Showing posts with label တစ်နေ့တာ အလယ်တန်းပြဆရာမ. Show all posts
Showing posts with label တစ်နေ့တာ အလယ်တန်းပြဆရာမ. Show all posts

Monday, October 6, 2008

တစ်နေ့တာ အလယ်တန်းပြဆရာမ(4)

တစ်နေ့တာ အလယ်တန်းပြဆရာမ((1) ဖတ်ချင်ပါက။) :p
တစ်နေ့တာ အလယ်တန်းပြဆရာမ((2) ဖတ်ချင်ပါက။) :p
တစ်နေ့တာ အလယ်တန်းပြဆရာမ((3) ဖတ်ချင်ပါက။) :p

တစ်ကယ်တမ်း စာသင်ရတာက တစ်ချိန်တည်းပါ။( ကြားထဲမှာ နှုတ်ဆက်တာတွေ၊ အဝတ်အစားလဲတာတွေ၊ ဆရာအချင်းချင်း မိတ်ဆက်ရတာတွေ ရှိခဲ့ပါတယ်။) စာသင်လို့ ပြီးသွားပေမယ့် ကျမတို့မှာ မပြန်ရသေးပါဘူး။ နားနေခန်းမှာ နားရင်း၊ ဝါးတီးဖွင့်ရတာပေါ့နော်။ :p စားပွဲအကြီးကြီး (2)လုံးပေါ်မှာစားသောက်စရာတွေကို ချထားပေးထားပါတယ်။ ဘူဖေးစနစ်နဲ့ ကြိုက်သလောက်ယူစားလို့ ရပါတယ်။ စားသောက်နေတုန်း၊ အခုန စာသင်ခဲ့တဲ့အခန်းက အတန်းပိုင်ဆရာက "ဒီစာလေးတွေ မြန်မာလို ရေးပေးပါ"ဆိုလို့ စာရွက်ကြီး(1)ရွက်ပေါ်မှာ ဆရာရေးခိုင်းတဲ့ စာလုံးတွေကို ရေးပေးလိုက်ရသေးတယ်။ (ဘာလုပ်ဖို့လဲကို ပြောမပြလို့ မသိလိုက်ရပါဘူး။) :d

စားသောက်ပြီးသွားတော့ အားကစားဆောင်ကို သွားရပါတယ်။ကျောင်းရဲ့ အကျယ်ဆုံးအခန်းလို့ ပြောမယ်ဆိုလည်း မမှားပါဘူး။ တစ်ကျောင်းလုံးမှာ ရှိတဲ့ကျောင်းသား၊သူ တွေ စုဝေးပြီး ထိုင်ခုံမှာ နေရာယူနေကြတာကို တွေ့ရပါတယ်။ ကျောင်းအုပ်ဆရာကြီးက ကျမတို့ ဝင်လာတယ်ဆိုရင်ပဲ တလေးတစား ကြိုဆိုပါတယ်။ ဘာပဲပြောပြော၊ ဒီနေ့အတွက်တော့ ကျမတို့က ကျောင်းတော်ကြီးရဲ့ အထူးဧည့်သည်တော်တွေ မဟုတ်လား။ အထူးဧည့်သည်တော်တို့ရဲ့ ထုံးစံအတိုင်းပဲ အရှေ့ဆုံးမှာ နေရာယူ ထိုင်ကြရပါတယ်။ ကျမတို့ အားလုံး နေရာယူပြီးတာနဲ့ ဆရာကြီး က မိန့်ခွန်းဟောကြားပါတယ်။ ကျောင်းသား၊သူ လေးတွေက အပ်သံမကျ ဆရာကြီးရဲ့ မိန့်ခွန်းကို နားထောင်နေကြပါတယ်။(ကွာပနော်)။ ;)
ဆရာကြီးက ဒီလို ယဉ်ကျေးမှုဖလှယ်ပွဲကို အောင်အောင်မြင်မြင်ပြီးဆုံးသွားတဲ့အတွက် ဝမ်းသာမိပါကြောင်း၊ နောက်နှစ်မှာလည်း ဒီထက်ကောင်းမွန်တဲ့ အစီအစဉ်နဲ့ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ မိန့်ခွန်းအပြီး ဒီနေ့ ကြွရောက်လာတဲ့ ကျမတို့( စုစုပေါင်း ဆရာ(12)ယောက်ရှိမည်ထင်ပါသည်။)ကို ကျေးဇူးတင်ပါကြောင်း ပြောကြားရင်း ကျောင်းသား၊သူ တွေနဲ့ ထပ်မံမိတ်ဆက်ပေးပါတယ်။ တစ်ကျောင်းလုံးမှာ ရှိတဲ့ ကျောင်းသား၊သူ တွေ သေချာသိရှိသွားအောင်ပါ။

ကျောင်းသူလေးတွေက ဂျပန်ဗျပ်စောင်းနဲ့ ဖျော်ဖြေဧည့်ခံပါတယ်။  :zနားဆင်ကြည့်ကြပါအုန်းရှင်။


