Sunday, January 25, 2009

နားလည်မှု.................................

နားလည်မှု.................................

အပြောလွယ်သလောက် လက်တွေ့ကျင့်သုံးရန် အင်မတန်ခက်ခဲတဲ့အရာပါ။ လူတစ်ယောက်နဲ့တစ်ယောက်က ဘယ်နည်းနဲ့မှ အမြင်ချင်းထပ်တူမကျနိုင်ပါဘူး။ ဒီလိုပဲ ညှိယူကြရမှာပါ။ ကိုယ်လုပ်တာနဲ့ တစ်ထပ်တည်းမကျတာနဲ့ တစ်ခြားသူလုပ်တဲ့အရာတွေဟာ အမှားတွေပါလို့ တရားသေစွပ်စွဲလို့ မဖြစ်နိုင်ပါဘူး။ အမြင်မတူတဲ့ လောကကြီးမှာ လူသားတိုင်း၊ လူသားတိုင်းဟာကိုယ့်ခံယူချက်နဲ့ ကိုယ်တော့ မှန်ကန်နေကြတာပါပဲ။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သတင်းတစ်ပုဒ်ဖတ်ဖူးပါတယ်။ သင်ခန်းစာတစ်ခုအနေနဲ့ ဖတ်ခဲ့ရတာပါ။ ထိုင်းတွေရဲ့အမြတ်တနိုးထားတဲ့ မြတ်စွာဘုရားရဲ့ ဦးခေါင်းတော်ပေါ်မှာ အနောက်နိုင်ငံသားတစ်ဦးကထိုင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံအကြောင်းပါ။ (ဗွီဒီယိုဇာတ်ကားတစ်ခုရဲ့ ကြေငြာပိုစတာတစ်ခုလို့ ထင်ပါတယ်။ ကြာပြီဖြစ်လို့ သေချာတော့မမှတ်မိတော့ဘူး။  :dဒါပေမယ့် အဲဒီပိုစတာပေါ်က အကြောင်းအရာနဲ့ ပတ်သက်လို့ကတော့ အခုချိန်ထိ မမေ့သေးပါဘူး။ )အဲဒီပိုစတာကြောင့် အကြီးအကျယ် ပြဿနာဖြစ်ခဲ့ကြပါတယ်။ ကိုယ်အလေးအမြတ်တန်ဖိုးထားတဲ့အရာတစ်ခုကို သူတပါးတိုင်းတပါးလူမျိုးက ထိုင်ခုံတစ်ခုံအနေလောက်နဲ့ပဲ သဘောထားခဲ့လို့ ထိုင်းတွေ ပေါက်ကွဲခဲ့ကြပါတယ်။ တစ်ဖက်က နိုင်ငံခြားသားက ထိုင်းဘက်က ကြည့်ရင်တော့ သူတပါးယဉ်ကျေးမှုကို စော်ကားရိုင်းပျတဲ့ လူတစ်ယောက်အဖြစ် မြင်ခြင်းခံခဲ့ရပါတယ်။

အဲဒီသတင်းနဲ့ ပတ်သတ်ပြီးနိုင်ငံအသီးသီးကလာတဲ့ ပညာတော်သင် ကျောင်းသားတွေ အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်သူမှန်သလဲပေါ့။ 1နာရီ 45မိနစ်သင်ရတဲ့သင်တန်း နှစ်ခါမြောက်ပြီးသွားတာတောင် တိကျတဲ့အဖြေမထွက်လာပါဘူး။ ဟုတ်တယ်လေ။ နားမှမလည်ပေးခဲ့ကြတာကိုး။ ကိုယ့်အထင်၊ ကိုယ်ပြော၊ ကိုယ်ထင်တာကို အမှန်လို့ သတ်မှတ်ပြီး ဆွေးနွေးခဲ့ကြတော့ ဘယ်မှာလာပြီး အဖြေထွက်ပါလိမ့်မလဲ။

နောက်ဆုံးဆရာမရှင်းပြမှပဲ အားလုံးနားလည်လက်ခံပေးလို့ရတော့တယ်။ ဆရာမကပြောပါတယ်။
ထိုင်းတွေက သူတို့အမြတ်တနိုးထားတဲ့ ဘုရားဦးခေါင်းတော်ကို ထိုင်ခုံတစ်ခုံလို အသုံးချခဲ့တဲ့လူကို စိတ်ဆိုးတာ ထိုင်းတွေရဲ့အပြစ်မဟုတ်ဘူး။ အဲဒီလိုပဲ အနောက်နိုင်ငံသားအနေနဲ့လည်း သူ့ဘာသာ၊ သူ့ယဉ်ကျေးမှုမဟုတ်လို့ ဘုရားဦးခေါင်းတော်ပေါ်မှာ ထိုင်တာဟာ ကြီးမားတဲ့အပြစ်ဆိုတာကို နားမလည်တာ သူ့အပြစ်မဟုတ်ဘူး။ တစ်ကယ်တော့ ပြဿနာက မတူညီတဲ့ ယဉ်ကျေးမှုကြောင့် ဖြစ်ပွါးခဲ့ရတာပါ။

"မတူညီတဲ့ ယဉ်ကျေးမှုကို တူညီအောင် ၊ တစ်ထပ်တည်းကျအောင် လုပ်ယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီတော့ အပြန်အလှန် နားလည်ပေးရမယ်။ သူ့ယဉ်ကျေးမှုကို ကိုယ်က နားလည်လက်ခံပြီး အမြတ်တနိုးထားတဲ့အရာတစ်ခုကို လေးစားပေးရမယ်။

