Thursday, September 11, 2008

自由を 大切に (လွတ်လပ်ခြင်းကို တန်ဖိုးရှိစွာ)

လွတ်လပ်ခြင်းဆိုတဲ့ အရာကို လူတိုင်းလိုချင်ကြတယ်မဟုတ်လား။
"လွတ်လပ်ခွင့်ပေးပါ။ "
" လွတ်လွတ်လပ်လပ် နေပါရစေ။"
"လောင်းရိပ်မမိ၊ ချုပ်နှောင်ခြင်းမခံရဘဲ လွတ်လပ်ချင်ပါတယ်။" စသဖြင့် လွတ်လပ်ခြင်းနဲ့ ပတ်သက်တဲ့စကားလေးတွေကို နေ့စဉ်သုံးစကားတွေထဲမှာလည်း ကြားနေကြရမှာပါ။ လွတ်လပ်ခြင်းသည် ကောင်းသောအရာဖြစ်ပေမယ့် တရားလွန် လွတ်လပ်သွားသောအခါ မထင်မှတ်သောဆိုးကျိုးများ ဝင်လာတတ်ပါတော့သည်။

ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံအရ မွေးဖွားလာသည့်အချိန်မှ ဒီအသက်အရွယ်ရောက်သည့်တိုင်အောင် လွတ်လွတ်လပ်လပ်မနေခဲ့ရသော လူတစ်ဦးသည် ယဉ်ကျေးမှုမတူ၊ ဓလေ့ထုံးစံကွဲပြားခြားနားသော တိုင်းတပါးနိုင်ငံတစ်နိုင်ငံသို့ ရောက်ရှိခါ ရုတ်တရက် လွတ်လပ်မှုရဲ့ အရသာကို တွေ့ရှိခဲ့သည်ဆိုပါစို့။တကြိမ်တခါမှ မရခဲ့ဖူးသည့် လွတ်လပ်ခြင်းဆိုတဲ့ အရာကို ဘယ်လို အသုံးချရင် သင့်တော်မလဲကို သိနားလည်နိုင်ပါ့မလား။ အကျိုးရှိရှိ အသုံးချနိုင်ပါ့မလား ။ အရမ်းကို စည်းကမ်းတင်းကျပ်ပြင်းထန်တဲ့ နိုင်ငံမှာ ပြုစုပျိုးထောင်ခံခဲ့ရသော လူသားတစ်ဦးသည် ဘဝပြောင်းသွားသလို သီးသန့်ကမ္ဘာတခုကို ရောက်သွားပေမယ့်လည်း အလွယ်တကူတော့ နေသားမကျနိုင်ပါဘူး။ တဖြည်းဖြည်းနဲ့ ပြောင်းလဲယူခြင်းသည် အကောင်းဆုံးနည်းလမ်းပဲလို့ ထင်ပါသည်။ နက်ရေကန်ထဲ ခုန်ချသလို ပြောင်းလဲပစ်လိုက်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးဆီသို့ ဦးတည်သွားနိုင်ပါသည်။

လတ်တလောအခြေအနေအရ ပြောရမည်ဆိုလျှင် လွတ်လပ်ခြင်းကြောင့် အမျိုးမျိုး၊ အစုံစုံသော ပြဿနာတွေ ဖြစ်ပွားနေပုံရပါသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးလေးများသည် နိုင်ငံခြားသို့ ရောက်ရှိသွားသောအခါ "ဒီလိုမျိုးတွေ ဖြစ်ကုန်ကြပါသည် ။" " ဒီလို ပျက်စီးကြပါသည်။ "စသဖြင့် ကောလဟာသတွေ ပျံ့နှံ့နေပါသည်။ ဘာလို့များ ဒီလိုကောလဟာသတွေ ပျံ့နှံ့နေရပါသနည်း။

"ဟုတ်လို့ ကျော်၊ ပုတ်လို့ပေါ် "ဆိုတဲ့ စကားပုံလိုပါပဲ။ မလုပ်ပဲနဲ့တော့ ကောလဟာသထွက်လာစရာ အကြောင်းမရှိပါ။ ဘာလို့များ နိုင်ငံခြားရောက် မြန်မာအမျိုးသမီးလေးများသည် ဒီလောက်တောင် အပြောခံနေကြရပါသနည်း။

ဒီ ပြဿနာရဲ့ တရားခံသည် လွတ်လပ်ခြင်းကြောင့်ဟု ယူဆပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံအရ၊ "မိန်းမတို့ အိနြေ္ဒရွှေပေးလို့ မရ" ဆိုသော စကားပုံတွေဖြင့် ချုပ်နှောင်ခြင်းခံရကာ
အမျိုးသမီးများအဖို့ အရမ်းကို စည်းကမ်းတင်းကျပ်သော နိုင်ငံဖြစ်ပေသည်။ ထိုသို့သော စည်းကမ်းတင်းကျပ်သော နိုင်ငံတွင် ပြုစုပျိုးထောင်ခြင်းခံခဲ့ကြရသော မြန်မာအမျိုးသမီးများသည် အကြောင်းကြောင်းကြောင့် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်နေကြပါသည် မဟုတ်ပါလား။

