Monday, September 8, 2008

ကျမရဲ့ အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်

ကျမရဲ့ မှတ်ဉာဏ်က တော်တော်အူကြောင်ကြောင် နိုင်တယ်သိလား။ ကျမက စာကို ကြိုပြီးကျက်လို့ မရဘူးရှင့်။ ကြိုပြီးကျက်လည်း ပြန်မေ့သွားလွန်းလို့ ကြိုကိုမကျက်တော့ဘူးသိလား။ မနက်ဖြန်စာမေးပွဲ ဖြေမယ်ဆိုရင် ဒီနေ့ညလောက်ကျက်မှ အကိုက်ပဲ။ အဲဒီလောက်ကို အနီးကပ်ကျက်မှ စာရတယ်ရှင့်။ ကျမ တွေ့ဖူး၊ကြုံဖူးတဲ့ဆရာ၊ဆရာမတိုင်းကတော့ ပြောပါတယ်။ " နင်က၊ ဉာဏ်ကောင်းတာကိုအားကိုးပြီး စာကို အာရုံစူးစိုက်မှူမရှိဘူးတဲ့။ " အဲဒီလို အပြောခံရရင် မချိပြုံးလေး ပြုံးပြရုံကလွဲလို့ ပြန်မဖြေတတ်ခဲ့ဘူး။ ဆရာ၊ဆရာမတွေ ပြောတာလည်း မလွန်ပါဘူး။ ကျမက စာဆို ကျက်ချင်စိတ်မရှိတာလည်း ပါတယ်ရှင့်။အဲ၊ ဒါပေမယ့် စာမေးပွဲကျမှာ ကြတော့ အရမ်းကြောက်တယ်။ စာမကျက်ချင်ပေမယ့် စာမေးပွဲကျမှာ ကြောက်တော့ အဲဒီစာဆိုတာကြီးကို မချစ်သော်လည်း အောင့်ကာနမ်းပေါ့ရှင်။ ဒီတော့ အတတ်နိုင်ဆုံး နေလို့ရသလောက်ကတော့ စာဆိုတာကို လှည့်ကို မကြည့်ဘူး။ မဖြစ်နိုင်တဲ့အဆုံးကြမှပဲ စာကျက်တယ်။ တော်တော်ကို ပေပေတေတေနိုင်တယ်လို့ ပြောရင်လည်း ခံရုံပဲသိလား။{" ကြိုကျက်လည်း မထူးဘူးရှင်။ ပြန်မေ့သွားတာပဲ။ ဒါကြောင့် မကျက်တာပါ "} လို့ ပြောရင် ဆင်ခြေဆင်လက် ပေးသလိုများဖြစ်နေမလားပဲ။ ဒါပေမယ့် အဲဒီဆင်ခြေအတိုင်းပဲ ကျမက စာကို ကြိုကျက်လို့မရတာပါ။

မြန်မာနိုင်ငံမှာ ကျောင်းတတ်တုန်းကတော့ တော်တော်ကို လူအမြင်ကပ်ခံရတယ်သိလား။ တက္ကသိုလ်တတ်တုန်းက အကြောင်းအမျိုးမျိုးကြောင့် အိမ်ရှိပေမယ့် အဆောင်မှာနေတယ်ရှင့်။ အဆောင်ဆိုတော့ သိတဲ့အတိုင်းပဲ ဒေသစုံက လာတဲ့ လူမျိုးစုံ၊ မေဂျာစုံက လူတွေ တူတူနေကြရတာလေ။ ကျမက (3)နှစ်လုံးလုံး အဆောင်မှာသာနေတာ၊ ကျမတို့မေဂျာက လူတွေနဲ့ ဘယ်တော့မှ တူတှူ မနေဘူးသိလား။ ကျမတို့မေဂျာက လူတွေက စာကြမ်းပိုးတွေလေ။ :d အားရင် စာပဲကြည့်နေကြတာဆိုတော့ ကျမလို စာမကြည့်တဲ့လူနဲ့ အတူမနေချင်ကြဘူး။ ကျမကလည်း အားတိုင်း စာ၊စာနဲ့ အော်နေတဲ့လူတွေနဲ့ တူတူမနေချင်ပါဘူး။ ဒီတော့ သူတို့ကလည်း ကိုယ်နဲ့မနေချင်၊ ကိုယ်ကလည်း သူတို့နဲ့ မနေချင် ဆိုတော့ အတူမနေရေးစီမံကိန်းကြီးက ကန့်ကွက်မဲ့လူမရှိ အဆင်ကိုပြေလို့။ ကိုယ်ဟာကိုနေ၊ သူဟာသူနေတဲ့ကြားက ဘာလို့သူတို့က ကျမကို အမြင်ကပ်ကြတယ်လို့ ထင်ပါသလဲ။

