Sunday, February 22, 2009

သင်္ကြန်ထမင်း

သင်္ကြန်ထမင်းစားဖူးကြပါသလား။ ကျမတော့ မှတ်မှတ်ရရ တစ်ခါစားဖူးပါတယ်။ မွန်လူမျိုး သူငယ်ချင်းကောင်မလေး ချက်ကျွေးတာလေ။ ကျောင်းကနေ တစ်ချိန်လစ်ပြီး သူမအဆောင်မှာ သွားစားကြတာပါ။ သူမ အဆောင်က ခရေပင်လမ်းထဲမှာ။ တိတ်ဆိတ်နေတာပဲ။ လူအသွားအလာလည်း သိပ်မရှိ။ အဲ၊ လူမရှိပေမယ့် ခွေးတွေတော့ အများကြီးသိလား။ သူစိမ်းမြင်တာနဲ့ ဟောင်တော့တာပဲ။ ကျမတို့ကိုလည်း မြင်ရော ဟောင်တော့တာပေါ့။ ဟင့် ဟင့်၊ ကြောက်စရာကောင်းမှကောင်း။ ကျမတို့က အားလုံးပေါင်း ခြောက်ယောက်ပါ။ အားလုံး လုံချည်လေးတွေနဲ့။ လက်မှာလည်း ထမင်းချိုင့်ကိုယ်စီနဲ့။ ခွေးတွေလည်း ဟောင်ရော ဘာလုပ်လို့လုပ်ရမှန်းမသိ။ ထွက်ပြေးရအောင်လည်း ထမီတွေနဲ့ ပြေးချင်တိုင်းပြေးလို့မရ၊ ဆက်သွားရအောင်လည်း ခွေးတွေက ဟန့်တားနေတယ်။ လမ်းလယ်ခေါင်ကြီးမှာ ရပ်ပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြရတယ်။ "ထမင်းစားမလား။ ပြန်ပြေးမလား"လို့ မျက်ရိပ်ပြ တိုင်ပင်ရသေးတယ်။ ပင်ပင်ပန်းပန်းချက်ကျွေးတဲ့ သူငယ်ချင်းမျက်နှာမြင်တော့ ခွေးကိုက်ခါမှ ကိုက် ၊ဆက်လျှောက်မယ်..................လို့ ဆုံးဖြတ်လိုက်တယ်။ :z

စိတ်ထဲမှာတော့ ဘုရားစာဆိုရင်းနဲ့ပေါ့။ :y အစကတည်းက ခွေးကြောက်ရတဲ့အထဲ၊ ခွေးတွေကလည်း ဆိုးမှဆိုး။ အခုပဲ လှမ်းကိုက်တော့မလို မာန်ဖီနေသေးတယ်။ တစ်ယောက်ချင်းစီ ရင်တစ်ထိတ်ထိတ်နဲ့ ချီတက်ကြရင်း နောက်ဆုံးမှာတော့ သူမအခန်းထဲ ရောက်လာပါတယ်။ ဟူး၊ အခုမှ သက်ပြင်းချရတော့တယ်။ ဒါတောင် ကိုယ်ရွှေချော ခွေးတွေက အဆောင်ပေါက်ဝမှာ ထိုင်စောင့်နေကြတယ်သိလား။ ချက်ကျွေးတဲ့ကောင်မလေးကတော့ ကျမတို့ အဖြစ်ကို သဘောကျလို့ ပြုံးစိပြုံးစိနဲ့ အပြင်ထွက်ပြီး ပန်းကန်တွေဘာတွေတောင် ထွက်ဆေးလိုက်သေးတယ်။ ကျမတို့ သတ္တိခဲတွေကတော့ အခန်းထဲမှာ ငြိမ်ငြိမ်လေး ကျန်ခဲ့တယ်။ ဟိဟိ၊ အဲလောက်ကို ကြောက်တာ။

