Showing posts with label ယုံကြည်မှုကို စွဲကိုင်ကာ. Show all posts
Showing posts with label ယုံကြည်မှုကို စွဲကိုင်ကာ. Show all posts

Sunday, February 8, 2009

"အောင်မြင်ခြင်း"ပန်းတိုင်ဆီသို့

နောက်ဆုံးချိန်ထိ ကိုယ့်ကိုကိုယ် ယုံကြည်ရမယ်။

ကိုယ့်ကိုကိုယ် မယုံကြည်ရင် ဘယ်သူက ကိုယ့်ကို ယုံကြည်မှာလဲ။

ယုံကြည်မှုမရှိရင် ဘယ်အရာမှ မစတင်နိုင်ဘူး။


အဆုံးကို မတွေးထားရဘူး။

အဆုံးသတ်နံရံဆိုတာ ဘယ်မှာမှ မရှိဘူး။


နောက်ထပ် နောက်ထပ် ကြိုးစားနိုင်တယ်။

ဘဝင်မကိုင်ရ။

အားသွန်ခွန်စိုက် ကြိုးစားကြရအောင်။


လုပ်နိုင်လား၊ မလုပ်နိုင်လား စဉ်းစားစရာမလို။

လုပ်ကို လုပ်ရမယ်။


နောက်ကြောင်း ပြန်မကြည့်ရ။

တစ်စက္ကန့်၊ တစ်မိနစ်တောင်မှ ရှေ့သို့သာ

အခုမှ ဘဝစတာ။


တစ်ကယ်လုပ်ရင် တစ်ကယ်ဖြစ်တယ်။


စိတ်မပျက်ရ။

ဇွဲမလျှော့ရ။


နိုင်နိုင်ရှုံးရှုံး

အားသွန်ခွန်စိုက်

ကြိုးစားလုပ်ဆောင်ပါက

အောင်မြင်မှာ မလွဲဧကန်။

အပြည့်အစုံသို့....

Friday, January 16, 2009

ဒီလိုနည်းနဲ့ ရေးပါသည်။

ဘလော့စရေးတုန်းက အချိန်တွေတုန်းကပေါ့။ ဂျပန်လို ဘလော့ကို ကျောင်းကသင်ပေးလို့ လွန်ခဲ့တဲ့ သုံးနှစ်နီးပါးလောက်ကတည်းက လုပ်တတ်ပေမယ့် မြန်မာဘလော့တော့ မလုပ်ခဲ့ဘူးပါ။ လုပ်မယ်လို့ ရည်ရွယ်ချက်လည်း မရှိခဲ့တော့ ဖတ်ပဲ ဖတ်ခဲ့မိတယ်။ လွန်ခဲ့တဲ့ (8)လနီးပါးလောက်ရောက်လာတော့မှပဲ မထင်မှတ်ပဲ ကိုယ်ပိုင်ဘလော့လုပ်ဖြစ်ခဲ့တယ်သိလား။ စစချင်းလုပ်တာဆိုတော့ နားမလည်တာတွေက များမှများ။ အခက်ဆုံးက မြန်မာဖွန့်ထည့်တာပဲ။ ကျန်တာတော်တော်များများက ဂျပန်ဘလော့လုပ်ဘူးတော့ နားလည်တယ်။ ဟိ ဟိ၊ မြန်မာဖွန့်ကတော့ လုပ်တတ်ဘူး။ အဲဒါနဲ့ သူများကိုပဲ အားကိုးပစ်လိုက်တယ် ပြီးရော။ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား ၊နာလည်း လုပ်တတ်ဘူး စသဖြင့် သူငယ်ချင်းကို ခိုင်းလည်း ခိုင်းသေး ၊ ဆရာလည်း လုပ်ရင်းနဲ့ပဲ ဘလော့လေးက အသက်ဝင်လာခဲ့တယ်။ :z

အသက်သာ ဝင်လာတာ ရှင်သန်ဖို့ကြ တော်တော်ကြိုးစားယူခဲ့ရတယ်သိလား။ ဘာလို့လည်းဆိုတော့ မြန်မာဖွန့် မရိုက်တတ်ဘူးလေ။ "ကကြီးက U "ဆိုတာ သိရုံလောက်ကလွဲရင် မြန်မာဖွန့်ကို မရိုက်တတ်ဘူး။ :p မြန်မာဖွန့်မရိုက်တတ်ဘဲနဲ့ မြန်မာဘလော့ရေးတာ တော်တော်တော့ အူကြောင်ကြောင်နိုင်တယ်နော်။ ;)