ဟိ ဟိ၊ အဲဒါ ကျမရဲ့ အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်ကြောင့်ရှင့်။ ကျမက စာကို သူတို့လို နေ့စဉ်ရက်ဆက်မကျက်ပေမယ့် စာမေးပွဲပြီးလို့ အမှတ်စာရင်းထွက်လာရင် သူတို့ထက်မသာရင်တောင် သူ တို့အောက်မကျဘူးလေ။ ဒီတော့ ၊ အမြင်ကပ်ပြီပေါ့။ သူတို့လို နေ့တိုင်း စာလည်းမကြည့်၊ မကျက်ပဲနဲ့ သူတို့လောက်နီးပါး အမှတ်ရတယ်ဆိုတော့ ဘယ်သူမဆို မနာလိုဖြစ်ကြမှာပဲလေ။ သူတို့ခံစားချက်ကို နားတော့လည်ပါတယ် ။ ဒါပေမယ့်၊ ကျမမှာလည်း ကျမအကြောင်းနဲ့ ကျမပဲလေ။ ကြိုကျက်လည်း ပြန်ပြန်မေ့သွားတဲ့ မှတ်ဉာဏ်ကြောင့် သူတို့လို နေ့တိုင်းကျက်လို့လည်း ကျမအတွက်က မထူးဘူးလေ။ ကြိုကျက်ကျက်၊ မကျက်ကျက် ပြန်မေ့မယ့် အတူတူ၊ ကြိုမကျက်တာ ကျမအပြစ်လားနော်။ ခဏလေးနဲ့ စာရတာကတော့ မေမေမွေးကတည်းက ပါလာတဲ့ ဘုရားကပေးတဲ့ လက်ဆောင်ဆိုတော့ ကျမလည်း မတတ်နိုင်ဘူး။ သူတို့က ရယ်လည်းရယ်ရတယ် သိလား။ ကျမက စာကို ခိုးကျက်ပြီးတော့ လူအထင်ကြီးအောင် လုပ်တာဆိုပြီး အတင်းတုတ်သေးတယ်သိလား။ ကျမကတော့ ရယ်ပဲ ရယ်နေလိုက်တယ်။ ကျမအကြောင်းကို အတူနေ မေဂျာမတူတဲ့ကျမ သူငယ်ချင်းတွေ အသိဆုံးလေ။ ပြောချင်တာပြောပါစေ ဆိုပြီး လွတ်ထားလိုက်တယ်။