သူငယ်ချင်းမလေးက စစချင်း ခူးခပ်ပြီးယူလာတာက ငါးခြောက်ကြော်ပါ။ နောက်တစ်ပွဲက သရက်သီးကြော်လို့ ခေါ်မလား၊ သရက်သီးသနပ်ခေါ်မလားပဲ။ သရက်သီးနဲ့လုပ်ထားတဲ့ ချဉ်ချဉ်ဟင်းလေးပါ။ ရှယ်မှရှယ်။ ဟင်းချက်အရမ်းကောင်းတာကိုး။ တစ်ယောက်တစ်ပေါက် ဟင်းတွေကို မြည်းရင်း ဝေဖန်ရေးလေကန်ရေးလုပ်နေကြတာပေါ့။ ရှက်ရှက်နဲ့ ပြောရရင် ခြောက်ယောက်အဖွဲ့မှာ ဒီတစ်ယောက်ပဲ ဟင်းချက်တတ်တာလေ။

ဟင်းတွေက ကောင်းပါတယ်။ ဒါပေမယ့်၊ ဒါပေမယ့်ပေါ့လေ။ သင်္ကြန်ထမင်းဆိုတာက ထမင်းချည်းပဲ စားရတာဟုတ်ဘူးတဲ့ရှင့်။ ထမင်းပေါ်မှာလေ ရေစမ်းစားရတာတဲ့။ ရေမှ နည်းနည်းဟုတ်ဘူး။ ချွဲနစ်နေတာပဲ။ ဟင်းရည်နဲ့ထမင်းတောင် နယ်မစားတတ်တဲ့ ကျမနဲ့ ကျမသူငယ်ချင်းတစ်ယောက်မှာ ငိုမဲ့မဲ့နဲ့။ "ဆက်ပဲ စားရမှာလား၊ မစားရတော့ဘူးလား" တွေဝေဝေလေးတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပေါ့။ စားတော့ စားချင်ပါတယ်။ ဒါပေမယ့်၊ ရေတွေ အများကြီးနဲ့ ထမင်းပြဲစိစိကြီးက ဘယ်လိုမှကို ပါးစပ်ထဲ ထည့်လို့မရ။ အားကလည်း နာ။ စိတ်ကို ညစ်ရော။ ဟင်းတွေချည်းပဲ စားလို့လည်း မကောင်း။ တော်တော်ကို စိတ်ရှုပ်ခဲ့တာ။ နောက်ဆုံးတော့၊ ထမင်းတစ်ဇွန်း၊ ဟင်းနှစ်ဇွန်းနဲ့ပဲ မဝင်ဝင်အောင် မျိုချလိုက်တယ်။ ဝါးတောင်မဝါးဘူး။ ဟိ ဟိ။ ကုန်ရင် ပြီးရော။ သူငယ်ချင်းလည်း စိတ်ချမ်းသာ၊ ကိုယ်လည်း ဗိုက်ဝ ဟုတ်တယ်ဟုတ်။ ဪ၊ဒါနဲ့ အပြန်မှာလည်း ခွေးရှောင်သိုင်းကျင့်ရင်း ရင်တမမနဲ့ ပြန်လာခဲ့ရတယ်သိလား။

ဘာပဲပြောပြော အမှတ်တရအဖြစ်နဲ့ ထင်ကျန်ခဲ့တာပေါ့။ ဒါပေမယ့်၊ နောက်တစ်ခါ "သင်္ကြန်ထမင်းစားမလား"လို့ တစ်ယောက်ယောက်ကမေးလာခဲ့ရင် "ရေပါလား"လို့ အရင်ဆုံး ပြန်မေးရပါလိမ့်မယ်။ :p

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

ငါကငါးဆိုရင်လုံးဝ မစားဘူး
အဲဒါ လူနာတစ်ယောက်က အိမ်လည်ခေါ်တော့
ငါးစွပ်ပြုတ်တိုက်ကရော
နင့်လိုပဲ
မနည်းမြိုချရတယ်..
အရိုးဝါးမိရင်ပျို့ပျို့သွားလို့
မနည်းကြိုးစားပြီးကုန်အောင်စားရတယ်..
ချွေးကိုရွှဲရော..။

Anonymous said...