နိုင်ငံခြားတိုင်းပြည်ဆိုသည်မှာ ဘယ်နိုင်ငံမဆို မြန်မာနိုင်ငံကဲ့သို့ စည်းကမ်းမတင်းကျပ်ပါ။ မြန်မာနိုင်ငံထက်ပိုပြီး စည်းကမ်းတင်းကျပ်သော နိုင်ငံ ရှိကောင်းရှိနိုင်ပေမယ့် မြန်မာအမျိုးသမီးအများစု သွားရောက်နေကြသော နိုင်ငံများမှာ မြန်မာနိုင်ငံထက်စာလျှင် အရမ်းလွတ်လပ်ပါသည်။ ထိုသို့ လွတ်လပ်သောနိုင်ငံများသို့ ရောက်ရှိသွားသော မြန်မာအမျိုးသမီးအများစုသည် "ရောမရောက်လျှင် ရောမလိုကျင့် "ဆိုသလို ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကို သတိမထားမိစွာနှင့် ရောမလိုကျင့်ကြတော့သည်။ သူတပါးတိုင်းပြည်မှလူများ လုပ်သလို လိုက်လုပ်ကြတော့သည်။ ဥပမာ၊ ဂျပန်ရောက်မြန်မာအမျိုးသမီးတစ်ဦးသည် ဂျပန်မလေးတို့၏ နေပုံထိုင်ပုံကို အတုခိုးကာ ဂျပန်မလေးတွေ လုပ်သလို "ဆေးလိပ်သောက်မည်၊ " "CLUB သွားမည်။" " လက်မထပ်ပဲ အတူနေမည်။" စသဖြင့်ပေါ့ရှင်။ ထိုသို့ ရောမရောက် ရောမလို အကျင့်လွန်သောအခါ ကျော်မကောင်း၊ ကြားမကောင်းသော ကောလဟသများသည်လည်း ထွက်ပေါ်လာရပါတော့သည်။

မြန်မာလူမျိုး (မြန်မာအမျိုးသမီး) သည် ဘယ်နိုင်ငံပဲ ရောက်ခဲ့၊ရောက်ခဲ့ မြန်မာလူမျိုး (မြန်မာအမျိုးသမီး) ဖြစ်သည်။ ကံကောင်းထောက်မစွာ၊ နေထိုင်ခွင့်ဗီစာရခဲ့လျှင် ဖြစ်စေ၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသည်ပဲ ဖြစ်စေ၊ မိမိသည် တချိန်တခါက မြန်မာလူမျိုး (မြန်မာအမျိုးသမီး) ဖြစ်ခဲ့သည်ဆိုတာကိုတော့ တသက်တာလုံး ဖျောက်ဖျက်ပြစ်လို့ မရနိုင်ပါ။ မိမိတစ်ဦးတည်းက လုပ်လိုက်သော အပြစ်ကို သူတပါးအား အပြစ်ခံစေသင့်ပါသလား။ ကိုယ့်ရဲ့ ပျော်ရွှင်လွတ်လပ်မှုကို စဉ်းစားရင်း နိုင်ငံအတွက်၊ လူမျိုးအတွက်ပါ တတ်နိုင်သလောက် စဉ်းစားပေးခဲ့မယ်ဆိုရင် ဒီလိုကြောက်စရာကောင်းသော၊ လူကြားမကောင်းသော ကောလဟသတွေ ထွက်လာစရာ အကြောင်းမရှိဘူးလို့ ထင်ပါသည်။

"ကိုယ် ပျော်ရရင် ပြီးရော" ဟုဆိုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ချင်တာလုပ်နေကြသော မြန်မာအမျိုးသမီး တချို့ကြောင့် မြန်မာအမျိုးသမီးအားလုံးသည် ကောလဟသ၏ လှိုင်းများကြားတွင် မလူးသာ မလှုပ်သာ နစ်နေကြရပါသည်။ သမီးမိန်းကလေးများရှိသော မိဘများသည် စိတ်ပူပန်နေကြရပါသည်။ နိုင်ငံခြားသို့ လာရောက်ပညာသင်ကြားချင်သော မိန်းမငယ်လေးများသည် တခြားကိစ္စကို အသာထား၍ မိဘ၏ ခွင့်ပြုချက်ရရန် တခုကိုပင် ကြိုးစားနေကြရသည်။  

လွတ်လပ်ခြင်းသည် လူတိုင်း လိုလားတောင့်တသော ၊ ကောင်းသောအရာတခုဖြစ်သော်လည်း တန်ဖိုးရှိစွာ အသုံးမချနိုင်ခဲ့ပါလျှင်.....................