ဖျော်ဖြေရေးပြီးသွားတော့ ကိုယ့်သင်ကြားခဲ့တဲ့အကြောင်းအရာကို အတန်းခေါင်းဆောင်တွေက ရှေ့ထွက်ပြီး အများသူငါ သိစေရန် အစီရင်ခံရပါတယ်။ တော်တော် တော်ပါတယ်လို့ ချီးကျူးချင်ပါတယ်။နားနေချိန် အချိန်(1)နာရီအတွင်းမှာ ထမင်းလည်းစားရင်း၊ အစီရင်ခံစာကို လက်တန်းချရေးနိုင်လို့ပါ။ မြန်မာအကြောင်းကို အတန်းခေါင်းဆောင်ကျောင်းသူလေးက ရှင်းပြခဲ့ပါတယ်။သူမနဲ့ အပေါင်းအပါတွေ ဆွဲထားတဲ့ ဇယားပါ။ သေသေသပ်သပ်ပါပဲ။ အခုနက ကျမတို့ကို ရေးခိုင်းခဲ့တဲ့ စာရွက်က သူမ ရှင်းပြမှပဲ သိတော့တယ်။ အဲဒါ ၊ သူမနာမည်ကို ရေးခိုင်းခဲ့တာလေ။ ဟိ ဟိ။( ဒီထဲမှာတော့ မထည့်တော့ဘူးနော်။) ;)အနောက်ကနေ ရိုက်ထားတာပါ။ သေချာမြင်ရတယ်နော်။
အတန်းတိုင်းမှ တာဝန်ခံကျောင်းသား၊သူလေးတွေ အကုန် အစီရင်ခံ ပြောကြားပြီးမှပဲ အခမ်းအနားပြီးဆုံးကြောင်း ကြေငြာပါတော့တယ်။ ကျောင်းအုပ်ကြီးက ”ရောက်တုန်းရောက်ခိုက် စကားစမြည်ပြောကြရအောင်ပါ”ပြောလို့ ကျောင်းအုပ်ကြီးရုံးခန်းမှာ နာရီဝက်လောက် စကားပြောခဲ့ရပါသေးတယ်။ တစ်ကယ်တော့၊ စကားပြောရုံသက်သက် မဟုတ်ဘူးရှင့်။ ဆရာကြီးရဲ့ လက်ထောက်က ကျမတို့ကို စာအိတ်လေး(1)အိတ်စီ လာပေးပါတယ်။ သုံးယောက်သား ကြောင်တောင်တောင် ဖြစ်သွားပြီး ကျမတို့နဲ့ အတူပါလာတဲ့ ဆရာကို ကြည့်လိုက်ကြတာပေါ့။ ဆရာကိုလည်း သူတို့က ပေးပါတယ်။ ဆရာကတော့ ”မယူပါရစေနဲ့”လို့ ငြင်းလိုက်တယ်။ ကျမတို့လည်း ငြင်းဖို့ ပါးစပ်ဟမယ်ပဲ ကြံကာရှိသေး ဆရာက ”ယူလိုက်ပါတဲ့။ ဂျပန်မှာက အဲလိုပဲ ပေးတတ်တာ ယဉ်ကျေးမှုပါတဲ့။ ငြင်းလို့ မကောင်းဘူးတဲ့။” ဒါနဲ့၊ အားနာပြီး ယူလိုက်ရတယ်။ ခံရခက်စွာနဲ့ပေါ့။  ဟုတ်တယ်လေ။:( ပိုက်ဆံလိုချင်လို့ သွားခဲ့တာမှ မဟုတ်တာ။ မြန်မာအကြောင်းကို ဂျပန်ကျောင်းသူ၊သားလေးတွေ သိစေချင်လို့ သွားရောက်ရှင်းပြခဲ့တာလေ။ စိတ်ပါလက်ပါနဲ့ ရှင်းပြခဲ့တဲ့ စေတနာကို စော်ကားလိုက်သလိုပဲ။ အောင့်သက်သက်နဲ့။ :( ဒါပေမယ့်လည်း သူတို့ ယဉ်ကျေးမှုလို့ ပြောလာမှတော့ ဘယ်တတ်နိုင်မလဲတဲ့ရှင်။

မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံကြောင့် တစ်ခါတစ်လေ ဒီလိုလည်း စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ စိတ်ရှုပ်ရှုပ်နဲ့ ကျောင်းအုပ်ကြီးရုံးခန်းကို ဝေ့ကြည့်လိုက်တာ ပညာရေးဆောင်ပုဒ်လေးကို သွားတွေ့မိပါတယ်။ မြင်မြင်ချင်း နှစ်သက်လို့ ဓာတ်ပုံရိုက်ယူလာခဲ့ပါတယ်။ ဘာသာပြန်ပေးလိုက်ပါတယ်နော်။

