Monday, March 9, 2009

အမျိုးသမီးနဲ့ ဆေးလိပ်


အမျိုးသမီးနဲ့ ဆေးလိပ် ကို ဘယ်လိုနည်းနဲ့မှ ဆက်စပ်လို့မရခဲ့ပါ။ အမျိုးသားတွေ ဆေးလိပ်သောက်တာတော့ နေရာတိုင်းမှာ မြင်ရတဲ့အတွက် မြင်နေကျမြင်ကွင်းတစ်ခုလို ဖြစ်နေပါပြီ။ အမျိုးသမီးတွေ ဆေးလိပ်သောက်တာတော့ ဂျပန်ရောက်မှ မြင်ဖူးတာပါ။ ရောက်ရောက်ချင်းတုန်းက တော်တော်အံ့ဩပါတယ်။ အထူးသဖြင့် (19)နှစ်ကျော်ကျော်၊ (20)မရောက်တရောက်၊ (20)သာသာရှိတဲ့ ကျောင်းသူလေးတွေဆေးလိပ် သောက်နေတာကို တွေ့တဲ့အခါမှာပေါ့။ အသက်(20)မှ အရွယ်ရောက်တယ်လို့သတ်မှတ်တဲ့ ဂျပန်နိုင်ငံမှာ သူမတို့တတွေ ဘယ်အချိန်ထဲကများ ဆေးလိပ်သောက်တတ်ခဲ့ပါသလဲ။ သေချာတာတစ်ခုကတော့ တရားဝင်သောက်ခွင့်ရခဲ့တာမဟုတ်ဘူးဆိုတာပါပဲ။ ရဲကသိရင် ချက်ချင်းအဖမ်းခံရနိုင်ပါရဲ့နဲ့ ဘာဖြစ်လို့များ ဆေးလိပ်ကို ခိုးသောက်ခဲ့ကြလဲမသိ။ ဆေးလိပ်သောက်တတ်တဲ့ ဂျပန်ကောင်မလေးတော်တော်များများကို မေးကြည့်ဖူးတယ်သိလား။ အများစုက ကြိုက်လို့ဆိုတာထက် စတိုင်ရှိအောင်လို့တဲ့။ ဆေးလိပ်ကို ဟန်ပါပါနဲ့သောက်တာဟာ စတိုင်တစ်ခုတဲ့။ အရွယ်ရောက်တဲ့ကောင်မလေးဖြစ်ကြောင်း သက်သေပြချင်တာလည်းပါတာပေါ့လေ။ ဆေးလိပ်ဘူးကို လှတပတ တန်ဆာဆင်၊ မီးခြစ်ကိုလည်း တစ်နေ့တစ်မျိုးမရိုးရအောင် ပြောင်းလဲရတာလဲ သူမတို့အတွက်တော့ ဖက်ရှင်တစ်မျိုးပေါ့နော်။ ဆေးလိပ်သောက်ဖို့ထက် အဲလို ဆေးလိပ်ဘူးတွေ၊မီးခြစ်တွေကို တန်ဆာဆင်တာကို နှစ်သက်တဲ့ကောင်မလေး အရေအတွက်လည်း မနည်းပါဘူး။