ဘလော့စလုပ်တုန်းက မြန်မာဘလော့လုပ်မယ်လို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ သူငယ်ချင်းက လုပ်တော့ ကျမလည်း လိုက်လုပ်ချင်တာနဲ့ လုပ်ခဲ့တာလေ။ :z ကိုယ့်အခြေအနေကိုယ် သိတော့ မြန်မာဘလော့လုပ်ဖို့ကို တော်တော်စဉ်းစားခဲ့တယ်။ :d ဘလော့တော့ ရေးမယ်။ မြန်မာလိုတော့ ဖြစ်ချင်မှဖြစ်မယ်။ လို့ ဆုံးဖြတ်ခဲ့တယ်။ :z အဲလို အချိန်မှာ သူငယ်ချင်းက ပြောလာပါတယ်။ နင်ပြော၊ နာရေးပေးမယ်..........တဲ့။ မဆိုးဘူး။ သူ့အကြံကောင်းတယ်ဆိုပြီး ဝမ်းသာအားရ လက်ခံလိုက်တယ်။ :z

စစချင်း ရေးခဲ့တဲ့ ပို့စ်တွေဟာ ကျမပြောပြီး သူငယ်ချင်းတွေ ရေးပေးခဲ့တဲ့ ပို့စ်တွေပါ။ အစကတော့ တစ်ယောက်တည်း ဒိုင်ခံ ရေးပေးခဲ့တာပါ။ တစ်ဖြည်းဖြည်းနဲ့ ဘလော့ကတစ်ဆင့် သူငယ်ချင်းတွေ အများကြီးရခဲ့တယ်လေ။ :z သူတို့ အကုန်လုံးသိတယ်။ မြန်မာဖွန့်မရိုက်တတ်ဘဲ မြန်မာလို ပို့စ်တွေကို တစ်နေ့တစ်ပုဒ် ရေးတာကို။ အဲဒါနဲ့ တစ်ယောက်မအားရင် တစ်ယောက်က ရေးပေးပါတယ်။ ဒီလိုနဲ့ပဲ ဘလော့သက်တမ်းလည်း တစ်လနီးပါးလောက်ရှိလာတယ်သိလား။

ဘလော့ရင်းနဲ့ ဟိုလည်ဒီပတ်လုပ်လိုက်တာ http://burglish.googlepages.com/testarea.htm ဆိုတဲ့ website ကြီးရှာတွေ့ပါလေရော။ ပျော်လိုက်တာ :z အရမ်းကို ပျော်လိုက်တာ။ :zစောစော ရှာတွေ့ခဲ့ရမှာ။ အခုမှ.... အခုမှ...... ပဲ တွေ့တော့တယ်ဆိုပြီး ဟိုလူလိုက်ကြွား၊ ဒီလူလိုက်ကြွားလုပ်တော့ အဲဒီအစုတ်ပလုပ် အကောင်းစားသူငယ်ချင်းတွေက "နာသိတယ်။" " သိသားပဲ။" " အခုမှ သိသလား" စသဖြင့် ကောင်းချီးဩဘာပေးကြတယ်။ ဟင့် ဟင့်၊ ကျမက အခုမှ သိတာကိုး။ သူတို့က သိရဲ့သားနဲ့ တစ်ယောက်မှ ပြောကြဘူး။ ဟင့် ဟင့်။ ကျမမှာတော့ အားနာလိုက်ရတာ၊ သူတို့ခမျာ ကိုယ့်ဘလော့အတွက်လည်း ရေးရသေး၊ ကျမဘလော့အတွက်လည်း ကူရိုက်ပေးရသေးဆိုပြီး။ :c

ဟွန်း၊ ဘယ်ရမလဲ။ ဒီ http://burglish.googlepages.com/testarea.htm ကြီးတစ်ခုလုံး ရှိနေမှတော့ ကိုယ့်အားကိုယ်ပဲ ကိုးတော့တာပေါ့နော်။ ကိုယ့်ဟာကို ရေးကြည့်တာ။ စိတ်ဝင်စားဖို့ ကောင်းတယ်သိလား။ ရေးရင်း ရေးရင်းနဲ့ ဈာန်ဝင်လာတယ်။ ဒီလိုနဲ့ http://burglish.googlepages.com/testarea.htm နဲ့ပဲ ရေးဖြစ်တော့တယ်။ တီထွင်ပေးတဲ့လူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဦးနှောက်အရမ်းကောင်းလို့ ချီးလည်း ချီးကြူးပါတယ်။