ပညာရေးရည်ရွယ်ချက်

ကြိုးကြိုးစားစား ပညာရှာ
သဘာဝတရားနဲ့ လူသားကို ချစ်ခင်
အားအင်ပြည့်ဝစွာ နေထိုင်ကြကုန်လော့
တပည့်တို့။

ဒါက 折り紙(Origami )လို့ ခေါ်တဲ့ ဂျပန်စာရွက်ခေါက်နည်းပညာနဲ့ လုပ်ထားတဲ့ ဖားလေးတွေပါ။ ရွှေရောင်လေးနဲ့ အပြာရောင်လေးက ဘာမှန်းတော့မသိဘူး။ အထပ်ထပ်ခေါက်ထားတာတွေ့လို့ တော်တော်လက်ဝင်မယ်လို့ ထင်ပါတယ်။ ကျောင်းသူ၊သားလေးတွေက ပေးတဲ့လက်ဆောင်ပါ။ ငွေနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့အရာလေးပေါ့။ ;) နှစ်ပတ်အကြာမှာ ကျောင်းသား၊သူတွေဆီက ရရှိခဲ့တဲ့ ကျေးဇူးတင်လွှာတွေကို လက်ခံရရှိခဲ့ပါတယ်။ အရွက်(20)ဆယ်ရှိပါတယ်။ ဒီစာရွက်လေးတွေထဲက စာတွေကို ဖတ်ပြီး ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရပါတယ်။ စာထဲမှာက "နောက်လည်း လာခဲ့ပါအုန်းတဲ့။ မျှော်နေပါမယ်တဲ့။ ကျမတို့ကို ဘယ်တော့မှ မမေ့ပါဘူးတဲ့။ ကျေးဇူးအများကြီးတင်ပါတယ်တဲ့။ "ကျမတို့ဆရာတွေဘက်ကလည်း သူတို့ကျောင်းသူ၊သားလေးတွေအတွက် ခံစားရတဲ့ ခံစားမှုတွေရေးထားတဲ့ စာတစ်စောင်စီ ပြန်ပို့ခဲ့ပါတယ်။ ကံမကုန်ရင် ပြန်ဆုံချင်ပါသေးတယ် တစ်နေ့တာ တပည့်လေးတို့ရေ။
တစ်ခဏတာလေးပေမယ့် သံယောဇဉ်ရှိမိသွားတဲ့ ကျောင်းသူ၊ ကျောင်းသူလေးတွေနဲ့ ကြုံဆုံ၊ ခွဲခွာရပြန်ပါပြီ။ ဒါ၊ ဒုတိယအကြိမ်မြောက်ပါ။ 北海道(Hokkaidou )သွားခဲ့တုန်းက Homestayသွားနေတဲ့ အိမ်က ကလေးမလေးရှိတဲ့ ကျောင်းကို ဆရာရဲ့ အကူအညီတောင်းမှုကြောင့် မြန်မာ့အကြောင်းသွားရောက်ရှင်းပြရင်း 北海道(Hokkaidou ) က ကျောင်းသူ၊ ကျောင်းသူလေးတွေနဲ့ ခင်ခဲ့ပြီးမှ ခွဲခဲ့ဖူးပါသေးတယ်။ :z

မှတ်ချက်၊ အထင်မမှားကြနဲ့နော်။ :y ကျမ ဆရာမ မဟုတ်ဘူးနော်။ :p ဆရာအတတ်သင်လည်း မတတ်ဖူးပါဘူးနော်။ :) ကျမကံပဲ ပြောရမလား မသိဘူး၊ မြန်မာ့အကြောင်းကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကိုရီးယားသွားတုန်းကလည်း ရှင်းပြခဲ့ဖူးပါတယ်။ :z (ကျမမှ လွဲ၍ မြန်မာတစ်ယောက်မှ မရှိပါသဖြင့် အလိုအလျောက် ကိုယ်စားလှယ်ဖြစ်သွားရတာပါ။ ;) )

တော်လို့ တတ်လို့ မဟုတ်ပဲ ကံကြောင့် မြန်မာ့အကြောင်းကို သူတပါးတိုင်းပြည်သိအောင် ရှင်းပြခွင့် ရခဲ့ပါတယ်။  :z

အပြည့်အစုံသို့....