ကျမကလည်း " ငါ့က ဒီလိုဉာဏ်ကောင်းတာ၊နင်တို့ သိလား" ဆိုပြီး တစ်ခါမှလည်း မကြွားဘူးပါပဲနဲ့ သူတို့ဟာ သူတို့စုံစမ်း ၊သူတို့ဟာ သူတို့မနာလို၊ သူတို့ဟာ သူတို့အတင်းတုပ်နဲ့ တော်တော်လည်း စိတ်ပျက်ဖို့ကောင်းခဲ့တယ်သိလား။ သူတို့က ကျမ အဲဒီလို ခဏလေးကျက်ပေမယ့် စာရတာကို သိပေမယ့် လက်မခံနိုင်ဘူးလေ။ ကျမမှာဖြင့် စာမေးပွဲ ဖြေခါနီးဆို ပျာယာကိုခပ်နေတာပဲ။ :c သူတို့က ကြိုကျက်ထားတော့ စာမေးပွဲဖြေမယ့်နေ့ဆို အစောကြီးထဲက ရေမိုးချိုး၊ ဖြီးလိမ်းပြင်ဆင်ပြီး စာတွေက အပြန်အလှန် နွှေးနေ၊ဆိုနေကြပြီ။ ကျမမှာတော့ စာမေးပွဲဖြေခါနီး တစ်နာရီအလိုလောက်ထိ အသည်းအသန် စာကျက်နေရတုန်း။ ကိုယ့်ရဲ့အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်ကိုလည်း စိတ်တိုရင်းနဲ့ပေါ့။ ငါသာ သူတို့လိုကြိုကျက်ထားရင် အခုလိုအချိန်ဆို အေးအေးဆေးဆေးနေနိုင်ရက်သားနဲ့လို့ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း ၊စာကျက်ရင်းနဲ့ပဲ စာမေးပွဲတွေကို ဖြတ်သန်းခဲ့ရတယ်ရှင့်။

အဲ၊နောက်တစ်ခု သူတို့အမြင်ကပ်တဲ့အချက်ရှိသေးတယ်ရှင့်။ ကျမ မေမေကတော့ " လူတွေမသိစေနဲ့တဲ့၊ နင့်ကို သူများအမြင်ကပ်လိမ့်မယ်" လို့ ပြောပါတယ်။ တကယ်လည်း ၊ မေမေပြောတဲ့ အတိုင်းပဲ၊ အဲဒီအချက်ကြောင့် ကျမကို လူတော်တော်မုန်းခြင်းခံရပါတယ်။ အဲဒီအချက်ကို ကျမနဲ့မေဂျာမတူတဲ့ တဆောင်တည်းနေ ကောင်မလေး(1)ယောက်ကြောင့် တဆောင်လုံး သိသွားပြီး မနာလိုသူတွေရဲ့ စကားနာထိုးတာ ခံရပါတယ်။ ကျမရဲ့ သူငယ်ချင်းတွေက ကျမကို နားလည်ပေးလို့ တော်ပါသေးရဲ့ရှင်။ အဲဒီအချက်က ဘာလည်းဆိုတော့ ကျမအနားမှာ တယောက်ယောက်က စာလာအော်ကျက်ရင် ၊အော်ကျက်တဲ့အရေအတွက် (5)ခေါက်လောက်ရှိခဲ့ရင် အဲဒီလူ အော်ကျက်တဲ့စာကို ကျမရသွားခြင်းပါပဲရှင်။(မြန်မာလို အော်ကျက်တဲ့စာကို ဆိုလိုပါသည်။) တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်ကြောင့်ပေါ့ရှင့်။ ကျမနဲ့လည်း မဆိုင်တဲ့စာတွေကို ကျမက ရနေတော့ကော ကျမအတွက်က မလိုအပ်ဘူးလေ။ တော်တော်ကို ဒုက္ခရောက်တယ်ရှင့်။

