( အရင် Bannerတွေက သူများလုပ်ပေးတာလေ။ )

သူများ ဘလော့လေးတွေ အိမ်အခွံလေးတွေပြောင်းသွားတိုင်း အားကျပြီး သွားကြည့်မိတယ်။ လှလိုက်ကြတာ။ ကိုယ့်ကျတော့ ဘီလိုလုပ်ရမှန်းကို သိဘူး။ ဂျီးကလည်း များသေးတယ်လေ။ Side barက အစ တစ်ရောင်တည်းဖြစ်ချင်တာကိုး။ နောက်ပြီး ကလေးမဟုတ်သူငယ်မဟုတ် အရုပ်ကလည်း ကြိုက်သေးတယ်။ အရုပ်Template ကလည်း ရှားမှရှား။

ဟင့် ဟင့်၊ စိတ်ကလေးရယ်တဲ့ ညစ်ပါတယ်။
အခုနေ၊ Banner အသစ်ပဲဖြစ်ဖြစ် ၊ အရုပ်Template အသစ်လေးပဲဖြစ်ဖြစ် လက်ဆောင်လာပေးမယ့်လူရှိရင် ကောင်းမယ်နော်။ micky

အပြည့်အစုံသို့....

Tuesday, February 17, 2009

NAGANO KEN မှ...လက်ဆောင်

NAGANO KEN မှ...လက်ဆောင်

သုံးဆောင်ကြပါနော်..


Mocha cookies


ရှင်းရှုးပန်းသီး
( ပန်းသီးအစစ် မဟုတ်ဖူးနော် :) ဂျပန် ရိုးရာ မုန့်တစ်မျိုးပါ )


အပြည့်အစုံသို့....

Monday, February 16, 2009

စိတ်

စိတ်+

စိတ်ချမ်းသာ၊
စိတ်သက်သာ၊
စိတ်ကျေနပ်၊
စိတ်ကြည်နူး၊
စိတ်ပျော်ရွှင်၊
စိတ်ထားကောင်း၊
စိတ်ကောင်းမွေး။


စိတ်-


စိတ်ဓာတ်ကျ၊
စိတ်ညီးညူ၊
စိတ်ညစ်၊
စိတ်ရှုပ်ထွေး၊
စိတ်ထွေပြား၊
စိတ်ဒုက္ခ၊
စိတ်ကောက်၊
စိတ်ပုတ်၊
စိတ်ယုတ်မာ၊


~စိတ်


မကောင်းစိတ်၊
ကြည်နူးစိတ်၊
အာရုံနောက်စိတ်


စိတ်နှင့်ဆိုင်သော~

စိတ်နဲ့လူနဲ့မကပ်။
ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့။
လူဖြောင့်စိတ်တို လူချိုစိတ်ကောက်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာ။
စိတ်ပျို ကိုယ်နု။

အပြည့်အစုံသို့....

Thursday, February 12, 2009

ထမင်းနဲထိုးပွဲ

ကိုစည်သူက "မြန်မာပြည်မှာ ထမင်းနဲထိုးနေပြီ"ဆိုပြီး Cbox မှာလာပြောသွားတယ်။ အဲဒါ သွားစား၊ အဲလေ သွားဖတ်ရင်း ကျောင်းတုန်းက ထမင်းနဲ ထိုးပွဲလေးကို သတိရမိတယ်။

ပထမနှစ်တုန်းကပေါ့။ ကျမတို့ကျောင်းမှာ ထမင်းနဲ ထိုးပါတယ်။ဘုန်းကြီးကျောင်းကို ကပ်လှူဖို့အတွက်ပါ။ ဒီတိုင်းထိုးတာမဟုတ်ပါဘူး။ ပြိုင်ပွဲလုပ်တာပါ။ ပျော်စရာကြီးသိလား။ မိုးပြဲဒယ်ကြီးတွေ တန်းစီထားပြီး မေဂျာအလိုက် အပြိုင်အဆိုင်ထိုးကြတာ။ မေဂျာ(7) ခုရှိတော့ နှစ်ရက်လား၊ သုံးရက်လားမသိဘူး ခွဲထိုးခဲ့ရတယ်သိလား။ တက္ကသိုလ်ဓမ္မာရုံရှေ့က ကွပ်လပ်ပြင်ကြီးမှာလေ။ ကိုယ့်မေဂျာကိုယ် အားပေးရင်း ထမင်းနဲ ထိုးရတာ ပျော်စရာကောင်းမှကောင်း။ ပြန်တွေးကြည့်တိုင်း ပြုံးမိတယ်သိလား။ :z