Saturday, October 4, 2008

တစ်နေ့တာ အလယ်တန်းပြဆရာမ(3)

မြန်မာစာသင်ပေးပြီးတော့ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေအကြောင်းကို Video ပြပြီး ရှင်းပြခဲ့ပါတယ်။ သူငယ်ချင်းယူလာတဲ့ အခွေလေးနဲ့ အဆင်ပြေခဲ့ပါတယ်။ သူတို့ သိချင်တာလည်းတွေရှိရင် ခဏရပ်ပြီး ရှင်းပြရတာပေါ့။ တစ်ခါတစ်လေ ရှာရှာဖွေဖွေမေးရင် သုံးယောက်သားမှာ မျက်လုံးပြူးမျက်ဆံပြူး တစ်ယောက်မျက်နှာ ၊ တစ်ယောက်ကြည့်ရင်း သူရှင်းနိုး၊ ငါရှင်းနိုး လုပ်ကြရသေးတယ်သိလား။ နောက်ဆုံးတော့လည်း တစ်ယောက်တစ်လှည့် ရှင်းလိုက်ရတာ တစ်ကယ်ပဲ စစ်စစ်ပေါက်ပေါက်မေးတဲ့ ကလေးတွေ။ ဟွန်း။

မြန်မာတေးဂီတ အကြောင်းရှင်းပြချင်ပေမယ့် တစ်ယောက်မှ ရှေးသီချင်းခွေတွေ မရှိဘူးလေ။ သိကြတဲ့အတိုင်း နားထောင်လိုက်ရင် Rap , HipHop ပဲဆိုတော့။ :p Internetကလည်း သုံးလို့မရဘူးတဲ့။ CD နဲ့ ယူလာရင်တော့ ရတယ်တဲ့။ အခြေခံပညာအလယ်တန်းကျောင်းဆိုတော့ အခန်းတိုင်းမှာ Internetသုံးလို့မရဘူးလေ။ အစကတော့ Laptop ယူသွားပြီး စက်ထဲမှာ ရှိတဲ့ သီချင်းတွေ ဖွင့်ပြမလို့ပဲ။ ဟိုကောင်လေးက "သူ CD ယူလာခဲ့မယ် အမ" လို့ ပြောလို့ မယူသွားဖြစ်ခဲ့ဘူး။ သူက ယူတော့ ယူလာပေးပါတယ်။ တစ်ကယ်တမ်း ဖွင့်လည်း ဖွင့်ကြည့်ရော၊ ဘာဖြစ်လို့လည်း မသိဘူး။ ဖွင့်လို့ မရ၊ ဘယ်လိုပဲ ကြိုးစားကြိုးစား ဖွင့်လို့ မရခဲ့ပါ။ ဒါနဲ့ ကျမတို့မှာ ပါးစပ်နဲ့ပဲ ရှင်းပြခဲ့ရတော့တယ်။ မြန်မာ့ဂီတအဆင့်မနိမ့်ကြောင်း ကြွားခဲ့တာပေါ့နော်။ ;)

အဲ၊ ဟိုနှစ်ယောက်က အကအကြောင်းလည်း ပြောပြချင်ကြသေးတယ်တဲ့။ သူတို့ နှစ်ယောက် က ဒီတိုင်း ပြောပြချင်တာ မဟုတ်ဘူးရှင့်။ လက်တွေ့ကပြချင်တာတဲ့။ "ဪ၊ဟုတ်လား ကောင်းတာပေါ့" လို့ ကျမက မြှောက်ပေးလိုက်သေးတယ်။ ;) ဘယ်ဟုတ်မလဲ၊ ကိုယ်တော်ချောက ။ "အမတို့က မိန်းကလေးတွေဆိုတော့ အမတို့ နှစ်ယောက် ကကြပါတဲ့။ သူ ဦးစားပေးပါတယ်တဲ့........."လေ။ ကောင်းရော။ :( ဟို သူငယ်ချင်းကလည်း ကိုယ်တော်ချောပြောတဲ့စကားကို အပြည့်အဝ ထောက်ခံတယ်သိလား။ ဒါနဲ့၊ ကျမမှာ နှစ်မဲတစ်မဲနဲ့ ရှုံးသွားပြီး ကလေးတွေရှေ့မှာ မကတတ်ကတတ်နဲ့ သူငယ်ချင်းကသလို လိုက်ကပြရတော့တာပေါ့။ ကိုယ် ကောင်းကောင်းမကတတ်တာကို လူတွေက ဝိုင်းကြည့်နေတော့ ရှက်လိုက်တာ။ :c ကနေရင်း အကြံရသွားတယ်။ ကောင်မလေးတွေကိုပါ အတူတွဲကခိုင်းရင် မကောင်းဘူးလားဆိုပြီးလေ။ ချက်ချင်းပဲ အကြံကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ကလေးတွေကို လှမ်းခေါ်လိုက်တယ်။ "အတူကကြရအောင်၊ သင်ပေးမယ်"လို့။ ကလေးတွေကလည်း ကျမတို့ စပြီးကကတည်းက စိတ်ဝင်စားနေတာဆိုတော့ နှစ်ခါလောက်ခေါ်လိုက်တာ ကလေး ငါးယောက် အရှေ့ရောက်လာတယ်။ သူတို့ငါးယောက်နဲ့ ကျမတို့ နှစ်ယောက် စည်းမညီ ဝါးမကျနဲ့ စည်းစည်းလုံးလုံးပဲ မြန်မာအကကို ကခဲ့ကြပါတယ်။ ;) ရင်းရင်းနှီးနှီး ဂျပန်ကလေးတွေနဲ့ ကခဲ့ဖူးတဲ့အကြောင်းလေးကို တစ်သက်မမေ့နိုင်ပါဘူး။

