Friday, October 3, 2008

တစ်နေ့တာ အလယ်တန်းပြဆရာမ(2)

တစ်နေ့တာ အလယ်တန်းပြဆရာမ (အပိုင်း(1)ဖတ်ချင်ပါက။) :p

စစချင်း သွားရတာက ကျောင်းသားတွေအကုန်စုဝေးနေတဲ့ အခန်းကျယ်ကြီးဆီကိုပါ။ အဲ့ဒီအခန်းမှာ ရှိသမျှအခန်းကိုယ်စီမှ ကျောင်းသားလေးတွေ အများကြီးထိုင်နေကြပါတယ်။ ကျမတို့ (ဒီနေ့အတွက်ဆရာတာဝန်ယူမယ့် နိုင်ငံအသီးသီးမှလူများ)က အရှေ့ထွက်ပြီး ကိုယ့်ကိုကိုယ့် မိတ်ဆက်ရပါတယ်။ အားလုံးမိတ်ဆက်ပြီးသွားတော့ ကျောင်းသားတွေက ကိုယ့်အတန်းကိုပြန်သွားကြပြီး ကျမတို့ဆရာ၊ ဆရာမတွေက ကျောင်းသားခေါင်းဆောင်နဲ့ အတူ ကိုယ့်သင်ကြားရမယ့် အခန်းကို ချီတက်ခဲ့ကြတော့တာပေါ့။ လမ်းမှာတော့ သုံးယောက်သား တိုင်ပင်တုန်း။ ”ဘယ်သူ အရင်စပြောမလဲလို့၊ ဘာပြီးရင် ဘာပြောမယ်“ စသဖြင့်တို့ကိုပေါ့။

သင်ကြားရမယ့်အခန်းကို တော့ ရောက်လာပါပြီ။ :z ကျမ က အခန်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြူးတူးကြောင်တောင် နဲ့ ကျမတို့ကို ကြည့်နေတဲ့ ကလေးတွေကို မြင်တော့ ဟိုနှစ်ယောက်ကို ပြောရတော့တာပေါ့။ "ကျောင်းသားတွေကတော့ ငါတို့ကို စိတ်ဝင်စားနေပြီ။ "ပြမယ့်ပစ္စည်း ၊ ရှင်းပြမယ့်ပစ္စည်းတွေ ထုတ်ကြရအောင်နော်"လို့ ပြောလိုက်တော့ ဟိုနှစ်ယောက်ကလည်း "အေး"တဲ့။ ဒါနဲ့၊ ပြောပြောဆိုဆို ထုတ်စရာရှိတာထုတ်ရင်းနဲ့ စပြောရမယ့် အကြောင်းအရာကို အမြန်တိုင်ပင်လိုက်ကြပါတယ်။ :d

အရင်ဆုံး မဲပေါက်တာက အဖွဲ့ထဲမှာ တစ်ယောက်တည်းပါလာတဲ့ ကောင်လေးလေ။
သူက မြန်မာနိုင်ငံအကြောင်းကို ကမ္ဘာ့မြေပုံနဲ့တကွ ရှင်းပြလိုက်တယ်။ {ကလေးတွေက မြန်မာနိုင်ငံဘယ်မှာရှိမှန်းတောင် မသိဘူးလေ။} :p မြန်မာ့ရာသီဥတုအကြောင်းကို ဂျပန့်ရာသီဥတုနဲ့ ယှဉ်ပြီး ရှင်းပြရသေးတယ်။ သူက စာရှင်းတော့ ကောင်းတယ်ရှင့်။ စကားတစ်ခွန်းပြောလိုက် ၊ ရယ်စရာပြောလိုက်နဲ့ အစတုန်းကနိုင်ငံခြားသားတွေဆိုပြီး ရှိန်နေ ၊ကြောက်နေတဲ့ ကလေးတွေတောင် သူ့အပြောအောက်မှာ တဟားဟား ရယ်လို့။ ;) သူရှင်းနေတုန်း ကျမနဲ့ ကျမသူငယ်ချင်းက ဘေးကလိုတာတွေ ဝင်ပြောလိုက်၊ ဘာလိုက်နဲ့ ဝင်ဖောရတာပေါ့နော်။ ;) နောက်ပြီးဆက်ပြောမယ့် အကြောင်းအရာတွေ အတွက်လည်း ပြင်ဆင်ရသေးတယ်ရှင့်။

