Friday, May 15, 2009

"မီယားဂျီမား"သို့ အလည်တစ်ခေါက်

ဟီရိုးရှီးမားကနေ ရထားနဲ့ နာရီဝက်လောက်စီးရင် "မီယားဂျီမားဘူတာ"ကို ရောက်ပါတယ်။ "မီယားဂျီမားဘူတာ"ကနေ သင်္ဘောစီးပြီး "မီယားဂျီမားဂုချိ"ကိုသွားလို့ရတယ်။ အဲဒီကို ဘာလို့သွားလဲဆိုတော့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်တစ်ခုဖြစ်တဲ့ "အိခုစုရှီးမားဂျင်းဂျာ"ရှိလို့ပါ။ "အိခုစုရှီးမားဂျင်းဂျာ"က (1996)ခုနှစ် (12)လပိုင်းမှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့ပါတယ်တဲ့။ ရှင်းတိုဘာသာရဲ့ ဂျင်းဂျာတစ်ခုအဖြစ် ထင်ရှားပါတယ်။ (12)ရာစုထဲက တည်ဆောက်ခဲ့တာဖြစ်ပြီး အနောက်မှာ တောင်၊ အရှေ့မှာ ကျွန်းနဲ့ ဝန်းရံခြင်းကို ခံထားရပါတယ်။ သာယာလှပတဲ့ရှုခင်းနဲ့ "အိခုစုရှီးမားဂျင်းဂျာ"က ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်ခေါ်ယူနေပါတယ်။

သင်္ဘောဆိပ်သို့အလာ



သင်္ဘောစီးဖို့ တန်းစီရတယ်။
သင်္ဘောပေါ်ကနေ လှမ်းမြင်ရတဲ့ ရှုခင်း

"အိခုစုရှီးမားဂျင်းဂျာ"
သင်္ဘောဆိပ်ကနေဆင်းဆင်းချင်း အပြင်ကို ထွက်လိုက်တော့ ဒီမြင်ကွင်းကို တွေ့ရတယ်။ "မီယားဂျီမား"ကို ဘယ်လိုလှည့်ပတ်ကြည့်ရမလဲကို မြေပုံထဲမှာ ရှာကြည့်ခဲ့တယ်။"မီယားဂျီမားဂုချိ"သင်္ဘောဆိပ်

အဲဒီမှာ စက်ဘီးငှားလို့ရတယ်။ စက်ဘီးနဲ့ဆို ဝေးဝေးသွားလို့ရလို့ ကျမလည်း ငှားဖြစ်သွားပါတယ်။ စစချင်းတွေ့ရတာက ကျောက်တိုင်တစ်ခုပါ။ "အိခုစုရှီးမားဂျင်းဂျာ" က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်သွားကြောင်း မှတ်တမ်းတင်ထားတာ။ အပေါ်က လေးထောင့်ပုံမှာ အဝိုင်းဖောက်ထားတဲ့ နေရာတစ်ခုကို တွေ့မိလား မသိဘူး။ အဲဒီကနေ ချောင်းကြည့်ရင် အခုနက သင်္ဘောပေါ်ကမြင်ရတဲ့ မီယားဂျီမားရဲ့ သင်္ကေတ အနီရောင်တိုင်ကို ကွက်တိမြင်ရတယ်။ နည်းနည်းချင်း ခရီးဆက်လာတာ အဝင်ဝတစ်ခုကို ရောက်လာပြီ။
ညာဘက်မှာ သမင်တွေ တန်းစီပြီး ရှိနေတယ်ဟုတ်။ တကယ်တော့ မီယားဂျီမားက သမင်တွေရဲ့ ဘေးမဲ့တောတစ်ခုလည်း ဖြစ်ပါတယ်။ မီယားဂျီမားရဲ့ နေရာအနှံ့မှာ သမင်တွေရှိတယ်သိလား။ အခုတလော ခရီးသည်တွေက အစာတွေဘာတွေ ပေးတတ်လို့ လူမြင်ရင် အစာတောင်းပါတယ်။ အနီးကပ်လာပါတယ်။ ကလေးငယ်လေးတွေကို ကိုက်တတ်လို့ "မိဘများ ကိုယ်နဲ့မကွာ မိမိကလေးကိုခေါ်ဆောင်သွားပါရန်" သတိပေးဆိုင်းဘုတ်လည်း ချိတ်ထားပါတယ်။ သမင်တွေက တော်တော်ကြီးတယ်။ အမြင့်ကလည်း (3)ပေကနေ (4)ပေနီးပါးရှိမလားဘဲ။ ကျမတောင် ကြောက်တယ်။