တစ်ကယ်တော့ ကျမမှာ ဂျပန်ရောက်တည်းက ကလိုက်ရတဲ့ မြန်မာအက။ တစ်ခါမှ လက်တွေ့ကျကျမသင်ဘူးပေမယ့် ငါးခေါက်လောက် ကခဲ့ဖူးတယ်ရှင့်။ (ကံဆိုးချက်များပြောပါတယ်။) ဒီတစ်ခါနဲ့ဆို ခြောက်ခေါက်မြောက်ပေါ့။ မြန်မာအကက တော်တော်ခက်တယ်ရှင့်။ ပျော့ပျော့ပြောင်းပြောင်းကရတာ ကျမနဲ့တော့ လုံးဝမကိုက်။ ဟိ ဟိ မြန်မာအကတင်မဟုတ်၊ အနောက်တိုင်းအကလည်း မကတတ်ပါဘူး။ အဲလို အကမှာပါရမီရှိတာလေ။ ;) အနောက်တိုင်းအက မကတတ်လို့ ကိုရီးယားသွားတုန်းက ဒုက္ခရောက်ခဲ့ဘူးတယ်သိလား။

ပြောရင်း ပြောရင်း လမ်းကြောင်းတွေပြောင်းကုန်ပြီ။ ဇာတ်လမ်း ပြန်ဆက်အုန်းမှ။ :z
နောက်ဆုံးအစီအစဉ်က ကလေးတွေကို မြန်မာရိုးရာဝတ်စုံလေးတွေ ဝတ်ပေးမယ့် အစီအစဉ်ပါ။ ကျမမှာ မြန်မာဝတ်စုံ (6)စုံရှိတယ်လေ။ အိမ်ကို မှာပြီး ဒုက္ခပေးထားတာ။ ကျမက တစ်စုံဝတ်ပြီး ကျန်တဲ့ဝတ်စုံတွေကို ကလေးတွေကို ပေးဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဟိုကောင်လေးက သူ့မှာရှိတဲ့ ယောင်္ကျားဝတ်ဝတ်စုံတွေကို ကောင်လေးတွေကို ဝတ်ပေးဖို့ တာဝန်ယူပြီး ကျမတို့နှစ်ယောက်က ကောင်မလေးတွေကို ဝတ်ပေးဖို့တာဝန်ယူခဲ့ပါတယ်။ ကိုယ့်မှာရှိတဲ့ အဝတ်အစားကို သူတို့လေးတွေကို ပေးဝတ်ရတာဆိုတော့ သူတို့အတွက် နည်းနည်းတော့ ကြီးနေတာပေါ့နော်။ မတတ်နိုင်ဘူးလေနော်။ "ကလေးတွေက ဒီအစီအစဉ်ကို သူတို့အကြိုက်ဆုံးပဲတဲ့။ မြန်မာဝတ်စုံဝတ်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်တဲ့။ မြန်မာပြည်ကို အလည်လာချင်ပါတယ်တဲ့။မြန်မာဝတ်စုံလည်း ထပ်ဝတ်ကြည့်ချင်ပါသေးတဲ့။ "ကျမတို့ ဓာတ်ပုံရိုက်နေတုန်း တစ်ယောက်တစ်ပေါက် လှမ်းပြောကြပါတယ်။

ပုဆိုးလေးနဲ့ ဂျပန်ကောင်လေးတွေ ခန့်လား။ ;)
မြန်မာဝတ်စုံလေးနဲ့ ဂျပန်မလေးတွေ လှလား။ ;)
ဆက်ရန်။
မကြာမီလာမည်။
မျှော်

အပြည့်အစုံသို့....

Friday, October 3, 2008

တစ်နေ့တာ အလယ်တန်းပြဆရာမ(2)

တစ်နေ့တာ အလယ်တန်းပြဆရာမ (အပိုင်း(1)ဖတ်ချင်ပါက။) :p

စစချင်း သွားရတာက ကျောင်းသားတွေအကုန်စုဝေးနေတဲ့ အခန်းကျယ်ကြီးဆီကိုပါ။ အဲ့ဒီအခန်းမှာ ရှိသမျှအခန်းကိုယ်စီမှ ကျောင်းသားလေးတွေ အများကြီးထိုင်နေကြပါတယ်။ ကျမတို့ (ဒီနေ့အတွက်ဆရာတာဝန်ယူမယ့် နိုင်ငံအသီးသီးမှလူများ)က အရှေ့ထွက်ပြီး ကိုယ့်ကိုကိုယ့် မိတ်ဆက်ရပါတယ်။ အားလုံးမိတ်ဆက်ပြီးသွားတော့ ကျောင်းသားတွေက ကိုယ့်အတန်းကိုပြန်သွားကြပြီး ကျမတို့ဆရာ၊ ဆရာမတွေက ကျောင်းသားခေါင်းဆောင်နဲ့ အတူ ကိုယ့်သင်ကြားရမယ့် အခန်းကို ချီတက်ခဲ့ကြတော့တာပေါ့။ လမ်းမှာတော့ သုံးယောက်သား တိုင်ပင်တုန်း။ ”ဘယ်သူ အရင်စပြောမလဲလို့၊ ဘာပြီးရင် ဘာပြောမယ်“ စသဖြင့်တို့ကိုပေါ့။