တစ်ကယ်တော့ မြန်မာတစ်ယောက်ဖြစ်ပြီး မြန်မာလက်ကွက် မရိုက်တတ်တာ သိပ်တော့မကောင်းဘူးပေါ့နော်။ မြန်မာလို ရိုက်တတ်အောင် ကြိုးစားသင့်ပါတယ်။ တစ်ပတ်လောက်ဆို ကောင်းကောင်းရေးတတ်ပြီလို့ သင်ပေးမယ့် သူငယ်ချင်းက ပြောပါတယ်။ သင်မယ်လို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် ခေါင်းတော်တော်မာတဲ့ ကျမက ကိုယ့်အယူအဆကို မပြင်ချင်ဘူးလေ။ :p ဂျပန် Romaji လိုမျိုး လက်ကွက်တူတဲ့ ဘားဂလစ်က ကျမအတွက် ရိုက်ရတာ အရမ်းအဆင်ပြေအသုံးဝင်လို့ပါ။ :z


ဂျပန် ကီးဘုတ်မှာ ဂျပန်လက်ကွက်နဲ့ရိုက်လို့ရသလို Romaji နဲ့အသံထွက်ကိုပေါင်းပြီး ရိုက်လို့လည်းရပါတယ်။ (ဥပမာ၊ ”ち”ကို ရိုက်ချင်တယ်ဆိုပါစို့။ ကီးဘုတ်မှာပါတဲ့ A ကို နှိပ်လို့ ရသလို Romaji နဲ့ chi လို့ ရိုက်ရင်လည်း ရပါတယ်။ ဂျပန်က ခန်းဂျီးတွေရှိတဲ့အပြင် ကိုယ်ပိုင်စာလုံးလို့ ပြောတဲ့ ဟိရဂန၊ ခတခနလို့ ခေါ်တဲ့ မွေးစားစကားလုံးတွေလည်း ရှိလို့ လက်ကွက်အတိုင်းရိုက်တာထက် Romaji နဲ့ ရိုက်တာက ပိုအဆင်ပြေပါတယ်။ ဂျပန်စာရိုက်တတ်တဲ့လူတော်တော်များများက လက်ကွက်ထက် Romaji နဲ့ ရိုက်တာကို ပိုပြီးအသုံးပြုပါတယ်။

ကျမလည်း အဲဒီ ဓလေ့မှာ နေသားကျနေတော့ Romaji နဲ့ပဲ စာရိုက်ပါတယ်။ ဆိုင်မဆိုင်တော့မသိဘူး။ Romaji နဲ့ သဘောသဘာဝချင်း ဆင်ဆင်တူတဲ့ Burglish ကိုလည်း နှစ်သက်ပါတယ်။ ဒီတော့ Burglish website နဲ့ပဲ မြန်မာစာရိုက်ဖြစ်နေပါတယ်။ ဒီအတိုင်းဆက်သွားရင် မြန်မာလက်ကွက်ကတော့ ဒီတစ်သက်မှတ်မိမယ်မထင်။ :p

ဒီပို့စ်နဲ့ နည်းနည်းသက်ဆိုင်နေတဲ့ Burglishလေးကိုလည်း အချိန်ရရင်ဖတ်ကြည့်ပါရှင်။


ပုံကို http://www.microsoft.com/japan/presspass/pressroom/images/051104_ComfortCurveKeyboard2000.jpg မှ ရယူသည်။

အပြည့်အစုံသို့....