ဟား ဟား ဖြစ်မှ ဖြစ်ရလေ ..
နင်တို့က သင်္ကြန်ထမင်းကို လုပ်ယူတာကိုးဟ ..
တစ်ကယ့် သင်္ကြန်ထမင်းက အရမ်းစားလို့ ကောင်းတာ..
ငါ မိုးကောင်းမှာ နေတုန်းက တစ်နေကုန် သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ မြစ်ကြီးနားကို ကျော်ပြီး ဟိုးဘက် ၀ိုင်းမော် တို့ ဘက်ထိရောက်တယ် ဆိုင်ကယ်နဲ့ သွားတာ ...
ပြီးတော့ နမ္မတီး ထိ ပြန်လာပြီး အဲ့ဒီမှာ ထမင်း စားတာ ... ရေတွေက ဟိုက ပက် ဒီက ပက်နဲ့ ထမင်း ပန်းကန်ထဲလည်း ရေတွေက ပြည့်ပြီး ထမင်းတွေ ပေါလောပေါ်လို့ ....တစ်ကိုယ်လုံးလည်း စိုရွှဲပြီး အေးနေတာ ...
ဒါတောင် တစ်ယောက်နဲ့ တစ်ယောက် ဟင်းလုစားကြသေးတယ် ...
ပျော်စရာ ကောင်းသလားမမေးနဲ့ ..
တနေကုန် လျှောက်လည်ထားတော့ ဗိုက်တွေက အရမ်းဆာပြီး စားလို့ကလည်း ကောင်းမှကောင်း :D
နင် အဲ့လို သင်္ကြန်ထမင်းမျိုး စားကြည့် တစ်သက်လုံး စွဲသွားမယ် အဟဲ ...

Smart Cookie said...

ရခိုင်သင်္ကြန်ထမင်းလဲရေဆန်းတာဘဲ ညီမရဲ့ အစ်ကိုသိရသလောက် သင်္ကြန်ထမင်းတိုင်း ရေဆန်းစားတယ် ပျော့စိပြဲကြီးပေါ့

မြတ်သွယ် said...

စားဖူးဘူးရယ်
စားကြည့်ချင်သား ဆိုတော့လည်း ချွဲချွဲဆိုတော့ အဟတ် ဟီးးး
မမမယ်ဂု မနဲစားခဲ့တဲ့ပုံလေးကို ပုံဖော်ကြည့်မိသား
ဟီးးး လှလားမေးနဲ့
ပြောပြ၀ူး
တတ်ချင်တတ် :) မမစကားငှားသွားတယ်နော့်း)

Bagan Thu Mi Mi said...

Myanmar people like you are learning to know other people's culture and knowledge but don't even know what are our own ethnics people cultures like this Thingyan rice. So ashame to have grown as Myanmar citizen. Know little about home but like to do window shopping in the mall.

Nge Naing said...

သကြန်ထမင်းက ဖယောင်းအနံ့သင်းထားတဲ့ရေနဲ့ ဆန်းပြီးစားတယ်။ အဲဒီရေပါလို့ပဲ သကြန်ထမင်းလို့ ခေါ်တာဖြစ်တယ်။ ဟင်းကတော့ အစ်မတို့ဘက်မှာ သရက်သီးအစိမ်းကို သဘောင်္သီးခြစ်စရာနဲ့ ခြစ်၊ ငါးခြောက်ကို ကြေအောင်လုပ်ပြီး ရောကြော်တယ်။ သရက်သီးနဲ့ ငါးခြောက်ကို ခွဲမချက်ဘူး။ ပြီးတော့ အပေါ်မှာ ကြက်သွန်ဆီသန့်ထားတဲ့ အကြော်နဲ့ ငရုပ်သီးခြောက်အတောင့်လိုက်ကြော်ပြီးနဲ့ အုပ်ထားတယ်။ ထမင်းက ရေဆန်းထားလို့ လူတော်တော်များများ အတွက် အရသာမရှိပေမယ့် သရက်သီး ငါးခြောက်ကြော်ကို ထမင်းနဲ့ဖြစ်ဖြစ် ကောက်ညှင်းနဲ့ဖြစ်ဖြစ် စားရင်သိပ်ကောင်းတယ်။ ငါးမကြိုက်တဲ့သူတောင် လျှာလည်သွားနိုင်တယ်။

နေ့အိပ်မက် said...