သင်ကြားရမယ့်အခန်းကို တော့ ရောက်လာပါပြီ။ :z ကျမ က အခန်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြူးတူးကြောင်တောင် နဲ့ ကျမတို့ကို ကြည့်နေတဲ့ ကလေးတွေကို မြင်တော့ ဟိုနှစ်ယောက်ကို ပြောရတော့တာပေါ့။ "ကျောင်းသားတွေကတော့ ငါတို့ကို စိတ်ဝင်စားနေပြီ။ "ပြမယ့်ပစ္စည်း ၊ ရှင်းပြမယ့်ပစ္စည်းတွေ ထုတ်ကြရအောင်နော်"လို့ ပြောလိုက်တော့ ဟိုနှစ်ယောက်ကလည်း "အေး"တဲ့။ ဒါနဲ့၊ ပြောပြောဆိုဆို ထုတ်စရာရှိတာထုတ်ရင်းနဲ့ စပြောရမယ့် အကြောင်းအရာကို အမြန်တိုင်ပင်လိုက်ကြပါတယ်။ :d

အရင်ဆုံး မဲပေါက်တာက အဖွဲ့ထဲမှာ တစ်ယောက်တည်းပါလာတဲ့ ကောင်လေးလေ။
သူက မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာ့မြေပုံနဲ့တကွ ရှင်းပြလိုက်တယ်။ {ကလေးတွေက မြန်မာနိုင်ငံဘယ်မှာရှိမှန်းတောင် မသိဘူးလေ။} :p မြန်မာ့ရာသီဥတုအကြောင်းကို ဂျပန့်ရာသီဥတုနဲ့ ယှဉ်ပြီး ရှင်းပြရသေးတယ်။ သူက စာရှင်းတော့ ကောင်းတယ်ရှင့်။ စကားတစ်ခွန်းပြောလိုက် ၊ ရယ်စရာပြောလိုက်နဲ့ အစတုန်းကနိုင်ငံခြားသားတွေဆိုပြီး ရှိန်နေ ၊ကြောက်နေတဲ့ ကလေးတွေတောင် သူ့အပြောအောက်မှာ တဟားဟား ရယ်လို့။ ;) သူရှင်းနေတုန်း ကျမနဲ့ ကျမသူငယ်ချင်းက ဘေးကလိုတာတွေ ဝင်ပြောလိုက်၊ ဘာလိုက်နဲ့ ဝင်ဖောရတာပေါ့နော်။ ;) နောက်ပြီးဆက်ပြောမယ့် အကြောင်းအရာတွေ အတွက်လည်း ပြင်ဆင်ရသေးတယ်ရှင့်။

သူက ရာသီဥတုအကြောင်းရှင်းပြပြီးတော့ ပွဲတော်တွေ အကြောင်းရှင်းပြဖို့ ကျမသူငယ်ချင်းက တာဝန်ယူပါတယ်။ မြန်မာသင်္ကြန်ပွဲတော်ဆိုတာ ကျမတို့မြန်မာတွေအတွက်တော့ မသိသူမရှိတဲ့ တစ်နိုင်ငံလုံးကျွတ်၊ တစ်ပြည်လုံးသိတဲ့ ပွဲတော်တစ်ခုမဟုတ်လားရှင်။ အဲ့ဒီပွဲတော်အကြောင်းကို ဓာတ်ပုံတွေနဲ့ တကွ ပြသပြီး ရှင်းပြခဲ့ပါတယ်။ ရာသီဥတုနဲ့ တွဲပြီး ရှင်းပြလိုက်တာ ကလေးတွေမှာ ပါးစပ်အဟောင်းသားနဲ့ အံ့တွေဩပြီး "သူတို့လည်း အဲ့ဒီပွဲတော်ကို ဆင်နွှဲချင်ပါတယ်တဲ့။"" ဂျပန်မှာ အဲ့ဒီပွဲတော်ရှိရင် ကောင်းမှာပဲ............တဲ့။ "
ကျမတို့ ရှင်းပြလိုက်တာက ဒီလိုလေ။ {သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံရဲ့ အပူဆုံးလမှာ ကျင်းပခဲ့ပြီး အပူဆုံးအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်ရေပတ်ကစားကြပေမယ့် အပူရှပ်ပြီး သေတဲ့လူ တော်တော်နည်းပါးပါသည်လို့။ မြန်မာ သင်္ကြန်ပွဲတော်ရဲ့ ထူးခြားချက်လို့ ပြောနိုင်ပါသည်လို့။ }အဲဒါ ကလေးတွေက တော်တော်ကြိုက်သွားကြပါတယ်။ သူတို့ ဂျပန်မှာလည်း (7)လပိုင်း၊ (8)လပိုင်းဆို အရမ်းပူတာလေ။ ဒီတော့ သူတို့လည်း သင်္ကြန်ပွဲတော်လုပ်ချင်မှာပေါ့။ အပူတွေကို အေးငြိမ်းချင်မှာပေါ့ရှင်။ ;)