PS..Wednesday, August 27, 2008 က ဂျပန်လိုရေးထားခဲ့သော 自由を 大切に (လွတ်လပ်ခြင်းကို တန်ဖိုးရှိစွာ)Post အား အများတောင်းဆိုချက်ဖြင့် မြန်မာလို ပြန်ရေးလိုက်ပါသည်။

6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

သက်တန့် said...

ဂုဂုလေးပြောသလိုပဲ လွတ်လပ်ခြင်းကို တန်ဖိုးရှိစွာ၊ သိက္ခာရှိစွာ အသုံးချမယ်ဆိုရင်...
ဒီပို့စ်လေးအတွက် ကျေးဇူးပါ ဂုဂုရေ... :)

စိုင်းစိုင်းလားရှိုး said...

ပရမ်းပတာနေထိုင်တာဟာ စည်းဘောင်မရှိနေထိုင်တာဟာ
လွတ်လပ်ခြင်းလို့ထင်ရပေမယ့် လွတ်လပ်ခြင်းကို
ဖျက်ဆီးနေတာဗျ သေချာတွေးကြည့်နော်
နေချင်သလိုနေခဲ့ပြီး ဖြစ်ချင်တာတွေဖြစ်ခဲ့ပြီး သကာလ
ပြောစရာတွေ လက်ညှိုးထိုးစရာတွေ ရှိလာခဲ့ပြီ
နေထိုင်ကျင်လည်ရမယ့် ပတ်ဝန်းကျင်ကျုံ့သွားမယ်
ကိုယ့်ကိုပြောမယ့်လူ မရှိရင်တောင် ကြာလာရင်
ကိုယ့်လိပ်ပြာ ကိုယ်ပြန်လန့်လာရော
လွတ်လပ်ခြင်းကို နားလည်နိုင်ကြပါစေ..............

ဝေလေး said...

မမရေ.. ပို့စ်လေးကိုမြန်မာလိုပြန်ရေးပေးတာကျေးဇူးပဲနော်.. လွပ်လပ်တာနဲ့စည်းမရှိကမ်းမရှိနေထိုင်တာနဲ့ တစ်ခြားစီပဲပေါ့နော်
လွပ်လပ်ခြင်းကို အသုံးချတတ်ကြမယ်ဆိုရင် :)

မိုးပြေး said...

ကောင်းပါတယ်ဗျာ...လွတ်လပ်ခြင်းဆိုတာကတော့..လွပ်လပ်တယ်ဆိုတာက
စည်းကမ်းဘောင် တစ်ခုအတွင်းကနေပြီးတော့ လွတ်လပ်စွာနေတာကို ပြောတာလို့ ကျွန်တော်ကတော့ ထင်တယ်။ စည်းလွတ် ၀ါးလွတ် ပရမ်းပတာ လုပ်ချင်ရာကို လုပ်မယ်တော့ မဟုတ်ဘူးပေါ့ဗျာ။ကိုယ့်ရဲ့ လွတ်လပ်မှုတွေက တစ်ပါးသူအပေါ်ကို မထိခိုက်အောင် ဂရုတော့စိုက်ရပါလိမ့်မယ်။ ကိုယ့်ရဲ့ လွတ်လပ်တဲ့အပြုအမှုတွေက သူတစ်ပါးရဲ့ လွတ်လပ်မှုကို မခြိမ်းခြောက်သရွေ့ တော့ လွတ်လပ်မှုဆိုတာ တည်တံ့နေဦးမှာပါ။

Dr. Nyan said...

အများအတွက်အကျိုးရှိတဲ့အခုလိုပို့စ်လေးတွေဆက်ပြီးရေးနိုင်ပါစေ။

Unknown said...

အများအတွက် အသိပညာ၊ လိုက်နာစရာ စာပေရေးတယ်ဆိုတာ ..ကိုယ့်မှာရှိနေတဲ့ ဥာဏ်အလင်းရောင်ကို သူတပါးဆီမှာ လင်းလက်ဖို့ ထွန်းညှိပေးတာနဲ့တူပါတယ်။ လွတ်လပ်မှုကို တန်းဖိုးရှိစွာအသုံးချတက်ရင် အဖိုးထိုက်တန်ပြီး၊ လွတ်လပ်မှု ကနေ လွတ်ထွက်မှုဖြစ်ရင်တော့ မကောင်းပါ။ လူတိုင်း တလေးတစားလိုက်နာသင့်တဲ့ အချက်လေးတွေပါ။ စာရေးသူရော စာဖတ်သူအတွက်ပါ အကျိုးရှိပါတယ်။ စာပေကောင်းများ ဆက်လတ်ရေးသားနိုင်ပါစေ။

 

Design By:
SkinCorner