ကျမတို့က ဂျပန်ကဆိုတော့ ဂျပန်လို အော်ပြီး ထမင်းနဲ ထိုးတဲ့လူတွေကို အားပေးတာလေ။ အဲလိုပဲ တစ်ခြားမေဂျာတွေကလည်း သူတို့ဘာသာစကားနဲ့ အားပေးကြတာပေါ့။ ဟ ဟား၊ ကိုရီးယား၊ ရုရှား၊ ဂျာမန်စတဲ့ဘာသာစကားသံတွေ ဆူညံနေတာပဲ။ ကျမလည်း မြန်မာလိုအော်လိုက်၊ ဂျပန်လို အော်လိုက်နဲ့ အားပေးရတာ လူလည်း အသံတောင် မထွက်တော့တဲ့အထိ။ ဂျပန်က လူများတယ်သိလား။ ပြီးတော့ စည်းလည်း စည်းလုံးတယ်။အစ်ကိုကြီးတွေက ထမင်းနဲ ထိုးလိုက်၊ ကလိုက်နဲ့ တစ်ဝါးဝါးရယ်နေရတယ်။ ဟာသတွေလည်း ပြောသေးတယ်။ အစ်မတွေက ထမင်းနဲ ထိုးတဲ့လူတွေကို ရေတိုက်၊မုန့်ကျွေးနဲ့။ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ပါးပါး ထမင်းနဲ ထိုးကြတာလေ။ မိန်းကလေးတွေလည်း တစ်ချက်တစ်ချက်ဝင်ထိုးသေးတယ်သိလား။ မေဂျာတူမောင်နှမတွေက အဲလောက်ကို အားပေးကြတာ။ :z

ဟိ ဟိ၊ ဒါပေမယ့် ပထမဆုရဘူးသိလား။ အရင်ဆုံး မပြီးလို့လေ။ ထမင်းနဲအကောင်းဆုက တတိယလားပဲရတယ်။ ပထမက ကိုရီးယားက ရသွားတယ်။ သူတို့က လူနည်းပေမယ့် အမြန်ပြီးတယ်သိလား။ ဟင့် ဟင့်။ ကောင်းလည်း ကောင်းတယ်ရှင့်။ ကိုရီးယား သူငယ်ချင်းမ လာကျွေးလို့ စားကြည့်တာ ရှယ်မှ ရှယ်။ အဲ၊ ရှူးတိုးတိုး၊ ဒီအကြောင်းကို ဂျပန်တွေမသိစေနဲ့နော်။ တော်ကြာ "သစ္စာဖောက်"ဆိုပြီး ဝိုင်းထုကြလိမ့်မယ်။ :)တစ်ကယ်တော့ ဂျပန်က ထိုးတဲ့ ထမင်းနဲက မီးခိုးစော်နည်းနည်းနံတယ်။ ဘာမှားသွားလို့လည်း သိဘူး။ ဒါပေမယ့် ကိုယ့်မေဂျာကို ကိုယ့်မှ အားမပေးရင် ဘယ်ဖြစ်မလဲနော်။ "ကောင်းလိုက်တာ၊ ကောင်းလိုက်တာ"ဆိုပြီး ပြုံးပြုံးလေးနဲ့ စားပြရတာပေါ့။ (ဆွမ်းကပ်ပြီးတော့ ပိုတဲ့ဟာကို တစ်ယောက်တစ်ထုပ်စီ ခွဲပေးတာလေ။ :p )

ဂျပန်က ထမင်းနဲအကောင်းဆုသာမရတာပါ။ စည်းလုံးဆုရတယ်သိလား။ စည်းလုံးရေးမှာ ပထမဆု။ လူတွေအများကြီးလာအားပေးလို့လေ။ မိန်းကလေးတွေပါမကျန် တစ်ပျော်တစ်ပါးကြီး ထမင်းနဲထိုးကြတာလည်း ပါတာပေါ့။ အဲဒီအပြင်၊ မနက်ခင်း(7)နာရီလောက်မှာ အိပ်ရာထပြီး လာအားပေးတာကြောင့်လည်း ပါမယ်ထင်တယ်။ :p (ဆောင်းတွင်းကြီးမှာ ဘယ်သူ့မှ အိပ်ယာအစောကြီး မထချင်ဘူး ဟုတ်။)

အပြည့်အစုံသို့....

Monday, February 9, 2009

အင်တာနက်ကဖေး

မြန်မာနိုင်ငံက အင်တာနက်ကို သေချာ မသုံးဖူးပါဘူး။ ဒီတော့ သေချာမသိပါဘူး။ အင်တာနက်ကဖေးတွေက ဘယ်လိုမျိုးရှိလဲတော့မသိဘူး။ အိမ်က သွားသုံးတိုင်းတော့ တစ်ခါမှ အဆင်မပြေဘူးသိလား။ ညီမရှိတုန်းက တော်သေးတယ်။ အခု သူမကလည်းမရှိဆိုတော့ ကျမမိဘတွေဆို တော်ရုံမလာဘူး။ ကျမလည်း အဆင်မပြေလို့ ဖုန်းပဲဆက်တာများတယ်။

"ဒီနေ့တော့ အရေးကြီးလို့ မေးလ်လာပို့ပေးပါ"လို့ ပြောမိတယ်။ အိမ်ကလာပြီး စကားခဏပြောပါတယ်။ တစ်လက်စတည်း ဆိုင်ကလူကို Scan ဖတ်ပြီး ကျမဆီ မေးလ်ပို့ပေးပါ................လို့ ပြောမိတယ်။ ဒီလိုနဲ့ ကျမလည်း စောင့်နေတာပေါ့။ ဘယ်တော့များ မေးလ်ဝင်လာမလဲ။ ဝင်လာမလဲဆိုပြီး။ ၁နာရီခွဲလောက်ကြာသွားတယ်။ မေးလ်ကရောက်မလာဘူး။ ကွန်နက်ရှင်ကလည်း ကျလိုက် တက်လိုက်နဲ့ စကားလည်း မပြောရ။ မေးလ်ကလည်း ရောက်မလာ။ မိဘတွေခမျာ ပြန်လည်းမပြန်ရ။ ကြာတော့ သနားတောင် သနားလာမိတယ်။ ဒါနဲ့၊ တစ်ခါ ကွန်နက်ရှင်ပြန်မိတုန်း ဆိုင်ဝန်ထမ်းကို ခေါ်ပေးပါ...........ဆိုပြီး ဆိုင်ဝန်ထမ်းနဲ့ စကားပြောလိုက်တယ်။ "လုပ်နေတာပဲ မရသေးဘူးတဲ့။ Scanဖတ်တာ ကွန်နက်ရှင်ကကောင်းမှမကောင်းတာကို..."........တဲ့။ ဟောတော့၊ Scanဖတ်တာ ကွန်နက်ရှင် နဲ့ဆိုင်လို့လား????????