အဲဒီကောင်မလေး က စာဆို အမြဲအော်ကျက်တယ်။ အကျယ်ကြီးပဲ သူစာကျက်ရင်။ သူက သူ့အခန်းရှိရဲ့သားနဲ့ သူ့အခန်းမှာ ဘယ်တော့မှ စာမကျက်ဘူး။ ကျမ အခန်းရှေ့မှာပဲ စာလာကျက်လေ့ရှိတယ်သိလား။ ဘာလို့လည်းဆိုတော့ ကျမအခန်းရှေ့က ဝရန်တာမလို့ပါ။ သူက ဝရန်တာမှာ စာလာကျက်တာလေ။ စာကျက်တာကနည်းနည်း ၊သူ့သူငယ်ချင်းနဲ့ စကားပြောလိုက်၊ စာကို အာပြဲကြီးနဲ့ ခဏအော်လိုက်၊ အပြင်သွားလိုက်၊ ပြန်ဝင်လာလိုက်နဲ့ မှန်ထဲကနေ မြင်နေရတဲ့ ကျမနဲ့ ကျမ အခန်းဖော်သူငယ်ချင်းကတော့ တော်တော်ကို ကြည့်လို့မရ ဖြစ်လာရော။ သူကမနက်ငါးနာရီ အဆောင်တံခါးပွင့်တာနဲ့ ဝရန်တာလာပြီး စာလာအော်ပြီလေ။ ကျမတို့မှာ အိပ်ကောင်းခြင်းလည်း မအိပ်ရ။ တကယ် စာကျက်တာဆိုရင်တော့ အပြစ်မပြောပါဘူးရှင်။ သူက လူမြင်ကောင်းအောင် ဟန်ပြစာကျက်နေတာရှင်။ဒီစာ(1)ပုဒ်ထဲကိုပဲ သူကျက်နေတာ တနေကုန်ရှိပြီ။ဘယ်လောက်ပဲ ဉာဏ်မကောင်းဘူးပဲဆိုဆို တနေကုန် ဒီတပုဒ်ထဲကို စိတ်ပါလက်ပါနဲ့ ကျက်ရင်တော့ ရသင့်ပြီလို့ ထင်တာပဲ။ မပုကြွယ်နဲ့ ခရုငယ်လိုမျိုးပေါ့နော်။ သူကတော့ မဟုတ်ပေါင်။ လူကြားကောင်းအောင်သာ အော်တာ။တကယ်ကျက်နေတာမဟုတ်မှန်း တဆောင်လုံးအသိ။ အစကတော့ သည်းညည်းခံလိုက်ပါသေးတယ်။ ငါးရက်လောက် အဲဒီလိုပဲ လုပ်လာတော့ သည်းခံနိုင်တဲ့ အတိုင်းအတာက ကုန်သွားပြီ။ အဲဒါနဲ့၊ သူစာကျက်နေတုန်း သူဆီသွားပြီး ကျမအခန်းရှေ့မှာ သူ ကျက်ခဲ့သမျှ စာတွေအကုန်လုံးကို စိတ်တိုတိုနဲ့ ဆိုပြဖြစ်လိုက်တယ်။ သူဆို အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားနဲ့။ နည်းနည်းကြာမှ ကျမကို မေးတယ်။ { "နင်၊ဘာလို့ ဒီစာတွေကို ရနေတာလဲတဲ့။ "}{ "နင့်တို့မေဂျာမှာ ဒီစာတွေပါလို့လားတဲ့။" } ကျမလည်း စိတ်ပေါက်ပေါက်နဲ့ {"နင့်ကျေးဇူးကြောင့်လို့ "။ }{" နင်၊ နေ့တိုင်းငါ့အခန်းရှေ့မှာ စာလာအော်ကျက်တော့ ငါမှာ နားမထောင်ချင်ပါပဲနဲ့၊နားထောင်နေရတာနဲ့ ရသွားတာလို့။ " }လို့ ပြောလိုက်ပါတယ်။ သူလည်း ဆွေ့ဆွေ့ခုန်သွားမယ် ထင်တယ်။ :@

