Wednesday, April 1, 2009

မြန်မာပြည် ပြန်ရောက်ပြီ။

မနေ့က မြန်မာနိုင်ငံပြန်ရောက်တယ်သိလား။ ကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်တာ ပျော်စရာကြီး။ ဘယ်အရာရာပဲကြည့်ကြည့် ကိုယ့်နဲ့ရင်းနှီးပြီးသားအရာတွေဆိုတော့ နွေးထွေးလိုက်တာ။ ဂျပန်နဲ့များ ကွာပါ့လို့ ပြောရင် ဂျပန်တွေ စိတ်ဆိုးမလားမသိ။ နှစ်အတော်ကြာနေခဲ့ရပေမယ့် သူစိမ်းနိုင်ငံတစ်ခုဟာ အမိမြန်မာနိုင်ငံလောက်ကို နွေးထွေးမှုမပေးခဲ့တာ အမှန်။ ဒါတွေ ထားလိုက်ပါတော့လေ။ ပြီးခဲ့ပြီပဲ။ စိတ်ညစ်ခဲ့တာတွေ တွေးတော့ဘူး။ ပျော်စရာခရီးအတွေ့အကြုံပဲ ပြောတော့မယ်။

ဒီလိုရှင့်။ ဒီတစ်ခါပြန်တာ တစ်ယောက်တည်း လေယာဉ်ကွင်းကို သွားရတဲ့ ဒုက္ခကင်းဝေးသွားတယ်ရှင့်။ ဖေဖေနဲ့ မေမေပါလို့လေ။ သုံးယောက်သား ပြန်ကြတာဆိုတော့ တာဝန် သိပ်မရှိဘူး။ အရင်က တစ်ယောက်တည်းပြန်တုန်းကဖြင့် အစစအရာရာ သတိထားရတာ။ အခုတော့ အေးဆေးပဲ။ မနက်အစော ဝေလီဝေလင်းမှာ ထတယ်။ NARITA ကို ရောက်ဖို့ နှစ်နာရီနီးပါး ရထားစီးတယ်။ ပြီးတော့ Check in ဝင်တယ်။ သွားတဲ့အချိန်က စောတော့ လူသိပ်မစောင့်ရဘူး။ ဒီတော့ စောစောပြီးတယ်။ အရာအားလုံးဟာ ချောမွေ့လို့။ ထိုင်းရောက်တော့ Transit လုပ်တယ်။ ပြီးတော့ မြန်မာပြည်ရောက်ကော။ မနက်တုန်းက ဂျပန်မှာပဲ ရှိသေးပေမယ့် ညလည်းရောက်ရော မြန်မာပြည်မှာ။ ဟ ဟား၊ ထိုင်းတောင် အဆစ်ပါသေး။

ဒီတစ်ခါ မိဘတွေပါလို့လားမသိဘူး။ ပြည်ပခရီးသွားတယ်ဆိုတဲ့ အသိတောင် သိပ်မဝင်ဘူး။ ပေါ့ပေါ့ပါးပါး နေ့ချင်းပြန် ပြည်တွင်းခရီးတစ်ခုလိုပဲ။ သုံးယောက်သား ပျော်ပျော်ရွှင်ရွှင်နဲ့ သွားကြတာ ခဏလေးနဲ့ မြန်မာပြည်ပြန်ရောက်သွားသလို ခံစားရတယ်။ ထိုင်းမှာ ပြောင်းစီးတော့လည်း ဟိုပစ္စည်းငေး၊ ဒီပစ္စည်းငမ်းနဲ့ပဲ အချိန်တွေက ကုန်လွယ်လိုက်တာ။ တစ်ခုပဲ။ ထိုင်းရောက်တော့ အရမ်းပူလာတယ်လေ။ ဂျပန်မှာက နွေဦးရောက်ပေမယ့် အေးတုန်းပဲ။ အနွေးထည်လည်း ဝတ်ရသေးတယ်။ ထိုင်းလည်းရောက်ရော ကြောင်တောင်တောင်ကြီး ဖြစ်ပါလေရော။ ပူလိုက်တာ အရမ်း။ ချက်ချင်းပြောင်းလဲသွားတဲ့ အပူချိန်ကို တောင့်ခံဖို့အတွက် အဝတ်အစား မြန်မြန်သွားလဲရသေးတယ်။ ဟိဟိ၊ စတိုင်ထုတ်တာ ဟုတ်ဘူးနော်။ အခြေအနေအရ ဖက်ရှင် နှစ်မျိုးဖြစ်သွားတာ။ :p တတ်နိုင်ဘူးလေနော်။ ;)

ဒီလိုနဲ့........................................ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကို ရောက်ရှိလာခဲ့ပါတယ်ရှင့်။ လေဆိပ်မှာ မောင်လေးနဲ့ ညီမလေးက လာကြိုပါတယ်။ ကျန်တဲ့အမျိုးတွေလည်း အများကြီးပဲ။ ဒါနဲ့ အိမ်မှာ မစားဖြစ်တော့ပဲ ရွေဘဲမှာပဲ သွားစားခဲ့ရတယ်။ တစ်ကယ်ဆို ကျမက ကြေးအိုးဆီချက်စားချင်တာ။ သူတို့က မဲများလို့ အရှုံးပေးလိုက်ရတယ်။ နေနှင့်ဦးပေါ့ ကြေးအိုးဆီချက်ကြီးရယ်။

ဟိဟိ၊ Happy April Fool's Day ပါ။ :zအတွေ့အကြုံတွေကို ဖြတ်ညှပ်ကပ်ထားတာ။ တကယ်ဖြစ်ရင် ကောင်းမယ်နော်။ အခုတော့ ထုံးစံအတိုင်း တစ်ယောက်တည်းပြန်ရဦးမယ်။ ဖေဖေနဲ့ မေမေက ပြန်သွားပြီလေ။



5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

ZT said...

ခံလိုက်ရပြီဟ။ ဟားဟား။ :D

စိုင်းစိုင်းလားရှိုး said...

ဟဟဟား... ဂယ်မှတ်နေတာ နောက်နေတာကိုး...... မယ်ဂုမိတော့လေ...

Dr Phyo Wai Kyaw said...

ငါတောင်အူလည်လည်ဖြစ်သွားတယ်
တော်တော်ဆိုးတဲ့ ဂု..။

ကိုသားငယ် said...

အဟုတ်မှတ်နေတာ... ပုံလေးတွေနဲ့တင်ပေးရင်ကောင်းမှာ ဆိုပြီး ဖြည့်တောင်တွေးလိုက်သေးတယ်...

Anonymous said...

သေဟ .. အင်ထုခံလိုက်ရပြီ။ တကယ်ပြန်တာ
တော့ မထင်ဘူး ဘာလို့လဲဆိုတော့ ရွာလေဆိပ်မှာ အရစ်ခံရတာ မပါလို့ အဟစ်ဟစ်
ရွာလေဆိပ်မှာအရစ်ခံရမှ အဲဒါမှ ရွာပြန်ရောက်တယ် ခေါ်ပါသည်ခင်ဗျား။

 

Design By:
SkinCorner