ကိုယ့်အတွက် ဘာမှအရေးကြီးတဲ့အရာမဟုတ်ပေမယ့် သူတပါးအတွက် အရေးကြီးတဲ့အရာ ဖြစ်ခဲ့လျှင် ကိုယ်ကပါ တန်ဖိုးထားပေးရမယ်။

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားကြမယ်ဆိုရင် ဘယ်လောက်ကြီးမားတဲ့ ပြဿနာပဲဖြစ်ဖြစ် အလွယ်တကူဖြေရှင်းနိုင်မှာပါ။"



ဆရာမပြောတာ မှန်ပါတယ်။ လူတွေဟာ ကိုယ့်အယူအဆနဲ့ မတိုက်ဆိုင်တိုင်းသာ တစ်ဖက်လူမှားတာ................လို့ ဆုံးဖြတ်ခဲ့ရင် ဘယ်တော့မှ ငြိမ်းချမ်းရေးကို ရမှာမဟုတ်ပါဘူး။ မှန်ထဲမှာ မြင်ရတဲ့ ကိုယ့်ပုံရိပ်တောင် ဘယ်ညာကွဲသေးတာ။ များပြားလှတဲ့ ဓလေ့ထုံးစံ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အမျိုးမျိုးက လူသားတွေဟာ မတူညီတဲ့စိတ်နေစိတ်ထားတွေကို တစ်ဦးနဲ့တစ်ဦးအပြစ်မတင် ရန်မစောင်ပဲနဲ့ အပြန်အလှန်နားလည်လက်ခံပေးခဲ့ရင် ကမ္ဘာကြီးက ထာဝစဉ် ငြိမ်းချမ်းနေမှာပါ။

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

ဟုတ်ပါ့

အပြန်အလှန် လေးစားမှု နောက်တစ်ဆင့်

နားလည်ပေးမှု..လိုတယ်

မိမိကိုယ်ကို နှိမ့်ချနိုင်ရမယ်။

အဲသည်လောက်စိတ်ကြီးရင့်ရင်

ပထမ မိမိ ငြိမ်းချမ်းမယ်..

နောက်တော့

ကိုယ်ငြိမ်းစေချင်တဲ့ သူတွေ ငြိမ်းချမ်းလာမှာပေါ့...

mgngal said...

အပြန်အလှန် လေးစားနားလည်ဖို့ က အ၇မ်း အရေးကြီးတယ်ဗျ ။ ထောက်ပြပေးတဲ့ ပို့ စ်ကောင်းတစ်ပုဒ်ပါ ။း)

Anonymous said...

ကျနော်ကတော့ ဘာမှကို ဂရုမစိုက်တာဗျ ဒါပေမဲ့ကိုယ့်
ဘက်ကတော့ ဘယ်တော့မှ မလေးမစားမလုပ်ဘူး အဲ
ကိုယ့်ကို မလေးမစားလုပ်ရင်လဲ မသိချင်ယောင်ဆောင်နေတာပဲ ဒီတော့ စိတ်ထဲ ဘာမှကိုမရှိတာ။

Anonymous said...

ဆရာမ ပြောသွားတဲ့ စကားလေးတွေ အရမ်း တန်ဖိုးရှိပါတယ် ....
ဒါပေမယ့် အနောက် နိုင်ငံသားကိုတော့ မှားတယ်လို့ ပြောလို့ရတယ် ...
ယဉ်ကျေးမှုချင်း မတူလို့ မသိတာ လက်ခံလို့ ရပါတယ် ...
ဒါပေမယ့် ဧည့်သည်က ဧည့်သည်လိုပဲ နေရမယ် ..
အိမ်ရှင်တွေရဲ့ ယဉ်ကျေးမှုကိုတော့ အရင်ဆုံး သိထားသင့်တယ်လို့ ထင်တယ် ...
ဧည့်သည်ကောင်း တစ်ယောက်လိုသာ နေထိုင်ခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာ နိုင်ငံတွေဟာ ဧည့်ဝတ်ကျေပွန်တဲ့ အိမ်ရှင်ကောင်းတွေပါ ...

Nge Naing said...

အပေါ်က တယောက် ပြောထားတာ ဘုရားပေါ်ထိုင်ပြီး ဓါတ်ပုံရိုက်တဲ့ နိုင်ငံခြားသားက ပိုပြီးမှားတယ်ဆိုတာ အစ်မလည်း လက်ခံပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓဘာသာက လူမသိသူမသိ ဘာသာမဟုတ်ပါဘူး ကမ္ဘာ့ဘာသာကြီး လေးခုထဲမှာ တခုအပါအ၀င် ဖြစ်ပြီး ဗုဒ္ဓဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားမှန်း လူတိုင်းသိပါတယ်။ ဘာသာတခုအကြောင်းကို နားလည်နေစရာမလိုပဲနဲ့တောင် သူတပါးဘာသာရဲ့ ဘုရားကို ဒီလိုလုပ်လို့မရဘူးဆိုတာ ပုံမှန်စိတ်ရှိသူမဟုတ်ပဲ ရူးသွပ်နေသူတွေတောင် သိနိုင်ပါတယ်။

 

Design By:
SkinCorner