နောက်နေ့ကစပြီး သူ့အခန်းထဲမှာပဲ စာကျက်တော့တယ်သိလား။ ကျမလည်း စိတ်တိုလွန်းလို့သာ အဲဒီလို လုပ်လိုက်တာ။ လုပ်ပြီးမှ မှားမှန်းသိတယ်။ သေပြီ ဆရာပေါ့။ မဆင်မခြင်လုပ်လိုက်တဲ့ ကိစ္စကြောင့် သူများစာလာအော်ကျက်တာကို နားထောင်ရုံနဲ့ ကျမ စာရမှန်း တဆောင်လုံး သိသွားတယ်။ တော်တော်လည်း အမြင်ကပ်သွားကြတယ်။ ကျမကို ပညာလာစမ်းကြတယ်။ တမင် စာလာအော်ကျက်ပြပြီး အဲဒီစာကို ကျမ ရမရ မေးမြန်းကြတယ်။ စာမေးပွဲနီးလို့ ကျမစာကျက်နေရင် { "မကျက်နဲ့လေ၊" }{ "နင်က ဉာဏ်ကောင်းပြီးသားပဲ " " ကျက်မနေပါနဲ့ " }ဆိုပြီး ရွဲ့ကြတော့တယ်သိလား။ ဘယ်လောက် ဉာဏ်ကောင်းတယ်ပဲဆိုဆို ၊စာမကျက်လို့ ကတော့ စာမေးပွဲမအောင်နိုင်ပါဘူးရှင်။

တကယ်ဆို၊ စိတ်တိုတိုနဲ့သာ သူရှေ့မှာ စာသွားဆိုပြခဲ့တာပါ။ သူ့ကို အရှက်ကွဲစေချင်တဲ့ ဆန္ဒလည်း ကျမမှာ မရှိခဲ့ပါဘူး။ သူ့သူငယ်ချင်းတွေ မရှိတဲ့ အချိန်၊ သူတယောက်တည်းရှိတဲ့ အချိန်ကိုရွေးပြီး စာသွားဆိုပြခဲ့တာပါ။ ကျမဖြစ်စေချင်တာက စာကို အမှန်တကယ် ကျက်ဖို့၊ ဟန်ပြ ကျက်တာဟာ ကိုယ်လည်း စာမရသလို ၊ သူများကိုလည်း ဒုက္ခပေးရာ ရောက်တယ်ဆိုတာကို သူသိစေချင်ခဲ့တာပါ။ ဒါပေမယ့်၊ ကျမပြန်ရလိုက်တာကတော့ ကျမ စာကျက်ပြီဆိုတာနဲ့ သူ့သူငယ်ချင်း တယောက်ယောက်က ရောက်လာပြီး စာမကျက်ဖို့၊ မကျက်လည်း ရနေလို့ ကျက်စရာ မလိုကြောင်း လာပြောတာကို ခံရတာပါပဲ။ ကျမမေမေဆို ဆူလိုက်တာ အရမ်းပဲ။ မသိအောင်နေပါလို့ ပြောထားရဲ့သားနဲ့ မဆင်မခြင် လျှောက်လုပ်လို့လေ။ ကျမလည်း တော်တော် နောင်တရပါတယ်။ :c ဒါပေမယ့်၊ မတတ်နိုင်တော့ဘူးလေ။ ကိုယ့်မှတ်ဉာဏ်က အဲဒီလိုဆိုတော့လည်း အပြောခံရုံ၊ အရွဲ့ခံရုံပဲ ရှိတော့တာပေါ့။

ကျမရဲ့ အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်က ဂျပန်မှာတော့ တော်တော်အသုံးဝင်တယ်ရှင့်။ ကျမလို ကြိုကျက်လည်း စာမရတဲ့ သူအတွက် ဂျပန်ပညာရေးက အံဝင်ခွင်ကြဖြစ်လို့။ :p ကျမ တက်တဲ့ ကျောင်းမှာက စာဆို အကုန်ကျက်စရာမလိုဘူးရှင့်။ ကြည့်ရုံပဲ။ ကြည့်ပြီးတော့ စာမေးပွဲနားနီးမှ(အများအားဖြင့် တပတ်အလိုလောက်မှ) ဆရာ၊ဆရာမက Reportတင်ရမယ့် ခေါင်းစဉ်ပေးတယ်။ ခေါင်းစဉ်က သင်ထားတဲ့ စာထဲမှာ မပါဘူး။ ဒါပေမယ့် သူတို့ သင်တဲ့ မေဂျာနဲ့တော့ သက်ဆိုင်တဲ့ ခေါင်းစဉ်ပေါ့။ သင်ထားသမျှ စာတွေ အကုန်လေ့လာ၊ Internetထဲမှာ ရှာ၊ ကိုယ်ထင်တာကိုယ်ရေး၊ မှန်လား၊ မှားလားလည်း မသိ၊ သူငယ်ချင်းနဲ့လည်း တူတူကျက်စရာမလို (တူလို့ မရဘူးလေ။ကိုယ့်Ideaနဲ့ ကိုယ်ရေးရတာဆိုတော့)
တချို့ ဆရာ၊ ဆရာမဆိုရင် စာမေးပွဲလည်းစစ်သေး၊ ခေါင်းစဉ်လေးတောင် မပြောပြဘူး။ အကုန်ကြည့်တဲ့။ သင်ထားသမျှ စာရွက်စာတမ်းတွေ ယူခွင့်ပေးလို့ တော်ပါသေးရဲ့။ :y