သူက ရာသီဥတုအကြောင်းရှင်းပြပြီးတော့ ပွဲတော်တွေ အကြောင်းရှင်းပြဖို့ ကျမသူငယ်ချင်းက တာဝန်ယူပါတယ်။ မြန်မာသင်္ကြန်ပွဲတော်ဆိုတာ ကျမတို့မြန်မာတွေအတွက်တော့ မသိသူမရှိတဲ့ တစ်နိုင်ငံလုံးကျွတ်၊ တစ်ပြည်လုံးသိတဲ့ ပွဲတော်တစ်ခုမဟုတ်လားရှင်။ အဲ့ဒီပွဲတော်အကြောင်းကို ဓာတ်ပုံတွေနဲ့ တကွ ပြသပြီး ရှင်းပြခဲ့ပါတယ်။ ရာသီဥတုနဲ့ တွဲပြီး ရှင်းပြလိုက်တာ ကလေးတွေမှာ ပါးစပ်အဟောင်းသားနဲ့ အံ့တွေဩပြီး "သူတို့လည်း အဲ့ဒီပွဲတော်ကို ဆင်နွှဲချင်ပါတယ်တဲ့။"" ဂျပန်မှာ အဲ့ဒီပွဲတော်ရှိရင် ကောင်းမှာပဲ............တဲ့။ "
ကျမတို့ ရှင်းပြလိုက်တာက ဒီလိုလေ။ {သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံရဲ့ အပူဆုံးလမှာ ကျင်းပခဲ့ပြီး အပူဆုံးအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်ရေပတ်ကစားကြပေမယ့် အပူရှပ်ပြီး သေတဲ့လူ တော်တော်နည်းပါးပါသည်လို့။ မြန်မာ သင်္ကြန်ပွဲတော်ရဲ့ ထူးခြားချက်လို့ ပြောနိုင်ပါသည်လို့။ }အဲဒါ ကလေးတွေက တော်တော်ကြိုက်သွားကြပါတယ်။ သူတို့ ဂျပန်မှာလည်း (7)လပိုင်း၊ (8)လပိုင်းဆို အရမ်းပူတာလေ။ ဒီတော့ သူတို့လည်း သင်္ကြန်ပွဲတော်လုပ်ချင်မှာပေါ့။ အပူတွေကို အေးငြိမ်းချင်မှာပေါ့ရှင်။ ;)

ကလေးတွေက အလွန်ဆုံးရှိမှ (12)နှစ်~(14)နှစ်လောက်လေ။ ငယ်သေးတော့ ကြီးကြီးကျယ်ကျယ်တွေ ပြောလည်း သူတို့နားလည်မှာ မဟုတ်ဘူးလေ။ ကျမတို့မှာ သူတို့နားလည်မယ် ထင်တဲ့အကြောင်းအရာလေးတွေကို သူတို့စိတ်ဝင်စားအောင် ပြောရတာ စိတ်ပင်ပန်းလိုက်တာ အရမ်းပဲ။ :(