Saturday, September 20, 2008

Burglish

Burglish ကို တီထွင်တဲ့လူကို တော်တော်ချီးကြူးပါတယ်။ ဘယ်သူက စတင်တီထွင်တာကို မသိပေမယ့် တီထွင်တဲ့လူကို တော်တော်ကို တော်ပါပေတယ်လို့ ချီးကြူးပါတယ်။ တကယ်ပါ။ "Burglishဟာ မဖတ်တတ်ရင် အရမ်းကို စိတ်ညစ်ဖို့ ကောင်းတဲ့ ဘာသာစကားတမျိုး၊ အင်္ဂလိပ်ဘာသာစကားမဟုတ် ၊ မြန်မာဘာသာစကားမကျ စကောစက၊ ဟိုမရောက် ဒီမရောက်ဘာသာစကား "လို့ ပြောခြင်းခံနေရပေမယ့် သေချာစဉ်းစားကြည့်ကြပါ။ Myanmar fontမရှိတဲ့ PCမှာ မြန်မာလို ဖတ်လို့ ရတာ Burglish နဲ့ ရေးမှပါ။ (အသေးစိပ်ပြောပါမယ်။ လေဆိပ်မှာ မြန်မာတယောက်ယောက်ကို အရေးပေါ်အဆက်အသွယ်လုပ်ချင်ရင် ၊
ကျောင်းမှာ၊ ရုံးမှာ မြန်မာစာရေးချင်ရင်၊
မြန်မာလို ရိုက်တတ်ပေမယ့် Computer မှာMyanmar Font မရှိခဲ့ရင်၊
Myanmar Font ကို Download လုပ်ဖို့ အချိန်မရခဲ့ရင် ၊
အလွယ်တကူ မြန်မာလို ရေးနိုင်တာ Burglish နဲ့ပါ။)
Handphoneတွေမှာ ဖုန်းMessage ပို့ရင် Burglish နဲ့ရေးမှသာ မြန်မာလို မဟုတ်တောင် မြန်မာဆန်ဆန်လေး ဖတ်လို့ရတာပါ။ (မြန်မာမှာတော့ မြန်မာစာနဲ့ ဖုန်းMessage ပို့လို့ရပြီးလို့ ပြောပေမယ့် တခြားနိုင်ငံတွေမှာ မရသေးပါ။ ) Burglishရဲ့ ကောင်းကျိုးကို ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ Burglishဟာ နိုင်ငံတကာ အဆင့်မှီတဲ့ ဘာသာစကားတခုပါ။ "ဘာလို့ အဲလောက်တောင် အမွှန်းတင်နေရလဲ" ဆိုတော့အောက်မှာ ဥပမာပေးပြီး ဖော်ပြထားပါတယ်။

Burglishဟာ တရုတ်ဘာသာစကားPinyin တို့ ဂျပန်Romajiတို့လိုပါပဲ။
တရုတ်ဘာသာစကားမှာ Pinyin ဆိုတာရှိတယ်။တရုတ်စာလုံးတွေ မသိခဲ့ရင်တောင် Pinyinသိတာနဲ့ စာရေးလို့ ရပါတယ်။ စာဖတ်လို့ ရပါတယ်။ တရုတ်စကားသေချာမသိခဲ့ရင်တောင် Pinyinကြောင့် သိပ်တော့ ဒုက္ခမရောက်ပါဘူး။ အရင်တုန်းကတော့ တရုတ်စာလုံးတွေ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ခဲ့ပုံပေါ်ပေမယ့် မျက်မှောက်ခေတ်မှာတော့ တရုတ်စာလုံး အသံထွက်အမှတ်အသားအနေနဲ့ ကမ္ဘာမှာ လူသိများပါတယ်။

ဂျပန်ဘာသာစကားမှာ Romaji ဆိုတာရှိတယ်။ တရုတ်Pinyinလိုပဲ တော်တော်ကို အသုံးဝင်တာပါ။ ဂျပန်လို ခန်းဂျီးနားမလည်တောင် Romajiလောက် ဖတ်တတ်ရင် တော်တော်အဆင်ပြေပါတယ်။ ဂျပန်မှာ ရှိတဲ့ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသား တော်တော်များများဟာ ခန်းဂျီးထက် Romajiကို ပိုပြီး နားလည်သိရှိကြပါတယ်။

အဲဒီ ပြောခဲ့တဲ့ Pinyinရော၊ Romajiရောဟာ တရုတ်ဘာသာစကား၊ ဂျပန်ဘာသာစကားတွေရဲ့ အသံထွက်ကို အင်္ဂလိပ်အက္ခရာ(လက်တင်ဘာသာစကား)နဲ့ ရေးလို့ ရအောင် အသင့်တော်ဆုံး ၊ အနီးစပ်ဆုံး စဉ်းစားပြီး တီထွင်ဖန်တီးထားတာပါ။ ကိုရီးယားဘာသာစကားမှာလည်း ရှိပုံရပါတယ်။

Burglish ဟာလည်း အဲလို ဘာသာစကားတွေလိုပဲ မြန်မာအသံထွက်ကို အင်္ဂလိပ်အက္ခရာ (လက်တင်ဘာသာစကား)နဲ့ ရေးလို့ ရအောင် အသင့်တော်ဆုံး ၊ အနီးစပ်ဆုံး စဉ်းစားပြီး တီထွင်ဖန်တီးထားတဲ့ သဘောတရားရှိတယ်လို့ ထင်ပါတယ်။