ဘာပဲပြောပြော ဘယ်လောက်ကောင်းလဲ။ ကျမလို စာကြိုမကျက်ချင်တဲ့လူ ၊ ကြိုကျက်လည်း ပြန်မေ့တတ်တဲ့လူအတွက်တော့ ဂျပန်ပညာရေးက တော်တော်ကို အဆင်ပြေပါတော့တယ်ရှင်။
;)

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

ဝေလေး said...

မမ ဥာဏ်ကောင်းချက်.. ဝေလေးလဲစာကြိုကျက်ဘူး.. မမလိုတော့ဥာဏ်မကောင်းပါဘူး။။ ဟီးး ပျင်းတာ.. အနားမှာလာအော်နေလည်းမရပါဘူး.. ကိုယ့်ဘာသာအေးအေးဆေးေးဆကျက်မှရတာ... ဒါတောင်တစ်ခါတစ်လေကိုယ့်ကိုကိုယ်စိတ်ညစ် ဒီလောက်တောင်ညံ့ရလား ဆိုပြီးတော့.. တော်လိုက်တဲ့မမ.. :D

မိုးပြေး said...

ဥာဏ်ကောင်းချက်ကတော့ ကျွန်တော်နဲ့  လုံးဝကိုမတူပါဘူး ခင်ဗျာ။ကျွန်တော်ကတော့ အလက်ကျွတ် အလွတ်ကျက် ရတာကိုတော့
ပိုပြီးနှစ်သက်ပါတယ်...ဟီး စတာနော်။အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်လို့ တော့
ကျွန်တော်က မသတ်မှတ်ပါဘူး bright ဖြစ်တယ်လို့ ထင်ပါတယ်။အဲ့ဒီဥာဏ်လေးကို စာမေးပွဲဖြေခါနီးရောက်ရင် ခဏငှားပါဦး ခင်ဗျာ။

Unknown said...

ဉာဏ်ကောင်းတဲ့ ညီမလေး ကျန်းမာချမ်းသာပါစေ။ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ။

megumi said...

အကိုကြီး ကိုအောင်ဦး ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏။ :y
ကိုမိုးပြေးရေ ငှားလို့ရရင်တော့ ငှားချင်ပါတယ်၊ ကျမရဲ့ အူကြောင်ကြောင်နိုင်တဲ့မှတ်ဉာဏ်ကိုလေ။ ;)
ဝေလေးက မမကို ချီးကျူးတော့ ပျော်တာပေါ့ကွယ်။ :p

စူး said...

