Monday, October 27, 2008

"ငါ့ရဲ့ချစ်လှစွာသော"


ကြည့်ကြ ဟောဒါ
ငါ့ရဲ့ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။

ဘဝကို...
ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ......
မြင်လား... သူမ တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။
(အဲဒီသေချင်းဆိုးမလေးက)
မျှော်လင့်ချက် ဆိုတာကိုလည်း အယုံအကြည် မရှိပေးဘူး။
နောက်ပြီး...သူမက
အရူးနဲ့ နတ်ဘုရား တွေကိုလည်း
အတူတူလို့ သဘောထားတတ်သေး...။
အဲဒီသေချင်းဆိုးမလေးပေါ့.......

ဘဝဟာ...
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ ယူဆ၊
(အဲဒီ သူမက)
လမ်းမှာ ခဏခဏ ပြုံးပြနေတတ်သူတွေကိုလည်း
အာရုံကြောရောဂါ ရနေတယ်လို့ လှောင်တတ်သူ...
အဲဒီ သေချင်းဆိုးမလေးပေါ့....

လောကကြီးရဲ့ အယုယခံဘို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေ
ခြေမနဲ့ ညှပ်ပြီး ကောက်ဆောင်းဘို့ကို
ပျင်းရိတတ်သူ...
အဲဒီ သေချင်းဆိုးမလေးပေါ့...

ဈေးပေါပေါ ဆက်ဆံမှုတွေကို ရွံရှာ
မင်္ဂလာ နံနက် လို့နှုတ်ဆက်ခံရတာကိုမုန်း၊
ကိုယ့်မျက်လုံး ကိုယ့်တံခါးပိတ်ပြီး
နေမြင့်တဲ့အထိ အိပ်တတ်သူ...။
အဲဒီ သေချင်းဆိုးမလေးပေါ့..

တစ်နေ့ တစ်နေ့ ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားနေရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ...
အဲဒီ သေချင်းဆိုးမလေးပေါ့..

သူမရဲ့ အကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အဝတ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
(သူမ ကိုယ်တိုင်က)
ဘဝကိုကြယ်သီးအပြည့်တပ်ပြီး ဝတ်ဆင်ရာမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ။

သူမရဲ့ဘဝမှာ...
အချစ်ဆိုတာ ဘယ်ရှိနိုင်မလဲ...
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကို ရှောင်...ရှောင်ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့ မိန်းမ...
မျက်နှာပေါ် ဆံပင်တွေဝဲကျ
အဲဒီ ဖရိုဖရဲလေးပေါ့...။
(သူမက ခေါင်းဖီးရတာကို အလုပ်ပိုလို့ထင်တယ်)

ကမ္ဘာမြေဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာ ရှိသလဲ လို့လည်း မေးရဲ့။
အဲဒီ သေချင်းဆိုးမလေးပေါ့...
နစ်ရှေးရဲ့ အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီစက္ကူနဲ့ သုတ်ပြီးထိုင်တဲ့သူ။

ကျွန်မက...
ဘယ်သူ့ကို လက်ဆွဲနှုတ်ဆက်ရမှာလဲ
ဒါမှမဟုတ် ဘယ်သူ့ကို အမြီးနှံပြရမှာလဲ...
ကဲ.......
အဲဒီသေချင်းဆိုးမလေးပေါ့

သူမက စိတ်အလိုမကျရင်လဲ
ဆဲ တတ်သေးတယ်...။
အဲဒီ သေချင်းဆိုးမလေးပေါ့...။
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်လို့ ယူဆ။
တစ်စုံတစ်ယောက်ကို သတိရဖို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ
အဲဒီ သေချင်းဆိုးမလေးပေါ့...

သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ဘဝမှာ
ကျွန်မက ကိုယ့်ကိုကိုယ်တောင်
သိမ်းမထားချင်တဲ့ ကောင်လို့ ပြောခဲ့။
တကယ့်သေချင်းဆိုးမလေးပေါ့...

ဟောဒီမှာ မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေနေလိုက်ပုံက
ဘဝကို အဝတ်ရုပ်တစ်ရုပ်လိုယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့အတိုင်းပါပဲ...။
သူမက လောကကြီးကို ခါးပြီး
အဲဒီခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ်...။

နားလည်ပေးလိုက်ပါ လောကကြီးရေ........။

ဘာများ အရေးကြီးလို့လဲ ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ပြုံးပြနေတဲ့ မိန်းမ
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။

နားသာလည်ပေးလိုက်ပါ လောကကြီးရေ....
ဒါမှမဟုတ် သူမကို ဦးညွှတ်ဂုဏ်ပြုပါ...
ဒါမှမဟုတ် သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ...
ဒါမှမဟုတ်
လောကကြီးရေ အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ။

သူမပေါ့.........
နတ်ဆိုးတစ်ပါးလည်းဖြစ်၊
ကောင်းကင်တမန်လည်းဖြစ်၊
(အဲဒီ သေချင်းဆိုးမလေးကိုမှ) ငါက
လည်းပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ်...။