ထားပါတော့၊ Scanဖတ်ပြီး မေးလ်ပို့မှာဆိုတော့လည်း သူပြောတဲ့ဆင်ခြေအတိုင်းပဲ ထားလိုက်ပါတော့။ အဲဒီမှာ သူက ဆက်ပြောပါတယ်။ "မေးလ်ပို့ဖြစ်ရင်လည်း မေးလ်အကောင့်တစ်ခုပဲ ပို့ပေးနိုင်မယ်တဲ့။ CC, BCCမထည့်ပေးနိုင်ဘူးတဲ့။ အချိန်ပိုကုန်မှာ စိုးလို့"..........တဲ့။ ဘုရားရေ၊ အဲလိုမျိုး ရှိသတဲ့လား။ မသိလို့ မေးပါရစေ။ မြန်မာနိုင်ငံမှာ မေးလ်အရေအတွက်အနည်းအများပေါ်မူတည်ပြီး ၊ CC,BCCထည့်တာနဲ့ ပတ်သတ်ပြီး အချိန်ပိုကုန်ပါသလားရှင်။ မေးလ်တစ်စောင်ကို တစ်နာရီကျော် ကြာပါသလား။တကယ်မသိလို့ပါ။

အဲဒီအပြင် ပြောသေးတယ်။ "ပိုက်ဆံလည်း ပိုပေးရမယ်ဆိုပဲ။ " ဟယ်..................................လို့ပဲ အော်မိတော့တယ် အဟုတ်။

တစ်လက်စတည်း မနေ့ကအကြောင်းလေး ပြောလိုက်အုန်းမယ်။ မနေ့က အိမ်က ကျမကို ကြည့်ချင်တယ်ဆိုလို့ Webcam ဖွင့်လိုက်တာ အိမ်က ထိုင်နေတဲ့စားပွဲရဲ့ အနောက်ဖက်တည့်တည့်က လူက စကားသံတွေ ကြားလို့ ထင်ပါရဲ့။ ထိုင်ရာကနေ ထထပြီး Webcamထဲက ကျမကို လာချောင်းကြည့်နေတယ်။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်။ Webcam ပိတ်ပစ်ရအောင်လည်း ကိုယ့်မိဘက ရှိသေးတယ်။ အဖြစ်သည်းတာတော့မဟုတ်ဘူး။ ကိုယ်နဲ့မသိတဲ့လူကြီးက အဲလိုကြီးလာကြည့်တာတော့ မကြိုက်တာအမှန်။ နောက်ပြီး သူ့ကို ပြတာလည်းမဟုတ်။ ကိုယ့်မိဘနဲ့ကိုယ် စကားပြောနေတာကို။ စိတ်ကုန်ပါ့။

အင်တာနက်ကဖေးအကြောင်းများပြောရရင် ကုန်တောင်မကုန်။ ဟိုတစ်ခါလည်း အိမ်ကလာလို့ စကားပြောတယ်။ ပြီးတော့ ပြန်သွားတယ်။အဲ၊ ဘယ်နှစ်မိနစ်မှ မကြာဖူး ။ အကောင့်တွေ Add လာပါလေရော။ Acceptမပေးပါဘူး။ Add လို့လည်းမရရော အိမ်က အကောင့်နဲ့ လာခေါ်တော့တာပဲ။ အစက အိမ်က ပြန်လာတယ်ထင်လို့ကိုင်မိသွားတယ်။ နောက်မှ ကိုယ့်မိဘအသံမဟုတ်တော့မှ ချက်ချင်းချလိုက်ရတယ်။ အံမယ်၊ အဲဒါကို သူက မရရအောင် Type လိုက်သေးတယ်။ "ကိုင်တုန်းကတော့ ကိုင်ပြီးတော့"........တဲ့။ ဘာပြောလို့ ပြောရမှန်းတောင်မသိဖြစ်သွားတယ်။ (သူဝင်ထားတာ ကျမမိဘအကောင့်လေ။ ) ဆက်လည်း စကားပြောချင်စိတ်မရှိတာနဲ့ အဲဒီအကောင့်ကို Block ပြီး မိဘတွေအတွက် နောက်ထပ်အကောင့်ဖွင့်ပေးလိုက်ရတယ်။ ဟူး၊ မလွယ်ပါလားနော်။

အင်တာနက်ကဖေးက ကျမနဲ့တော့ အကျိုးကိုမပေး။

အပြည့်အစုံသို့....