ဟားဟား..တူတူပဲ ညီမရေ..
အမလဲ စာမကျက်ဘူး..
အပျင်းတစ်တဲ့သူလေ... ဘဝမှာစာကျက်တာဆိုလို့ ၁၀တန်းတုန်းကပဲရှိတယ်..
ဟုတ်ပ ဂျပန်ပညာရေးကတော့ ..အစကတော့ အထင်ကြီးသား...အခုတော့ ... အင်း..နောက်မှ ပဲ တုတ်တော့မယ်..
စဆိုတာ ကျက်ရင် ခနပဲ ရပေမဲ့ နောက်ကျတော့ မေ့ရော..ဖတ်များထားလို့ကတော့ တသက်မမေ့...။ဒါနဲ့ စာမေးပွဲ မနက်ဖန်ဖြေမှ ဒီနေ့ထလုပ်။ presentation တောင် ညမှ အသည်းအသန်လုပ်ပီး မနက်စောစောထပီး ပြန်ကျင့်.. ဟုတ်နေတာပဲ..ဟီးဟီးးး...မသိတဲ့လူဆို စာကျက်နေတာ...နဲ့တကယ်တော့ သွားလိုက်တဲ့ခရီး ဖတ်လိုက်တဲ့ ဘလော့ပေါ့...။
ဒါပေမဲ့ခုတော့.. program က နဲနဲရှုပ်နေတော့.....ညစ်နေတယ်

WWKM said...

ညီမလေးက bright ဖြစ်တာပေါ့.. ii na..
မမ ကတော့ ဥာဏ်မကောင်းဘူး ညီမလေးရဲ့..
စာကျက်ရမှာပျင်းနေပြီ.. ဂျပန်စာဆိုပိုဆိုးလေ..ဟီးဟီး
ရောက်စက ကျောင်းတက်ဖို့ ကြိုးစားခဲ့သေးတယ်.အမျိုးသား
က ကျောင်းတက်စေချင်လို့လေ..မမ ကပျင်းတယ်.အဟီး
အခုတောင် အလုပ်ထဲမှာ သူတို့က မမကို Study နဲနဲလုပ်ပြီး
စာမေးပွဲဖြေခိုင်းတယ်.. မမ ကို မန်နေဂျာရာထူးခန့်ချင်လို့တဲ့..
စာရွက်စာတန်းတွေ လေ့လာဖို့ ပေးလာပေမယ့် မမက တစ်ရွက်
တောင်လှန်မကြည့်ဖြစ်ဖူးလေ.. ခန်းဂျီး လေ့လာရမှာ ပျင်းလို့လေ.. :P

megumi said...

မမြတ်နိုးက ကျမထက်တော်တယ်သိလား။ ကျမက ၊ (၁၀)တန်းတုန်းက စာမကျက်ဆုံးပဲ။ မေမေက ဆရာဝန်ဖြစ်စေချင်တယ်ရှင့်။ ကျမက မျက်လုံးထဲမှာ ရှိတဲ့ အကြောလေးတောင် စူးစိုက်မကြည့်ရဲဘူး၊ ဆေးထိုးအပ်မြင်တာနဲ့ လူကတုန်နေပြီ။ အဲလိုလူကို မေမေက ဆရာဝန်ဖြစ်စေချင်တယ်တဲ့လေ။ :c ကျမလည်း ဆရာဝန် လုပ်ရမှာစိုးလို့ စာကို မကျက်ဘူးသိလား။ ကံကောင်းပြီး အမှတ်ကောင်းခဲ့ရင် အဲဒီ ဆေးတက္ကသိုလ်ဆိုတာကြီးကို သွားရတော့မယ်လေ ။ မသွားချင်လွန်းလို့ စာကိုမကျက်တာ ၊ စာမေးပွဲ လိုခါနီး အဒေါ်က စာမကျက်နေမှန်း ရိပ်မိသွားမှပဲ အတင်း စာကျက်ခိုင်းတော့တယ်။ ကျမလည်း စာမေးပွဲနီးလာပြီဆိုတော့ စာမေးပွဲကျမှာတော့ ကြောက်တယ်လေ။ အဲဒီတော့မှ အသည်းအသန် စာကျက်တော့တယ်။ ပြောရင် ယုံမလားတော့ မသိဘူး။ ဆယ်တန်းတုန်းက ကျမ သေသေချာချာ ကျုရှင်ယူ၊ စာလုပ်တာဆိုလို့ Bio နဲ့ Mathsနဲ့ ဘဲ ရှိတယ်သိလား။အဲဒီ ဆရာတွေ က ဦးလေးသူငယ်ချင်းတွေဆိုတော့ မတတ် မဖြစ်မလို့လေ။ ကျမ က အင်ဂျင်နီယာ အရမ်းဖြစ်ချင်တာရှင့်။ ကျမတို့ နှစ်မှာ အင်ဂျင်နီယာတက္ကသိုလ်က မရှိတော့ဘူးလေ။ ဒါနဲ့ပဲ ဖြစ်ချင်တာ မဖြစ်၊ မဖြစ်ချင်တာတွေ ဖြစ်ပြီး အူကြောင်ကြောင်နဲ့ ဂျပန် ရောက်လာခဲ့တယ်သိလား။ ;)