"အိခုစုရှီးမားဂျင်းဂျာ"အဝင်ဝမှာလေ ..........စက်ဘီးကို ထားပြီး ဓာတ်ပုံရိုက်နေတုန်း စက်ဘီးခြင်းထဲမှာ ထည့်ထားတဲ့ Pamphlets စားပစ်လို့လေ။ ကြောက်စရာကြီး။ တစ်ကောင်ပြီး တစ်ကောင်ရောက်လာပြီး စက္ကူတွေကို ဝိုင်းစားတာ။ ဆွဲလည်း မဆွဲရဲ။ ဟိ ဟိ၊ အော်ရတာ မောတောင်မောတယ်။ ဘေးကလူတွေက ဝိုင်းကြည့်ရော။ ရှက်တော့ရှက်တယ်။ ဒါပေမယ့် ဆွဲရဲဘူး။ ဟူး ...........................................စာရွက်တော်တော်ကုန်သွားမှ ဘေးကမနေနိုင်တဲ့ လူတစ်ယောက်က သမင်တွေကို မောင်းထုတ်ပေးတယ်။ ကြောက်လိုက်တာမပြောနဲ့။ တော်သေးတယ်။ အဲဒီလူသာ မကယ်ရင် ဖုန်းပါ သမင်စားလို့ ကုန်ပြီ။ :z
ဝင်ကြေးငါးရာပေးလိုက်တော့ ဒီကိုရောက်ပြီပေါ့။
ဒီရှုခင်းလေး ကျမ ကြိုက်တယ်။

ရှေးခေတ်က ကျန်ခဲ့တဲ့အဆောက်အဦး။
အထဲကို သေချာကြည့်ရင် ပန်းချီလက်ရာတွေ တွေ့ရတယ်။ အဝေးကပဲ လှမ်းရိုက်ရတယ်။ အနီးကပ် သွားလို့ရဘူး။
ထွက်ပေါက်လေ။ အဲဒီမှာလည်း သမင်ရှိတယ်။

ဒါက မီယားဂျီမားရဲ့ သင်္ကေတတစ်ခုပဲ။ "ယောင်းမမှာ ဂျပန်နံပါတ်ဝမ်း - မီယားဂျီမား"တဲ့လေ။ စာတွေရေးထားတဲ့ ယောင်းမက အလှချိတ်ဖို့။ စာမပါတာက မီးဖိုချောင်မှာ သုံးလို့ရတယ်တဲ့။ ကျမလည်း ယောင်းမနှစ်ချောင်း လက်ဆောင်ရခဲ့တယ်။

ဟီရိုးရှီးမားဘူတာမှာ Pamphletရှိတယ်။အဲဒီ Pamphlet မှာ မီယားဂျီမားဘူတာရယ်၊ မီယားဂျီမားသင်္ဘောဆိပ်ရယ်၊ "မီယားဂျီမားဂုချိ"သင်္ဘောဆိပ်ရယ် (3)နေရာကိုတံဆိပ်တုံးထုနိုင်ရင် လက်ဆောင်ပေးတယ်လေ။ ဘာခက်တာမှတ်လို့။ ထုလိုက်တာပေါ့။

ယောင်းမတွေနဲ့ တန်ဆာဆင်ထားတဲ့ စားသောက်ဆိုင်လည်လို့ အားရတော့ "မီယားဂျီမားဘူတာ"ဘက်ကို သင်္ဘောနဲ့ ပြန်ကူးလာခဲ့တယ်။ ဒီတစ်ခါတော့ မြို့ပတ်ရထားစီးပြီး ဟီရိုးရှီးမားကို ပြန်ခဲ့တယ်။ (64)မိနစ်ကြာတယ်။ ရထားက အသစ်ဆိုတော့ ဇိမ်ကျပါတယ်။ တလမ်းလုံး အိပ်လို့ရတယ်ဟုတ်။


"မီယားဂျီမား"ရဲ့ ရှုခင်းကို အနုပညာဆန်ဆန် ခံစားချင်ရင် ဒီလင့်ကို နှိပ်လိုက်ပါရှင့်။

ဆက်ရန်

10 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

ယောင်းမလေးတွေ ချစ်စရာလေား .. များများ ဝယ်လာခဲ့တာ ဟုတ်ဘူး .. သူများဘလော့တွေလိုလေ .. သူတို့ကတော့ ထမင်းတွေ၊ ဟင်းတွေ ၊ မုန့်တွေခင်းပေးပြီး ၊ ဘလော့လာမိတ်ဆွေတွေ စားကြပါလို့ ပြောတယ်လေ .. အဲလိုပေါ့ .. ယောင်းမလေးတွေ ခင်းထား . တစ်ယောက်တစ်ချောင်း ယူသွားကြပါရှင်လို့ ပေးလိုက်ပါ့လား ??? :D ပျော်ရာကြီး .. ဓာတ်ပုံလေးတွေ ချစ်ဖို့ကောင်းလိုက်တာ ... ရှု့ခင်းလေးတွေ အရမ်းလှတယ် တစ်ရက်လောက် ရောက်ဖူးချင်တယ် .. ကျေးဇူး MEgu .. :)

တောင်ပေါ်သား said...