ကလေးတွေက အလွန်ဆုံးရှိမှ (12)နှစ်~(14)နှစ်လောက်လေ။ ငယ်သေးတော့ ကြီးကြီးကျယ်ကျယ်တွေ ပြောလည်း သူတို့နားလည်မှာ မဟုတ်ဘူးလေ။ ကျမတို့မှာ သူတို့နားလည်မယ် ထင်တဲ့အကြောင်းအရာလေးတွေကို သူတို့စိတ်ဝင်စားအောင် ပြောရတာ စိတ်ပင်ပန်းလိုက်တာ အရမ်းပဲ။ :(

ပွဲတော်အကြောင်းပြီးတော့ စာသင်ပေးရသေးတယ်။ မြန်မာစာလေ။ မြန်မာစာကို သူတို့ဂျပန်ဘာသာနဲ့ ယှဉ်ပြီး ပြောပြလိုက်ပါတယ်။ ဂျပန်စာနဲ့ မြန်မာစာရဲ့ သဒ္ဒါက မယုံချင်စရာကောင်းလောက်အောင်ကို ဆင်တူလွန်းလှပါတယ်။ ဥပမာ၊
ကျနော်သည် ကျောင်းသို့ ကားဖြင့် သွားသည်။ အဲဒါကို ဂျပန်လို့ ရေးရင်
私は     学校へ  車で 行きます。လို့ ရေးပါတယ်။
"စာကြောင်းတည်ဆောက်ပုံ အတူတူပဲမလို့ ကျမတို့ဂျပန်စာသင်တုန်းကလည်း အခက်အခဲသိပ်မရှိခဲ့ပါဘူး" လို့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ရှင်းပြရပါတယ်။ ပြီးတာနဲ့ နှုတ်ဆက်စကားလေးတွေ၊ ကလေးတွေ သိချင်တဲ့ အကြောင်းအရာလေးတွေကို မြန်မာလို့ သင်ပေးလိုက်ပါတယ်။ သူတို့ရဲ့ နာမည်တွေကို စာရွက်အလွတ်တစ်ရွက်မှာ လိုက်ရေးပေးခဲ့ပါသေးတယ်။ ကျန်တဲ့ စာလုံးတွေကိုတော့ ကိုယ့်ဟာကို ရေးစေခဲ့ပါတယ်။ အမှားအမှန်လိုက်စစ် ၊ မရေးတတ်တဲ့ စာလုံးဆို ပြင်ရေးပေးပေါ့။ သုံးယောက်စလုံးမှာ ဟိုကခေါ်လိုက် ၊ ဒီက ခေါ်လိုက်နဲ့ လက်လည်း မအားပါ။ ဟိုသွား၊ဒီသွားနဲ့ ခြေထောက်လည်း မအားရပါ။ ဟူး ................မောမှ မော။

ဆက်ရန်။
မကြာမီလာမည်။
မျှော်

အပြည့်အစုံသို့....

Wednesday, October 1, 2008

တစ်နေ့တာ အလယ်တန်းပြဆရာမ

(20.6.2008)က ဂျပန်အစိုးရပိုင်အခြေခံပညာအလယ်တန်းကျောင်းကို သွားရောက်ခဲ့ပါတယ်။ :z တစ်နေ့တာ အလယ်တန်းပြဆရာမအဖြစ်နဲ့ပေါ့။ ကျမတို့ကျောင်းနဲ့ ဂျပန်အစိုးရပိုင်အခြေခံပညာအလယ်တန်းကျောင်းနဲ့ ပူးပေါင်းပြီး ယဉ်ကျေးမှုဖလှယ်ပွဲလုပ်တာပါ။ ကျမတို့ကျောင်းက ဒီနှစ်အတွက် မြန်မာကျောင်းသားတွေနဲ့ ယဉ်ကျေးမှုဖလှယ်ပွဲသွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (အရင်နှစ်က တစ်ခြားနိုင်ငံက ကျောင်းသားတွေနဲ့ သွားရောက်ခဲ့တာပါ။) ဒီတော့ ၊ ဆရာက မြန်မာကျောင်းသားတွေကို အကူအညီတောင်းရတော့တာပေါ့။ ပရဟိတဆိုတော့ ကူညီချင်တဲ့လူကိုပဲ အဓိကထားပြီး ပြောကြားခဲ့ပုံရပါတယ်။ အထူးသဖြင့် ၊ နိုင်ငံခြားသားပညာတော်သင်ကျောင်းသားများအသင်းမှ အသင်းဝင်ခေါင်းဆောင်တွေကိုပေါ့။ {ဟိဟိ ကြွားတာဟုတ်ဘူးနော်။ ကျမ က အသင်းဝင်ခေါင်းဆောင်တစ်ယောက်ရှင့်။ ;) }