ဂျပန်မှာ မိန်းကလေးတွေ ဆေးလိပ်သောက်လည်း အထူးအဆန်းဖြစ်မနေတဲ့အတွက် တစ်နေ့တစ်ခြား ဆေးလိပ်သောက်သူတွေ များပြားလာသလိုပဲ။ ဂျပန်မလေးတွေသာမက ဂျပန်မှာရောက်နေတဲ့ မြန်မာမလေးတွေလည်း ဆေးလိပ်သောက်ပါတယ်။ နည်းတော့ နည်းသေးတာပေါ့။ ဒါပေမယ့်၊ သောက်တတ်ကြပါတယ်။ ဂျပန်ရောက်ပြီး တစ်ပတ်ကြာမှာ လက်ညှိုးကြား ဆေးလိပ်ခဲထားတဲ့ မြန်မာမလေးတစ်ယောက်ကို တွေ့ဖူးပါတယ်။ ကျမနဲ့ တူတူရောက်တာပါ။ ဒါပေမယ့် သူမ ဆေးလိပ်သောက်တတ်တယ်။ ဆေးလိပ်သောက်တတ်အောင် သင်တာ တစ်ပတ်မကြာတာလား။ ဒါမှမဟုတ် အစကတည်းက သောက်တတ်တာလားတော့မသိ၊ ကျမတော့ တော်တော်မျက်လုံးပြူးသွားတယ်။ သူမက ဝါရင့်ပညာရှင်ကြီးတစ်ယောက်လို ဆေးလိပ်သောက်နေတာကိုး။ ကိုယ့်အမလည်း မဟုတ်တော့ လူမုန်းခံပြီးတော့ မပြောတော့ပါ။ ကျမကတော့ မကြိုက်တဲ့အတွက် သိပ်ပြီးမပေါင်းတော့ဘူး။ သူမက အရက်လည်း အရမ်းကြိုက်တယ်လေ။ သူများအကြောင်းပြောရတာတော့ သိပ်မကောင်းပေမယ့် အဲလိုမိန်းကလေးတွေ ဂျပန်မှာရှိကြောင်းကိုတော့ သိစေချင်လို့ ထည့်ရေးလိုက်ပါတယ်။

ဂျပန်မလေးတွေပြီးရင် ဆေးလိပ်အသောက်ဆုံးလူမျိုးက ကိုရီးယားဖြစ်မလားပဲ။ ကျမကြည့်ဖူးတဲ့ ကိုရီးယားကားတော်တော်များများမှာတော့ ကိုရီးယားမလေးတွေ ဆေးလိပ်သောက်တာ မမြင်ဖူးပါ။ အပြင်မှာတော့ ပေါမှပေါပဲ။ ကိုရီးယားသူငယ်ချင်းတွေကို မေးကြည့်တော့ ကိုရီးယားမှာ မိန်းကလေးဆေးလိပ်သောက်ရင် အပြောခံရပါတယ်တဲ့။ဂျပန်လောက် မလွတ်လပ်ပါဘူးတဲ့။ ဒါပေမယ့် သောက်တဲ့လူကတော့ ခိုးသောက်ပါတယ်တဲ့။ ကိုရီးယားမလေးတွေ ဘာရည်ရွယ်ချက်နဲ့ ဆေးလိပ်သောက်လဲတော့မသိပေမယ့် ဂျပန်မလေးတွေလောက် စတိုင်မထုတ်တာတော့ အမှန်ပါ။

ကျန်တဲ့လူမျိုးအနေနဲ့ ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးအများစုကတော့ အနောက်နိုင်ငံကလို့ ထင်ပါတယ်။ အာရှအနေနဲ့ကတော့ ဂျပန်က ရှေ့ဆုံးကများဖြစ်နေမလားပဲ။ ဂျပန်ပြီးရင် ကိုရီးယားပေါ့။ တရုတ်ကတော့ မသိဘူး။ ကျမတွေ့ဖူးတဲ့ တရုတ်မလေး တော်တော်များများကတော့ ဆေးလိပ်မသောက်တတ်ကြပါဘူး။

ဘာပဲဖြစ်ဖြစ် ကျမကတော့ မိန်းကလေးနဲ့ ဆေးလိပ်က တွဲပြီး မြင်ကြည့်လို့မရသေးတာအမှန်ပဲ။ ခေတ်မမီဘူးပဲ ပြောပြော ဆေးလိပ်သောက်နေတဲ့ မိန်းကလေးကိုမြင်ရင် မျက်စိထဲ ထော်လော်ကန့်လန့်ဖြစ်လွန်းလို့ မျက်နှာလွှဲပလိုက်တယ်။




ပုံကို Google image မှရယူသည်။

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

ကျန်းမာရေးဘက်ကကြည့်ရင်တော့
ဆေးလိပ်သောက်ခြင်းသည် မကောင်းပါပေါ့
ဘယ်ဘက်ကမှ မကောင်းပါဘူး...။

မသက်ဇင် said...

မီဂုလေးရေ---
အလှပဲသောက်သောက်--စတိုင်ပဲလုပ်လုပ်
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါ
သည်---ပဲပေါ့-
အမြန်ဆုံးကျန်းမာလာပါစေ---

Anonymous said...