ပုံလေးတွေ ကြည့်ပြီး လည်ချင်စိတ်တောင် ပေါက်နေပြီ။ လာလည်ရင် လိုက်ပို့နော့် အမ...

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အိခုစုရှီးမားဂျင်းဂျာကို
လာလည်ပါတယ် မယ်ဂုမိ။
စိတ်ဝင်စားဖို့ကောင်းတယ်။
အေးမြမြနဲ့နေမှာ။
တောတောင်တွေကို သိပ်နှစ်သက်တယ်။
လင့်ကိုလည်းသွားကြည့်ဖြစ်တယ်။
လာလည်ချင်မိတယ်။

Anonymous said...

မယ်ဘုနဲ့ အတူလိုက်လည်သွားတယ်ဗျို့

megumi said...

နေဒေးသစ် >>ရောက်ဖူးချင်ရင် လာခဲ့ပေါ့။ ဒါနဲ့၊ ယောင်းမလိုချင်လို့လား။ ရော့ တစ်ချောင်းယူ။ :z

မအပြုံးပန်းနဲ့ ကိုတောင်ပေါ်သား >>
လာလည်ရင် လိုက်ပို့မယ်လေ။ (ဂျပန်မှာရှိသေးရင်ပေါ့) ;)

ကိုအိမ်ကြီး ၊သမင်ကို မောင်းထုတ်ပေးပါ။ သမင်က ကိုအိမ်ကြီးကို မြင်ရင် အနားလာမှာဟုတ်ဘူး။ ဟိ ဟိ။

ZT said...

သမင်ကြည့်ရတာ ချမ်းနေသလိုပဲ။
အော်။ မီးယားဂျီးမား မှာ ယောင်းမ ၂ ယောက်တောင် ရခဲ့တယ်ကိုး။ ကောင်းလေစွ။ ကောင်းလေစွ။ နောက်တာနော်။ အတည်မယူနဲ့။ :P

Dr Phyo Wai Kyaw said...

ခပ်ဆင်ဆင်ပဲနော်
မီယားဂျီးမား
မိဂဒါဝုန်
မိဂသီ
မိဂုမီ..။

megumi said...

Blogger ZT>>
ဟုတ်တယ်။ ကျွန်းဖြစ်တဲ့အပြင် အဲ့ဒီနေ့ကလေတိုက်တော့ အေးတယ်။
ယောင်းမလား တစ်ယောက်ပဲ ယူလို့ရမယ်။ ဟိဟိ၊ မောင်လေးတစ်ယောက်ပဲရှိလို့။ :z

Blogger အလှတရား >>မရရအောင် ဆက်စပ်တွေးခေါ်တဲ့နေရာမှာ BB DR (ခ)Baby DEER က အတော်ဆုံးပဲ။ ဟ ဟား........သမင်စုတ်လေးရယ်၊ မောင်လေးငယ်ပါသေးတယ်။ :p

Anonymous said...

:)....ပထမဦးဆုံးရောက်ဖူးတာပါ။ Template လေးက
တကယ်ချစ်ဖို့ ကောင်းလိုက်တာ။ ဂျပန်အကြောင်းလဲ
ဗဟုသုတတွေတော်တော်ရလိုက်တယ်။
ပုံလေးတွေတော်တော်လှတယ်။ညီမက ဂျပန်အိမ်ပုံ
စံလေးတွေကို တော်တော်စိတ်ဝင်စားတာ။:)
အေးချမ်းပါစေ။

စိုင်းစိုင်းလားရှိုး said...

ဂုဂု သမင်ပုံ ကောင်းကောင်းမမြင်ရဘူး ယောက်မတွေ ပါလာရင် ဘာချက်စားမှာလည်း ပြောလေ လာစားမယ်နော်။
ရှုခင်းတော်တော်လှတယ် ဂုဂုရေ ကျေးဇူး ခံစားခွင့်ပေးလို့ပေါ့

 

Design By:
SkinCorner