မမရေ... သင်္ကြန်ထမင်းဆိုတာ ရေပါလို့ သင်္ကြန်ထမင်းလို့ခေါ်တာလေ... နေ့အိပ်မက်လည်း sore wo kirai....... :)

megumi said...

ဘေဘီဒေါက်တာရေ၊ နင်နဲ့နာနဲ့တူတယ်။ နာလည်း ငါးဆို ငါးခူကြော်ကလွဲလို့ စားဘူး။

နင်က ဗိုက်ဆာနေတာကိုး။ ဘာစားစား ဝင်မှာပေါ့။ ဟွန်း၊ မိုးသောက်စုတ်။

ဟုတ်လား အစ်ကို၊ ကျမ မစားဖူးဘူး။

ပုလဲလေးရေ၊စားဖူးတယ်ရှိအောင် တစ်ခါလောက်တော့ စားကြည့်ပါလား

မပုဂံသူမိမိရှင့်။
မြန်မာကို အပုတ်ချခြင်းမဟုတ်ပါ ....
ကိုယ်မကြိုက်တာကို မကြိုက်ဖူးလို့တော့ ပြောခွင့်ရှိတယ်ထင်တာပဲ။ ကျမ အရမ်းဟင်းဂျီးများပါတယ်။ အဲဒီအကြောင်းကို "ပြောရင်းနဲ့ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ"ဆိုတဲ့ ပို့စ်မှာ အသေးစိတ်ရေးထားပါတယ်ရှင်။ ကိုယ့်နိုင်ငံကို စော်ကားနှိမ့်ချလောက်ရအောင် ကျမစိတ်ဓာတ် မသေးသိမ်ပါ။

မမငယ်နိုင်၊ ဟင်းကို ကျမကြိုက်ပါတယ်။ သူငယ်ချင်းကလည်း ဟင်းချက်ကောင်းတယ်ဆိုတော့။ ထမင်းနဲ့ပဲ စားရမယ်ဆို နှစ်ပန်းကန်လောက်တောင် စားလိုက်ချင်ပါသေးတယ်။ ရေတွေနဲ့တော့ စားတတ်ဘူး။ ကျမက ဟင်းရည်တောင် စမ်းမစားတတ်လို့ပါ။


ညလေး နေ့အိပ်မက်၊ あたしも苦手だよ。:p

ညီအကိုများ said...

ပျော်စရာလေတွေကိုအမှတ်ရသွားတယ်..
သင်္ကြန်ထမင်းလည်းသတိရတယ်..
ဒီနှစ်လည်းသင်္ကြန်ထမင်းကိုလွမ်းရဦးမှာပဲ..

မိုးကြယ်

Anonymous said...

သင်္ကြန်ထမင်းဆိုတာ စားဖူးဘူး မြင်လဲ မြင်ဖူးဘူး
ဒါပေမဲ့ ထမင်းကိုရေစမ်းပြီး ထန်းလျက်ခဲနဲ့တော့
စားဘူးသဗျ။

စိုင်းစိုင်းလားရှိုး said...

သင်္ကြန်ထမင်းကြိုက်တယ်။ မော်လမြိုင်က မွန်မ ချောချောလေး ဖိတ်ကျွေးလို့လေ။ အဟဲဟဲ။

puluque said...

ဂူးဂူးရေ ကျတော်ကတော့ သင်္ကြန်ထမင်းကို ခုချိန်ထိ စားဘူးသေးဘူးဗျ။ စားတော့ စားကြည့်ချင်သား။

 

Design By:
SkinCorner