မမဝါ က ဥာဏ်ကောင်းရဲ့သားနဲ့ ပျင်းနေတာမလား။ ဟုတ်တယ်ဟုတ်။ ;)

Anonymous said...

အမရေ
စာမကျက်ပဲနဲ့ အဆင့်ကောင်းတယ်ဆိုပြီး
လာဒ်ပေးလဒ်ယူလို့ အပြောခံရဖူးတယ်
..
သူတို့က စာကျက်မှ ရတယ်ထင်တယ်

မြရွက်ဝေ said...

အမကတော့ ညီမလို ဉာဏ်မကောင်းဘူး။ ကြိုကျက်ရတယ်။ အဲ ကြိုကျက်တာကလဲ သူများတွေလိုမဟုတ်ပြန်ဘူး။ သူမျာတွေက သင်လိုက်တဲ့နေ့ကတည်းက ကျက်နေကြတာ။ အမက စာမေးပွဲဖြေရမယ့်နေ့ကို စဉ်းစားပြီးမှ စိတ်ပါတဲ့အချိန် အကြမ်းလောက် ကြိုကျက်ထားလိုက်တယ်။ ပြီးရင် လပ်ယားလပ်ယားပေါ့။ မဖြေခင် တရက် နှစ်ရက်လောက်မှ သေချာပြန်ကျက်တာ။ အဲဒီအခါကျ ခဏနဲ့ ရတယ်။ ပြီးတော့ စာမေးပွဲမဖြေခင်ညဆို ၁၀နာရီဆို အိပ်ပြီ။ မနက်လည်း ၆နာရီကျော်မှ ထတယ်။ သူ့များတွေက မိုးချုပ်ညဥ့်နက်အထိကျက်ကြ၊ မနက် ၄နာရီကတည်းက ထကြနဲ့။ ည ၁၂နာရီကျော်ရင် တော်ရုံနဲ့ အိပ်မပျော်တတ်တဲ့ အကျင့်(ရောဂါလို့ပြောရမယ်) ရှိတော့ စောစောအိပ်ရတယ်လေ။ ဒါမှ မနက်ခေါင်းကြည်ကြည်နဲ့ ရွှီး အဲ ဖြေလို့ရမှာ။ ညီမလိုဘဲ အမလဲ အမြင်ကပ်ခံရတယ်။ စာမေးပွဲကပ်တဲ့အထိ ဂျစ်ဂျစ်နဲ့ လည်လည်ထွက်နေလိုက်၊ ညကျစောစောအိပ်လိုက်နဲ့ စာမေးပွဲအမှတ်ထွက်လာရင် များလို့လေ။ ဪ လူတွေနှယ် ဒွတ်ခလို့၊ ရည်းစားရှိတာနဲ့ စာမေးပွဲကျရတော့မှာကျနေတာဘဲ။ ကိုယ့်ဘာသာ ရည်းစားထားတာက တစ်ပိုင်း၊ စာလုပ်တာက တပိုင်းဘဲဟာကို။ အဟဲ လည်သာလည်တာ ကျောင်းစာအုပ်တအုပ်က အိပ်ထဲပါနေကြလေ။ ဖတ်တာ မဖတ်တာ တပိုင်းပါ၊ စာအုပ်ပါနေမှ နေသာထိုင်သာရှိတာလေ။:D

 

Design By:
SkinCorner