Sunday, February 8, 2009

感染列島 (Pandemic Trailer)

ကူးစက်ရောဂါကုသရာတွင် အသုံးပြုသော ဆရာဝန်၏ ဝတ်စုံ



感染列島 (Pandemic Trailer)ဆိုတဲ့ဇာတ်ကားသွားကြည့်တယ်။ တစ်ခါမှမရှိဘူးသေးတဲ့ ကူးစက်စေနိုင်တဲ့Virusရောဂါ အသစ်တစ်မျိုးက ဂျပန်တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားတဲ့အကြောင်းရိုက်ထားတာပါ။
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် မင်းသားက Virus သယ်ဆောင်လာသူကို ကုသပေးခဲ့တဲ့ ဆရာဝန်ပါ။ သူ စမ်းသပ်စစ်ဆေးတုန်းက ဘာရောဂါမှမရှိဘူး၊ "သာမန်အဖျားလောက်ပဲ" လို့ ဆုံးဖြတ်ချက်ချပေးခဲ့ပေမယ့် နောက်နေ့မှာ မျက်လုံးကနေ သွေးတွေထွက်ပြီး သေသွားခဲ့ပါတယ်။ နောက်နေ့တွေမှာလည်း တစ်ယောက်ပြီးတစ်ယောက် အလားတူ ဝေသနာနဲ့ပဲ သေသွားခဲ့ကြတယ်။ "ကြက်တုပ်ကွေး"လို့ ထင်ပြီး ရှိသမျှ ကြက်တွေကို သက်ပစ်ခဲ့ပေမယ့် "ကြက်တုပ်ကွေး"မဟုတ်တဲ့Virusအသစ်ကတော့ တစ်နေ့ထက်တစ်နေ့ ထပ်မံတိုးပွါးလာပါတယ်။ Virusအသစ်ကြောင့်သေလိုက်တဲ့လူတွေဆိုတာ သောက်သောက်လဲ။ သွေးရူးတန်းရူးနဲ့ တစ်ခြားမြို့ကိုထွက်ပြေးတဲ့လူတွေလည်းအများကြီးပဲ။ ကာကွယ်ရေးတပ်တွေက ပိတ်ပင်တားဆီးတာတောင် မနိုင်တော။ ပွဲလန့်တုန်း ဖျာခင်းတဲ့လူတွေကြောင့် လုယက်ခိုးနှက်မှုတွေလည်း ရှိလာတယ်။   စတိုးဆိုင်တွေဆိုလည်း ဘယ်သူမှ ပိုက်ဆံပေးမဝယ်၊ အကုန် လုယက်ခိုးယူကြတာ။ ခေတ်ပျက်သွားပြီလေ။ ဒီကြားထဲ Virusကလည်း ပိုပိုတိုးပွါးလာတော့ လူနာတွေလည်း သေမှသေပဲ။

မင်းသမီးရောက်လာတော့မှ နည်းနည်းတော်သွားတော့တယ်။ မင်းသမီးက W.H.O ကတာဝန်ပေးအပ်ခံရလို့ ရောက်ရှိလာတဲ့ ဆရာဝန်ပါပဲ။ မင်းသားရှိတဲ့ ဆေးရုံကစတင်ဖြစ်ပွါးခဲ့တာမလို့ အဲဒီဆေးရုံကို လာရောက်ရတာဖြစ်ပြီး Virusကို တိုက်ဖျက်ဖို့ ကြိုးပမ်းကြရာမှာ တာဝန်အရှိဆုံးလူဖြစ်ပါတယ်။ မင်းသမီးက အသေခံတပ်သားအဖြစ် ဆရာဝန်တွေ၊ သူနာပြုတွေကို ရွေးချယ်ခဲ့ပါတယ်။ "အချိန်မရွေး သေနိုင်တယ်။ ရောဂါလည်း ကူးနိုင်တယ်။ မိသားစုနဲ့လည်း ခွဲနေရမယ်။ အဲဒါတောင်မှ လိုက်ပါချင်တယ်ဆိုရင် လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်"လို့ ပြောလိုက်ရော အစက တစ်ယောက်လက်ထောင်ရာက နောက်ထပ် တစ်ယောက်ပြီးတစ်ယောက် လက်တွေထောင်ကြတာ မင်းသမီးခမျာ ဝမ်းသာဝမ်းနည်းကြီးခံစားရတာပေါ့။ (တော်တော်ကောင်းတဲ့ဇာတ်ဝင်ခန်းပါ။ )

