Thursday, February 12, 2009

ထမင်းနဲထိုးပွဲ

ကိုစည်သူက "မြန်မာပြည်မှာ ထမင်းနဲထိုးနေပြီ"ဆိုပြီး Cbox မှာလာပြောသွားတယ်။ အဲဒါ သွားစား၊ အဲလေ သွားဖတ်ရင်း ကျောင်းတုန်းက ထမင်းနဲ ထိုးပွဲလေးကို သတိရမိတယ်။

ပထမနှစ်တုန်းကပေါ့။ ကျမတို့ကျောင်းမှာ ထမင်းနဲ ထိုးပါတယ်။ဘုန်းကြီးကျောင်းကို ကပ်လှူဖို့အတွက်ပါ။ ဒီတိုင်းထိုးတာမဟုတ်ပါဘူး။ ပြိုင်ပွဲလုပ်တာပါ။ ပျော်စရာကြီးသိလား။ မိုးပြဲဒယ်ကြီးတွေ တန်းစီထားပြီး မေဂျာအလိုက် အပြိုင်အဆိုင်ထိုးကြတာ။ မေဂျာ(7) ခုရှိတော့ နှစ်ရက်လား၊ သုံးရက်လားမသိဘူး ခွဲထိုးခဲ့ရတယ်သိလား။ တက္ကသိုလ်ဓမ္မာရုံရှေ့က ကွပ်လပ်ပြင်ကြီးမှာလေ။ ကိုယ့်မေဂျာကိုယ် အားပေးရင်း ထမင်းနဲ ထိုးရတာ ပျော်စရာကောင်းမှကောင်း။ ပြန်တွေးကြည့်တိုင်း ပြုံးမိတယ်သိလား။ :z

ကျမတို့က ဂျပန်ကဆိုတော့ ဂျပန်လို အော်ပြီး ထမင်းနဲ ထိုးတဲ့လူတွေကို အားပေးတာလေ။ အဲလိုပဲ တစ်ခြားမေဂျာတွေကလည်း သူတို့ဘာသာစကားနဲ့ အားပေးကြတာပေါ့။ ဟ ဟား၊ ကိုရီးယား၊ ရုရှား၊ ဂျာမန်စတဲ့ဘာသာစကားသံတွေ ဆူညံနေတာပဲ။ ကျမလည်း မြန်မာလိုအော်လိုက်၊ ဂျပန်လို အော်လိုက်နဲ့ အားပေးရတာ လူလည်း အသံတောင် မထွက်တော့တဲ့အထိ။ ဂျပန်က လူများတယ်သိလား။ ပြီးတော့ စည်းလည်း စည်းလုံးတယ်။အစ်ကိုကြီးတွေက ထမင်းနဲ ထိုးလိုက်၊ ကလိုက်နဲ့ တစ်ဝါးဝါးရယ်နေရတယ်။ ဟာသတွေလည်း ပြောသေးတယ်။ အစ်မတွေက ထမင်းနဲ ထိုးတဲ့လူတွေကို ရေတိုက်၊မုန့်ကျွေးနဲ့။ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ပါးပါး ထမင်းနဲ ထိုးကြတာလေ။ မိန်းကလေးတွေလည်း တစ်ချက်တစ်ချက်ဝင်ထိုးသေးတယ်သိလား။ မေဂျာတူမောင်နှမတွေက အဲလောက်ကို အားပေးကြတာ။ :z