မိန်းကလေး ဆေးလိပ်သောက်ရင် ဘယ်လိုမှ ကြည့်မကောင်းပါဘူး ..
မြန်မာနိုင်ငံမှာလည်း ရှိကြတယ် ...
အသက်နည်းနည်းကြီးတာနဲ့ စတိုင်စထုတ်တယ် ထင်တာပဲ ...
ပြောင်းဖူးဖက် ဆေးလိပ်ကြီးတွေ ရဲကနဲ ရဲကနဲ ကိုင်နေကြတာ ...

Anonymous said...

ဟုတ်တယ်မမ..
အမြင်ကတ်ဖို့ ကောင်းတယ်.. :D

အရုပ်ကလေး said...

ဆေးလိပ်သောက်လို့ အမောဖေါက်ကာ
အကြွေစောတဲ့ အသေသဘောကို
နားမလည်သလို ကြိုက်သလိုနဲ့
ဝေဒနာဆိုး ရောဂါတိုးအောင်
ုခုန်မင်စွာသောက် အဆုပ်ပျောက်တဲ့
လူဖြစ်ခြင်းကို အမြင်တွေ့နဲ့
အစဉ်ဓလေ့လို မဖြတ်ကြတာ
သူလမ်းကြောင်းနှင့် သူ့သမိုင်းမို့
လူတောမှာ အပြုသဘောဆောင်တာ ....
အပြစ်လို့တော့ မမြင်သလို မုန်းစရာလည်း မကောင်းဘူး

ဒါပေမယ့် ..ဆေးလိပ်ကိုတော့ မသောက်သင့်ဘူးဆိုတာ နားလည်ထားတယ် ..
လက်တွေ့မှာလည်း မိန်းကလေးတွေ အခု အရမ်းသောက်လာကြတယ် ..။
မသောက်ရင်တော့ လူတွေအတွက် ကောင်းကျိုးရစေမှာပါ ..။

စိုင်းစိုင်းလားရှိုး said...

ဂုဂုရေ ဂျပန်မှာတင်မဟုတ်ဘူး စလုံးမှာလည်း မိန်းခလေးတွေ တော်တော်များများ သောက်နေတာတွေ့ရတယ်။ အခုဆိုရင် ဆေးလိပ် သောက်သုံးတဲ့ နေရာကန့်သတ်ချက်တွေ များလာတာနဲ့အမျှ ကောင်မငယ်လေးတွေ ဆေးလိပ်သောက်သုံးခွင့် ပြုထားတဲ့နေရာတွေမှာ အမျိုးသားတွေနဲ့ ရောနှောပြီး သောက်သုံးနေတာကို မြင်ရတော့ သူတို့လေးတွေရဲ့ စတိုင်တစ်ခုကြောင့်လို့ အင်မတန်ပြောရခက်သွားပြီ။ မြင်ရတဲ့ မြင်ကွင်းက ဒါဟာ စွဲလန်းနေကြပြီ ဆိုတဲ့ သဘောပဲပေါ့။ မိန်းခလေး ဆေးလိပ်သောက်တာ အင်မတန် ရုပ်ဆိုးပါတယ်။ ဂုဂု စတိုင်မထုတ်နဲ့နော် မလှဘူး။

Anonymous said...

ဆေးလိပ်က အရမ်းသောက်လို့ကောင်းတယ်။။။:P
ကြိုက်တဲ့သူအတွက်ပြောတာပါ။ မွှေးတယ်တဲ့။
မကြိုက်တဲ့သူကတော့ နံတယ်။
ကျနော်ကတော့ သူတို့ဘေးကဖြတ်သွားရင် သူတို့ဆီက အပုပ်နံ့ရသလိုပဲဗျ။
တစ်ကမ္ဘာလုံး ၀ိုင်းအော်ကြရင်တော့ ကောင်းတယ်။
အမကြီး megumi မသောက်နဲ့ဗျ မကောင်းဘူး။။

ဒီလို တွေးစရာတွေ
မှတ်သားစရာတွေ တင်ပေးတာ ကျေးဇူးတင်ပါတယ်။ :P:P

 

Design By:
SkinCorner