တစ်ကယ်တော့ Virusက ဖိလစ်ပိုင်ကျွန်းဆွယ်က ရွာတစ်ရွာကနေ ကူးတာပါ။ Virus ဖြစ်နေတဲ့ရွာကကောင်မလေး တစ်ခြားရွာကို လာတုန်း ရောဂါပါလာတာပါ။ အဲဒါကိုမသိတဲ့ ဂျပန်ဆရာဝန်(ပရဟိတအနေနဲ့ နေရာအနှံ့အပြားမှာ ဆေးလိုက်ကုပေးနေတဲ့ ဆရာဝန်ပါ။ ရှာမှရှား သူတော်ကောင်းကြီးပါ။)က ကောင်မလေးကို စစ်ဆေးရင်းနဲ့ သူပါ ကူးသွားခဲ့တာပါ။ သူက သူ့ကိုယ်သူ ဇဝေဇဝါနဲ့ ဂျပန်မှာရှိတဲ့ သူ့သမီးအိမ်ကို သွားခဲ့ပါတယ်။ တစ်ရက်တည်းနေပြီး ဖိလစ်ပိုင်ကို ပြန်လာခဲ့ပေမယ့် Virusကတော့ ပျံ့နှံ့သွားခဲ့ပါပြီ။ သူ့သမီးအိမ်မှာ ချောင်းဆိုးတုန်းက သူ့သားမက်မှာ ရောဂါကူးသွားခဲ့တာပါ။ ဪ၊ ဒါနဲ့ မင်းသားစစ်ဆေးပေးခဲ့တာ အဲဒီလူလေ။ မင်းသားစစ်ဆေးတုန်းက ရောဂါမရှိခဲ့ပေမယ့် တစ်ရက်အတွင်း ပြောင်းလဲသွားခဲ့တာပေါ့။

ဒီတော့ ဂျပန်ကို Virusသယ်လာတဲ့ အဓိကတရားခံက မင်းသားစစ်ဆေးပေးခဲ့တဲ့လူနာမဟုတ်ပါဘူး။ ပရဟိတ ဂျပန်ဆရာဝန်ကြီးပါ။ သူက ချက်ချင်းပြန်သွားခဲ့ပေမယ့် ရထားစောင့်နေတုန်း သွေးတွေအန်ခဲ့ပါတယ်။ အဲဒီသွေးတွေကို ရထားတာဝန်ရှိသူက ဆေးကြောသုတ်သင်ခဲ့ပါတယ်။ ဒါပေမယ့် Virusက တစ်ဘူတာလုံးကို လေမှတစ်ဆင့် ပျံ့နှံ့သွားခဲ့ပါပြီ။ ဘူတာဆိုတော့ အနယ်နယ်အရပ်ရပ်က လူတွေလာတာလေ။ ဒီတော့ ဒေသအသီးသီးကို ရောက်သွားပြီပေါ့။ ဒီတင်ဘယ်ကဦးမလဲ။ ပရဟိတ ဂျပန်ဆရာဝန်ကြီးသွေးအန်တုန်းက "အဆင်ပြေရဲ့လား"..............လို့ သွားမေးခဲ့တဲ့ လူတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီလူကတော့ ကားနဲ့ သူ့ဒေသကို ပြန်သွားခဲ့တာပါ။ လမ်းတဝက်မှာတင် ချောင်းဆိုး၊ သွေးအန်၊ မျက်လုံးထဲက သွေးတွေထွက်ပြီး သေသွားခဲ့တာပါ။ ဒီမှာတင် အဲဒီကားထဲမှာပါတဲ့လူတွေလည်း Virusရသွားပါပြီ။ ဒီလိုနည်းနဲ့ ဂျပန်တစ်နိုင်ငံလုံး ရောဂါပျံ့နှံ့သွားခဲ့တာပေါ့။

”Virusတိုက်ဖြတ်နည်း”အမျိုးမျိုးစမ်းသပ်စစ်ဆေးခဲ့တာ နောက်ဆုံးမှာတော့ တိုက်ဖြတ်နည်းကို တွေ့ရှိခဲ့ပါတယ်။ မင်းသမီးကအသေခံပြီး စမ်းသပ်ခဲ့တာပါ။ သွေးလှယ်တဲ့စနစ်လို့ ထင်တာပါပဲ။ မင်းသမီးက အပြင်သွားတုန်း အမှတ်မထင် လူနာတစ်ယောက်နဲ့ တိုက်မိပြီး ရောဂါကူးဖူးတယ်လေ။ ရောဂါကို ပျောက်အောင် ဘယ်လိုလုပ်ရမလဲ အမြဲစဉ်းစားနေခဲ့တဲ့ မင်းသမီးဟာ သူမရောဂါဖြစ်တဲ့အချိန်မှာ သူမကိုယ်သူမ အစမ်းသပ်ခံအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ပြန်ကောင်းဖို့ (2)ရာခိုင်နှုန်း ပဲရှိတောင်မှ ကုမယ်တဲ့လေ။ ဒါမှ နောက်လူတွေကို ကုသပေးဖို့နည်းလမ်းတစ်ခုရမှာဆိုပြီး။ ဒီလိုနဲ့ အဲဒီကုထုံးက အောင်မြင်ခဲ့ပါတယ်။ တစ်နေ့တစ်ခြား Virusရှိတဲ့လူနာတွေ လျော့ပါးလာပြီး ဂျပန်နိုင်ငံလည်း တည်ငြိမ်အေးချမ်းတဲ့ဘဝကို ရောက်လာပါပြီ။

မင်းသမီးတုန်းကတော့ စတင်စမ်းသပ်ဆဲကာလမလို့ အသက်ဆုံးရှုံးသွားခဲ့ရတာပေါ့။ မင်းသားက ငိုရတော့ တာပေါ့။ ဟင့် ဟင့်၊ မင်းသားနဲ့မင်းသမီးက တစ်ချိန်ကချစ်သူတွေလေ။