ကျမအပါအဝင် အဲဒီအသင်းမှာ အသင်းဝင်ခေါင်းဆောင် မြန်မာ(4)ယောက် ရှိတာ ၊ ယဉ်ကျေးမှုဖလှယ်ပွဲကို (3)ယောက် သွားရောက်ခဲ့ပါတယ်။ ဆရာ(1)ယောက်လည်း တာဝန်ခံအနေနဲ့ ပါပါတယ်။ ကျမတို့ (3)ယောက်က ရယ်လည်းရယ်ရတယ်။ "ဟိုရောက်ရင် ဘာတွေပြောမယ်၊ ကလေးတွေကို ဘာတွေသင်မယ်၊ ဘာတွေကို ပြသမယ်" စသဖြင့်ကို စည်းဝါးတိုက်ဖို့လုပ်တိုင်း တစ်ယောက်အားရင် တစ်ယောက်မအားနဲ့ လူချင်းမတွေ့ဖြစ်ကြတာနဲ့ သုံးယောက်ဆိုင် ဖုန်းပြောကြရတယ်။ ကိုယ့်ဆီသူဆက်၊ သူက တစ်ခြားတစ်ယောက်ကို ဆက်၊ တစ်ခြားတစ်ယောက်က ကိုယ့်ကိုဆက် အဲလို သုံးပွင့်ဆိုင် ဖုန်းဆက်ရင်း တိုင်ပင်ခဲ့ကြပါတယ်။ ဂျပန်အစိုးရပိုင်အခြေခံပညာအလယ်တန်းကျောင်းကို မသွားခင် ဆရာဆီ အကြမ်းဖျဉ်း အစီအစဉ် ပြောတော့လည်း မတွေ့ဖြစ်ကြလို့ တစ်ဦးစီရဲ့ လုပ်ဆောင်နိုင်တဲ့ အချက်တွေကိုပဲ သတင်းပို့ စာတင်ရပါတယ်။ (ပရဟိတသာဖြစ်တာ Report လည်း ရေးရသေးတယ်ရှင့်။ ) :p

ရောက်ပါပြီရှင်၊ ကျောင်းတော်ကြီးကို ။ :z
ကျမတို့ကျောင်းထဲကို ဝင်သွားတယ်ဆိုရင်ပဲ၊ ကျောင်းက တာဝန်ရှိတဲ့လူတွေက ပျာပျာသလဲကြိုဆိုကြပါတယ်။ ကိုယ့်နာမည်ကို ပြောပြီး မိတ်ဆက်ပြီး သူတို့ပေးတဲ့ နာမည်ကဒ်ပြားလေးတွေ လည်ပင်းမှာ ဆွဲရတော့တာပေါ့။ စာသင်ခန်းတွေဆီကို မသွားခင် နားနေခန်းလို လုပ်ပေးထားတဲ့အခန်းရောက်မှ ကျမတို့သုံးယောက်မှာ အသည်းအသန် တိုင်ပင်ရတော့တယ်။ (ဆရာကတော့ ရယ်လို့။ :p )

ကျမတို့ကသာ အုပ်စုတောင့်တာ၊ ကျန်တဲ့ အဖွဲ့အစည်းကလာတဲ့လူတွေကဖြင့် တစ်ဖွဲ့မှာ တစ်ယောက်တည်း။ အတန်းတစ်တန်းကို တစ်ဖွဲ့နှုန်း ခွဲဝေပြီး သွားရောက်စာသင်ရတာပါ။ ကျမတို့ရယ်၊ သီရိလင်္ကာက တစ်ယောက်ရယ်၊ မလေးရှားက တစ်ယောက်ရယ်၊ ကမ္ဘောဒီးယားက တစ်ယောက်ရယ်က နိုင်ငံခြားသားတွေပေါ့။ ဂျပန်လူမျိုးတွေလည်း ပါတယ်ရှင့်။ ဂျပန်လူမျိုးတွေက တစ်ခြားနိုင်ငံတွေအကြောင်းကို ပြောပြပေးပြီး ကျမတို့ နိုင်ငံခြားသားတွေကတော့ ကိုယ့်နိုင်ငံအကြောင်း ကိုယ်ရှင်းပြရတာပေါ့နော်။

ဆက်ရန်။
မကြာမီလာမည်။
မျှော်

အပြည့်အစုံသို့....

 

Design By:
SkinCorner