ကျမသိသလောက် ပြောရရင် ကချင်ဘာသာစကားကလည်း ကချင်စကားပြော အသံထွက်ကို အင်္ဂလိပ်အက္ခရာ(လက်တင်ဘာသာစကား)နဲ့ ရေးထားတဲ့ ဘာသာစကားပါပဲ။ (ကချင်မသူငယ်ချင်း ပြောဖူးလို့ပါ။ ကချင်ဘာသာနဲ့ ရေးထားတဲ့စာတွေဟာ Burglish လိုမျိုး အင်္ဂလိပ်အက္ခရာ (လက်တင်ဘာသာစကား)နဲ့ ဖြစ်နေပေမယ့် ကချင်ဘာသာစကားဖြစ်လို့ တလုံးမှ နားမလည်ပါ။) သူတို့ရဲ့ ဘာသာစကားကို အင်္ဂလိပ်အက္ခရာ (လက်တင်ဘာသာစကား)နဲ့ ရေးထားတဲ့ မြန်မာပြည်တွင်းနေ တခြားတိုင်းရင်းသားလူမျိုးတွေလည်း ရှိပါသေးတယ်။

လွယ်လွယ်ပဲ ဥပမာပေးမယ်နော်.... မြန်မာနာမည်တွေကို ရေးတဲ့ အခါမှာလည်း Burglish နဲ့ ရေးထားတာပါ။ လမ်းနာမည်၊ လူနာမည်တွေဟာ ထင်ရှားတဲ့ Burglish ဘာသာစကားနဲ့ ရေးထားတဲ့ မြန်မာစကားတွေပဲပေါ့။ ဥပမာ၊" ထွန်း"ဆိုတဲ့ နာမည်ကို ကိုယ်သဘောကျတဲ့ အသံထွက်နဲ့ "HTUN, TUN "ဆိုပြီး Burglish လို ပေါင်းသလိုပေါ့။ "ဒီလို ပေါင်းမှ မှန်မယ်။"" ဒီလို ပေါင်းရင် မှားတယ်"လို့ တိတိကျကျ သတ်မှတ်လို့ မရပါဘူး။

Burglish မရှိခဲ့ရင် နိုင်ငံခြားလာဖို့ Passport လုပ်တဲ့အခါ၊ Passportစာအုပ်ထဲမှာ ဘယ်လိုရေးမလဲ?????မြန်မာဘာသာစကားလို ရေးမှာလား။ အင်္ဂလိပ်ဘာသာစကားလို ရေးမှာလား။ ကိုယ့်နာမည်က အင်္ဂလိပ်နာမည်မှ မဟုတ်ပဲနဲ့ ဘယ်လိုနည်းနဲ့ အင်္ဂလိပ်လို ရေးမှာလဲ။ မြန်မာဘာသာစကားနဲ့ ရေးရင်ရော၊ သူတပါးတိုင်းပြည်က နားလည်မှာမလို့လား။ :p ဒီတော့ မြန်မာလို အသံထွက်ကို အင်္ဂလိပ်ဘာသာစကားနဲ့ Burglish လို ရေးမှသာ အဆင်ပြေမှာမဟုတ်ဘူးလား။

Burglish ဘာသာစကား ရှိလာတဲ့ အတွက် လူငယ်တွေဟာ အင်္ဂလိပ်ဘာသာစကားမတတ်တော့ဘူးလို့ ပြောသံကြားဖူးပါတယ်။ အင်္ဂလိပ်ဘာသာစကားတတ်ခြင်း၊ မတတ်ခြင်းဟာ အဲဒီလူရဲ့ အင်္ဂလိပ်ဘာသာစကားအပေါ် ကြိုးစားအားထုတ်မှုနဲ့ပဲ ဆိုင်တယ်လို့ ထင်ပါတယ်။ Burglish ဘာသာစကားနဲ့ ဘာမှ မသက်ဆိုင်ပါ။

မြန်မာစကား ပိုညံ့သွားစရာ အကြောင်းလည်း မရှိပါဘူး။ မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ ကြီးလာတဲ့လူတယောက်ဟာ မြန်မာတွေနဲ့ အမြဲတမ်း ထိတွေ့နေမယ်ဆိုရင် ဘယ်နည်းနဲ့မှ မြန်မာစကား ညံ့သွားမှာ မဟုတ်ပါဘူး။

အပြည့်အစုံသို့....

 

Design By:
SkinCorner