ဇာတ်လမ်းက တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရိုက်ထားတာလည်း အသက်ဝင်တယ်။ မင်းသား ဖိလစ်ပိုင်က Virusရှိတဲ့လူနာတွေနဲ့ တွေ့တဲ့အခန်းဆို အသည်းတောင် တုန်တယ်။ လဲနေရာကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာတာလေ။ သရဲတွေလိုမျိုး။ အမယ်လေး........................................ ရေးရင်းနဲ့တောင် ပြန်မြင်ယောင်မိတယ်။ ဟင့် ဟင့်၊ ဘုရား ကယ်တော်မူပါ။

ဪ၊ ကြောက်တာနဲ့ ပြောဖို့ ကျန်ခဲ့တယ်သိလား။ အဲဒီဇာတ်ကားမှာ ပါတဲ့ ဇာတ်ဝင်စကားလေ။

「たとえ明日地球が滅ぶとも、今日君はりんごの木を植える」
အကယ်၍၊ မနက်ဖြန် ကမ္ဘာကြီး ပျက်သုန်းသွားခဲ့ရင်တောင်
ဒီနေ့မှာ သင်ဟာ ပန်းသီးပင်စိုက်နိုင်တယ်။

အပြည့်အစုံသို့....

"အောင်မြင်ခြင်း"ပန်းတိုင်ဆီသို့

နောက်ဆုံးချိန်ထိ ကိုယ့်ကိုကိုယ် ယုံကြည်ရမယ်။

ကိုယ့်ကိုကိုယ် မယုံကြည်ရင် ဘယ်သူက ကိုယ့်ကို ယုံကြည်မှာလဲ။

ယုံကြည်မှုမရှိရင် ဘယ်အရာမှ မစတင်နိုင်ဘူး။


အဆုံးကို မတွေးထားရဘူး။

အဆုံးသတ်နံရံဆိုတာ ဘယ်မှာမှ မရှိဘူး။


နောက်ထပ် နောက်ထပ် ကြိုးစားနိုင်တယ်။

ဘဝင်မကိုင်ရ။

အားသွန်ခွန်စိုက် ကြိုးစားကြရအောင်။


လုပ်နိုင်လား၊ မလုပ်နိုင်လား စဉ်းစားစရာမလို။

လုပ်ကို လုပ်ရမယ်။


နောက်ကြောင်း ပြန်မကြည့်ရ။

တစ်စက္ကန့်၊ တစ်မိနစ်တောင်မှ ရှေ့သို့သာ

အခုမှ ဘဝစတာ။


တစ်ကယ်လုပ်ရင် တစ်ကယ်ဖြစ်တယ်။


စိတ်မပျက်ရ။

ဇွဲမလျှော့ရ။


နိုင်နိုင်ရှုံးရှုံး

အားသွန်ခွန်စိုက်

ကြိုးစားလုပ်ဆောင်ပါက

အောင်မြင်မှာ မလွဲဧကန်။

အပြည့်အစုံသို့....

Friday, February 6, 2009

"နှင်းတောထဲမှာ"

မနှစ်တုန်းက ဒီအချိန် နှင်းတောထဲရောက်နေတာသိလား။ မြင်မြင်သမျှ နှင်းတွေချည်းပဲ။ ဖြူဖွေးပြီး အရမ်းလှတယ်။ နှင်းကို မမြင်ဘူးခင်ကတည်းက အရမ်းချစ်တဲ့ ကျမက နှင်းတွေအများကြီး တွေ့လိုက်ရတာ ဘယ်လိုပျော်မှန်းကို မသိ။ တစ်သက်နဲ့တစ်ကိုယ် အဲလိုမျိုး တစ်ခါမှ မကိုင်ဘူးတဲ့ နှင်းတွေကို ကိုင်ကြည့်ရတာ အရမ်းအရသာရှိတာပါ။ အစက လက်အိတ်ချွုတ်ပြီး ကိုင်ကြည့်သေးတယ်။ ဟိ ဟိ၊ လက်က ချက်ချင်းအဖြူရောင်ဖြစ်သွားတော့မှ ကြောက်သွားတော့တယ်။

နှင်းက ရေခဲအဖွယ်စားနဲ့ တူတယ်။ မွတတနဲ့။ ကိုင်လို့ ကောင်းတယ်။ လက်ထဲမှာ နှင်းတွေကို ဆုပ်ပြီး နှင်းခဲလုပ်၊ သူငယ်ချင်းတွေနဲ့ နှင်းခဲပေါက်တမ်းဆော့ရတာလည်း ပျော်စရာကြီး။ လမ်းလျှောက်ရတာလည်း မိုက်တယ်။ အိစိအိစိနဲ့။ ခုန်ဆွခုန်ဆွ သွားလို့ ကောင်းတယ်သိလား။ ကျမတော့ လမ်းလျှောက်နည်းမျိုးစုံနဲ့ နှင်းတောထဲမှာ လမ်းလျှောက်ခဲ့တယ်။ ခြေထောက်တစ်ပြင်လုံးနဲ့ မလျှောက်ဘဲ ခြေဖနောင့်နဲ့ သူခိုးလမ်းသွားသလိုလည်း သွားကြည့်ခဲ့သေးတယ်။ ဒေသခံလူတွေကတော့ ထင်မှာဘဲ။ ”ဒီကောင်မလေး အခုမှ နှင်းမြင်ဖူးလား”。。。。。。。。。。。。လို့။ တတ်နိုင်ဘူး။  :p တိုကျိုက နှင်းမှ အဲလောက်မကျတာ။ ဒီတော့ အခုလို နှင်းတောထဲရောက်တုန်း မျိုးစုံ လုပ်ကြည့်ထားမှ တော်ကာကျမယ်ဟုတ်။ ဘယ်လောက်ဆိုးလည်းဆို နှင်းတောထဲမှာ ထိုင်တောင် ထိုင်ကြည့်လိုက်သေး။ ဆိုဖာခင်းထားသလို ဘာလိုလိုနဲ့။ အေးပေမယ့် အေးပါဘူး။ ကိုယ်လုပ်ချင်တာ လုပ်ရတာကိုး။ :z