ဟိ ဟိ၊ ဒါပေမယ့် ပထမဆုရဘူးသိလား။ အရင်ဆုံး မပြီးလို့လေ။ ထမင်းနဲအကောင်းဆုက တတိယလားပဲရတယ်။ ပထမက ကိုရီးယားက ရသွားတယ်။ သူတို့က လူနည်းပေမယ့် အမြန်ပြီးတယ်သိလား။ ဟင့် ဟင့်။ ကောင်းလည်း ကောင်းတယ်ရှင့်။ ကိုရီးယား သူငယ်ချင်းမ လာကျွေးလို့ စားကြည့်တာ ရှယ်မှ ရှယ်။ အဲ၊ ရှူးတိုးတိုး၊ ဒီအကြောင်းကို ဂျပန်တွေမသိစေနဲ့နော်။ တော်ကြာ "သစ္စာဖောက်"ဆိုပြီး ဝိုင်းထုကြလိမ့်မယ်။ :)တစ်ကယ်တော့ ဂျပန်က ထိုးတဲ့ ထမင်းနဲက မီးခိုးစော်နည်းနည်းနံတယ်။ ဘာမှားသွားလို့လည်း သိဘူး။ ဒါပေမယ့် ကိုယ့်မေဂျာကို ကိုယ့်မှ အားမပေးရင် ဘယ်ဖြစ်မလဲနော်။ "ကောင်းလိုက်တာ၊ ကောင်းလိုက်တာ"ဆိုပြီး ပြုံးပြုံးလေးနဲ့ စားပြရတာပေါ့။ (ဆွမ်းကပ်ပြီးတော့ ပိုတဲ့ဟာကို တစ်ယောက်တစ်ထုပ်စီ ခွဲပေးတာလေ။ :p )

ဂျပန်က ထမင်းနဲအကောင်းဆုသာမရတာပါ။ စည်းလုံးဆုရတယ်သိလား။ စည်းလုံးရေးမှာ ပထမဆု။ လူတွေအများကြီးလာအားပေးလို့လေ။ မိန်းကလေးတွေပါမကျန် တစ်ပျော်တစ်ပါးကြီး ထမင်းနဲထိုးကြတာလည်း ပါတာပေါ့။ အဲဒီအပြင်၊ မနက်ခင်း(7)နာရီလောက်မှာ အိပ်ရာထပြီး လာအားပေးတာကြောင့်လည်း ပါမယ်ထင်တယ်။ :p (ဆောင်းတွင်းကြီးမှာ ဘယ်သူ့မှ အိပ်ယာအစောကြီး မထချင်ဘူး ဟုတ်။)

6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

ဂျပန် ဘာသာရပ်က စည်းလုံးခြင်းကို ဂုဏ်ယူပါတယ်ဗျာ။ အင်း ဘာလိုလိုနဲ့ တိုင်းတစ်ပါးမှာ ထမနဲတောင် ကောင်းကောင်းမစားရတာကြာနေပြီ။ ဂုဂု နင်ထိုးတတ်ရင် ထိုးပါလား? ထမနဲနော်။

megumi said...

ဆီထမင်းဆို နည်းနည်းဖြစ်နိုင်တယ်။

ထမင်းနဲက ထိုးတတ်ဘူး။ :p

Dr Phyo Wai Kyaw said...

ဟ ထမင်းနဲထိုးပွဲမှာ နိုင်ချင်ရင် ရေတွေဘာတွေ ကြိုစိမ်ထားရတယ် ခိုးပြီး
ဟဲဟဲ
တော်တယ်နော်...။

မြတ်သွယ် said...

ဖတ်ရင်းနဲ့ ပုံဖော်သွားတယ်
အဲ့လိုပျော်ဖူးချင်တယ်း)
ဆီထမင်းထိုးတတ်တယ်လား မမမယ်ဂုက ...
လာစားမယ်နော်း)

Unknown said...

kon ni ti wa ama.
watasi mo yufl no gakuseidesu.
doosite mo , gakko no ko to wo oboe te i ru node , o me de too da.

Anonymous said...

ဟင် သူတို့ဆီမှာလဲ ထမနဲ ထိုးတယ်လား ခုမှပဲ
ကြားဖူးတယ် ဓာတ်ပုံလေး ဘာလေးရှိ လုပ်ပါဦး
မြင်ဖူးတာပေါ့။

 

Design By:
SkinCorner