သူငယ်ချင်းတစ်ယောက် Mail ကနေ ပို့ပေးလာတဲ့ စာရေးဆရာတစ်ဖြစ်လဲ၊ ကဗျာဆရာမင်းခိုက်စိုးစံရဲ့ ကဗျာပါ။ ;) ဖတ်လိုက်တိုင်း ပြုံးမိပြီး ကြိုက်လို့ ပြန်ပြီး မျှဝေလိုက်ပါတယ်။ :z ကိုယ် ချစ်တဲ့သူကို ချစ်စနိုးနဲ့ ခေါ်တဲ့ အခေါ်အဝေါ်ကလည်း "သေချင်းဆိုးမလေး"..........တဲ့။ အဲဒါကို ကဗျာခေါင်းစဉ်လုပ်ထားသေးတယ်သိလား။ :p ကျမဖြင့် ပါးစပ်က အဲလို တစ်ခါမှ မပြောဖူးပေါင်။ အဲဒီ "သေချင်းဆိုးမလေး"ဆိုတဲ့ စကားကိုလေ။ ဟိ ဟိ၊ အခုတော့ စာရေးရင်းနဲ့ ပြောသလို ဖြစ်သွားပြီ။ ;) ဖေဖေဆူတော့မှာပဲ။ :y သွားမပြောနဲ့နော်။ :y ကဗျာလေး ကြိုက်လို့ ၊ သူ့ခေါင်းစဉ်က အဲဒါဆိုတော့ တတ်နိုင်ဘူးလေနော်။ ပြောရတော့တာပေါ့။ :z

ပို့စ်ခေါင်းစဉ်ကိုတော့ကိုယ့်သဘောနဲ့ကိုယ် "ငါ့ရဲ့ချစ်လှစွာသော" လို့ ပြောင်းတပ်လိုက်တယ်။ :z ဟုတ်တယ်လေနော်။ ခေါင်းစဉ်ကြီးမှာ ဆဲသလိုကြီးဆိုတော့ တစ်မျိုးကြီး။ :( စိတ်မသန့်ဘူး။ ကဗျာထဲက စာသားတွေ ကြိုက်လို့သာ တင်ရတာ။ တစ်ခါမှ အဲလို မပြောဘူးတော့ ဖေဖေဆူမှာ ကြောက်တယ်။ :y ပိုတယ်ထင်ပြီး လူတွေအမြင်ကပ်မလားမသိ။ ;) ဟိ ဟိ၊ ကိုယ့်ဝမ်းနာ ကိုယ်သာသိတယ်။ :z


မှတ်ချက်၊ ဓာတ်ပုံကို Search Engine မှ ရယူသည်။ ;)

8 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

သြော်...... ကဗျာထဲက သေချင်းဆိုးမလေးရယ်၊
နင့်ဘ၀က ကဗျာရဲ့ ဇါတ်ကောင် ဖြစ်ပေမယ့်၊ သေချင်းဆိုးမလေး လို့အခေါ်ခံရအောင်၊ နင်အဲလောက်ဆိုးနေလားကွယ်.......

khin oo may said...

တိုက်ဆိုင်မှူတွေ များရှိနေလေရော့သလား။

megumi said...

သတ်ချင်သတ်သွား၊ ပြောဘူး။ :p

ဟိန်းညီ said...

သတ်ချင်သတ်သွားဆိုရင်တော့သေချာပြီဗျို့
ဟဟဟဟ
တော်တော်သဘောကျသွားတယ်ဗျာ။
မျှဝေတာကျေးဇူးဗျို့ ။

mgngal said...

မပြောလည်း သိတယ် ။ ကဗျာကတော့ အသေကောင်း
တယ် ။ သေချင်းဆိုးမလေး ရေ။ ကဗျာထဲ ကကောင်မလေး
ိကိုပြောပါတယ် ။ :P

Anonymous said...

ဟေးးးးးးးးး သယ်ရင်း ဂလု ..
သေချင်းဆိုးမလေး ကဗျာကို ငါလည်း ကြိုက်တယ် ..
ကောင်းလိုက်တဲ့ ကဗျာလေး ..
နင့်ကို ဆရာမင်းခိုက်စိုးစန် သိသွားလို့ လား မသိဘူး :P
နောက်တာ .. အဟဲ
ကဗျာလေး ကူးသွားတယ်နော် :P :P :P

Anonymous said...

အခုလို “ငါ့ရဲ့ ချစ်လှစွာသော” ကဗျာလေးကို ထပ်ဆင့်မျှဝေထားတာကို ဖတ်ရလေတော့ မျှဝေသူကို အထူးပဲ ကျေးဇူးတင်မိပါတယ်နော်၊ အဓိက တင်ပြထားတဲ့ ကဗျာလေးကိုပဲ ခံစားသွားပြီး တင်ပြသူနဲ့ ပတ်သက်တယ်၊ မပက်သက်ဘူး စတဲ့ တောင်တောင်အီအီအတွေးတွေ မတွေးတောပဲ အနှစ်သာရသက်သက်ကိုပဲ ရင်ထဲထည့်သွားပါတယ်၊ ကျေးဇူးအထူးပါ မိဂုမိလေး။

မသက်ဇင် said...

MEGUMI လေးရေ----------
ကဗျာဖတ်ရင်း တချိန်လုံးသေချင်းဆိုးမလေး--
ပြောနေတော့---ဖတ်နေရင်း တမျိုးဖြစ်လာတယ်----
အော်---နောက်မှ မင်းခိုက်စိုးစံ ကဗျာ ကိုး---
ဝေငှပေးတာကျေးဇူးတင်ပါတယ် ---
ခင်မင်လျက်
မသက်ဇင်

 

Design By:
SkinCorner