လက်နဲ့ နှင်းရုပ်လေးလုပ်ကြည့်ခဲ့သေးတယ်။ နာရီဝက်လောက်ကြာတယ် ရုပ်လုံးပေါ်မလာဘူး။ ဟင့် ဟင့်။ ဒေသခံကလေးလေးတွေ အလွယ်တကူ လုပ်နေပေမယ့် ကျမကျ လုပ်လို့လည်းရဘူးသိလား။ "ဘယ်နေရာမဆို ပညာလိုတယ်"..................ဆိုတဲ့ စကားကို အပြည့်အဝလက်ခံတယ်။

ခြေထောက်နဲ့လည်း စာရေးခဲ့သေးတယ်။ သူငယ်ချင်း သုံးယောက်ပေါင်းပြီး စာလုံးတစ်လုံးကို ရေးတာလေ။ နင်က နှ ရေး၊ ငါက ငသက် ရေးမယ်ပေါ့။ နင်က ဝစ္စနှလုံးပေါက် ရေး။ "နှင်း"ဆိုတဲ့ စာလုံးတစ်လုံးကို အဲလို သုံးယောက်ပေါင်းပြီး ခြေထောက်နဲ့ ရေးခဲ့တယ်။ စာကို ခြေထောက်နဲ့ရေးလို့ ငရဲကြီးမလားမသိဘူးနော်။ အမိုက်အမဲလေးမလို့ ခွင့်လွှတ်ပါလို့ပဲ ဆုတောင်းရမှာပဲ။ :y

နှင်းတောထဲမှာ ပဲများပြီး ဓာတ်ပုံလည်း ရိုက်ခဲ့သေးတယ်သိလား။ ဒီလောက်အေးတဲ့နေရာမှာ အနွေးထည်ချွတ်ပြီးတော့လေ။ လှတပတလေးပေါ့။ ရိုက်တုန်းကတော့ ချမ်းဘူး။ ဘာတဲ့ စကားပုံတောင်ရှိသေး။ "လှချင်ရင် သည်းခံ"..............တဲ့။ ဟုတ်တယ်ဟုတ်။ တစ်ခါတစ်လေ သွားတာ ပုံတုံးကြီးတော့ ဘယ်လိုချင်မလဲနော်။ တိုကျိဲုမှာ ဝတ်တဲ့ပုံစံနဲ့ သိပ်မကွာအောင် ဝတ်ပစ်ခဲ့တယ်သိလား။ ဒေသခံတွေကတော့ အထူးအဆန်းဆိုပြီး ကြည့်ကြတယ်။ သူတို့ ဝတ်သလို အထူအပွကြီးတွေမဝတ်လို့လေ။

ဟား ဟ............. အပြင်ပန်းကြည့်ရင်သာ အရမ်းကြီးမထူတဲ့ အဝတ်အစားတွေ ဝတ်ထားတယ်လို့ ထင်ရတာ။ တစ်ကယ်က မထူပေမယ့် နွေးတဲ့ဟာတွေ အများကြီးဝတ်ထားတာ။ အပူဓာတ်ပါတဲ့ အသားကပ်အင်္ကျီလက်ရှည်နဲ့ တော်တော်ကို ပူတဲ့(denier 120 အပူချိန်ရှိတဲ့)အသားကပ်ခြေအိတ်ကို ဝတ်ပြီးမှ အပေါ်က လှတပတ လေးတွေ ဝတ်ထားတာပါ။

အဲဒါ ဂျပန်ရဲ့ လျှို့ဝှက်ချက်လို့ ပြောရမလားဘဲ။ ဘယ်လောက်အေးအေး ဂျပန်မလေးတွေ ဘောင်းဘီတို၊ စကပ်တိုလေးတွေ ဝတ်နိုင်တာ အဲလိုမျိုး ပါးပေမယ့် နွေးတဲ့ အဝတ်တွေ အောက်ခံဝတ်ထားကြလို့ပါ။ ရောက်ခါစကတော့ နားမလည်တော့ အဲလိုမျိုး ဝတ်ကြမှန်း မသိဘူး။ တော်တော် အံ့ဩခဲ့တယ်။ ဒီဂျပန်မလေးတွေ အအေးခံပြီးတောင် လှချင်ကြသလားလို့ ။ ဘယ်ဟုတ်မလဲ။ သူတို့ က လျှို့ဝှက်ချက်နဲ့။ မှတ်ထားကြနော်။ အေးပေမယ့် အတိုလေးတွေ ဝတ်လို့ရတဲ့ နည်းလမ်း။ :z

အပြည့်အစုံသို့....

Tuesday, February 3, 2009

"ချစ်သူများနေ့"နှင့် "အဖြူရောင်နေ့"

"ချစ်သူများနေ့"ရောက်ခါနီးပါပြီ။ :zနိုင်ငံတိုင်းမှာ "ချစ်သူများနေ့"အထိမ်းအမှတ်လုပ်သလိုပဲ ဂျပန်နိုင်ငံမှာလည်း လုပ်ပါတယ်။ တစ်ခြားနိုင်ငံနဲ့ မတူတဲ့ ဂျပန်နိုင်ငံရဲ့ "ချစ်သူများနေ့"မှာ လုပ်လေ့လုပ်ထရှိတာလေးကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။ :p

နိုင်ငံတော်တော်များများမှာ "ချစ်သူများနေ့"အထိမ်းအမှတ်အဖြစ် ယောင်္ကျားလေးက မိန်းကလေးကို ချောကလက်ပေးကြလေ့ရှိပါတယ်။ ဒါပေမယ့် ဂျပန်မှာတော့ မိန်းကလေးက ယောင်္ကျားလေးကို ပေးတာပါတဲ့။ (ဟိ ဟိ၊ နည်းနည်းတော့ အူကြောင်ကြောင်နိုင်သလိုပဲ။ ) ဂျပန်မှာ "ချစ်သူများနေ့"ဆိုပြီး စခေတ်စားခဲ့တဲ့အချိန်တွေ(1950 ပတ်ဝန်းကျင်)တုန်းကတော့ ကောင်မလေးက သူမ ကြိုက်နေတဲ့ ကောင်လေးကို သူမရဲ့ ခံစားချက်ကို ဖော်ပြတဲ့အနေနဲ့ (ရည်စားစကားပြောတဲ့အနေနဲ့ )ပေးတာပါတဲ့။ :p အခုခေတ်မှာတော့ အဲလိုမျိုး ချောကလက်နဲ့ ရည်းစားစကားပြောတဲ့လူတွေအပြင်၊ ချစ်သူဖြစ်ပြီးတဲ့ ကိုယ့်ချစ်သူကိုလည်း ပေးကြပါတယ်။ လက်ထပ်ပြီးပေမယ့်လည်း ကိုယ့်အမျိုးသားကို အထိန်းအမှတ်အနေနဲ့ ပေးကြပါတယ်တဲ့။ :z

အဲလိုပေးတဲ့နေရာမှာ အများစုကို ကိုယ်တိုင်ကိုယ်ကျ ပုံစံမျိုးစုံလုပ်ပြီး ပေးလေ့ပေးထရှိပါတယ်။ ဇန်နဝါရီလလယ်လောက်ထဲက ချောကလက်လှလှလေးတွေ၊ ချောကလက်လုပ်ရာမှာအသုံးပြုတဲ့ ပစ္စည်းကိရိယာလေးတွေ ရောင်းပါတယ်။

အခုနောက်ပိုင်း၊ ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ယောင်္ကျားလေးကို ပေးတဲ့ ချောကလက်အပြင် တိုမိုချောကို (友チョコ)ဆိုတာလည်း ရှိလာပါတယ်။ တိုမိုချောကို (友チョコ)က မိန်းကလေးအချင်းချင်းပေးတာပါ။ သူငယ်ချင်း သံယောဇဉ်ကို ပိုမိုတိုးမြှင့်စေချင်တဲ့သဘောနဲ့ပါ။

ကလေးအချင်းချင်းလည်းပေးကြပါတယ်။ ဟော့ကိုင်းဒိုးမှာ home stayသွားနေတုန်းက အိမ်ရှင်ကောင်လေးကို အိမ်နီးနားချင်းကောင်မလေးက တိုမိုချောကို (友チョコ)လာပေးတာ တွေ့ဖူးပါတယ်။ အိမ်ရှင်ကောင်လေးရဲ့ အစ်မကလည်း သူ့သူငယ်ချင်းအတွက် လုပ်ရင်း အခုနက သူ့မောင်လေးကို တိုမိုချောကို (友チョコ)လာပေးတဲ့ ကောင်မလေးကို ပြန်လည် ပေးလိုက်သေးတယ်။ အပြန်အလှန် လဲလှယ်တဲ့ သဘောပေါ့။

ချစ်သူများနေ့မှာ မိန်းကလေးဆီက ချောကလက်ရထားတဲ့ ယောင်္ကျားလေးက မတ်လ (14)ရက်နေ့မှာတော့ မိန်းကလေးကို လက်ဆောင်ပြန်ပေးလေ့ရှိပါတယ်။ "White day"လို့ ခေါ်ပါတယ်။ (1980)ခုနှစ်မှာ ဂျပန်က စတင်တီထွင်လိုက်တဲ့ အမှတ်တရနေ့တစ်ခုပါ။ ကိုရီးယားနဲ့ ထိုင်ဝမ်မှာလည်း "White day"ကို ကျင်းပကြပါတယ်။ "White day"မှာ ကောင်လေးက ကောင်မလေးကို မုန့်လှလှလေးတွေ ၊ အဖြူရောင် ချောကလက်လေးတွေ ပေးလေ့ပေးထရှိပါတယ်တဲ့။

ဒီတွင် ရှာဖွေတင်ပြမှုပြီးပါ၏။ :z

အပြည့်အစုံသို့....

 

Design By:
SkinCorner