ပွဲတော်အကြောင်းပြီးတော့ စာသင်ပေးရသေးတယ်။ မြန်မာစာလေ။ မြန်မာစာကို သူတို့ဂျပန်ဘာသာနဲ့ ယှဉ်ပြီး ပြောပြလိုက်ပါတယ်။ ဂျပန်စာနဲ့ မြန်မာစာရဲ့ သဒ္ဒါက မယုံချင်စရာကောင်းလောက်အောင်ကို ဆင်တူလွန်းလှပါတယ်။ ဥပမာ၊
ကျနော်သည် ကျောင်းသို့ ကားဖြင့် သွားသည်။ အဲဒါကို ဂျပန်လို့ ရေးရင်
私は     学校へ  車で 行きます。လို့ ရေးပါတယ်။
"စာကြောင်းတည်ဆောက်ပုံ အတူတူပဲမလို့ ကျမတို့ဂျပန်စာသင်တုန်းကလည်း အခက်အခဲသိပ်မရှိခဲ့ပါဘူး" လို့ ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ရှင်းပြရပါတယ်။ ပြီးတာနဲ့ နှုတ်ဆက်စကားလေးတွေ၊ ကလေးတွေ သိချင်တဲ့ အကြောင်းအရာလေးတွေကို မြန်မာလို့ သင်ပေးလိုက်ပါတယ်။ သူတို့ရဲ့ နာမည်တွေကို စာရွက်အလွတ်တစ်ရွက်မှာ လိုက်ရေးပေးခဲ့ပါသေးတယ်။ ကျန်တဲ့ စာလုံးတွေကိုတော့ ကိုယ့်ဟာကို ရေးစေခဲ့ပါတယ်။ အမှားအမှန်လိုက်စစ် ၊ မရေးတတ်တဲ့ စာလုံးဆို ပြင်ရေးပေးပေါ့။ သုံးယောက်စလုံးမှာ ဟိုကခေါ်လိုက် ၊ ဒီက ခေါ်လိုက်နဲ့ လက်လည်း မအားပါ။ ဟိုသွား၊ဒီသွားနဲ့ ခြေထောက်လည်း မအားရပါ။ ဟူး ................မောမှ မော။

ဆက်ရန်။
မကြာမီလာမည်။
မျှော်

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Unknown said...

ဂျပန်မလေး..
ဆက်ရန်ရှိရင် ဆက်ရေးပါ။ ဆက်ဆက်စောင့်ဖတ်နေပါမယ်။

Anonymous said...

အံမယ် တယ်ဟုတ်ပါလားဗျ အဂ်လိပ်စာရော မသင်ကြဘူးလား မေးလိုက်ပါ။ ဆရာကြီးအိမ်ကိုယ်တိုင် သင်ပေးမှာလို့

mgngal said...

အလာကြီးပါလား BEd မီမီဂု က။ :P
ကောင်းပါတယ်။အခြားနိုင်ငံကသူတွေကို ကိုယ့်နိုင်ငံရဲ့ 
ယဉ်ကျေးမှုတွေ သိအောင် ဆောင်ရွက်နိုင်တဲ့ အတွက် ။:)
ဂုဏ်ယူပါတယ်ဗျာ။
ဆက်ရန်ကို မျှော်နေမယ်ဗျ။ :D

khin oo may said...

ရေကလေးသောက်လိုက်ပါဦး ချာမ။

Anonymous said...

သယ်ရင်း ဂလု ဂလု အဲ့လေ ဂုဂု :P
ချာမ အတွေ့အကြုံလေး ဖတ်သွားတယ်နော် ..
ကောင်းတယ် အဲ့လို မြန်မာဆိုတာ ဘာလဲဆိုတာ
ရှင်းပြနိုင်တာ အရမ်းကောင်းတယ် ..
ဂုဏ်ယူပါတယ်ဗျာ ..
ဒီမှာ ကျောင်းမတက်တော့ပဲ သယ်ရင်းဆီမှာပဲ
ကျောင်းလာတက်လိုက်ရင် ကောင်းမလား မသိဘူးနော် :P
( စားရိတ်ငြိမ်းနော် :P :P )

စိုင်းစိုင်းလားရှိုး said...

ချာမကြီး မင်္ဂလာပါနော်
တော်တယ်ဗျာ ဂုဏ်ယူတယ်
အများကြီးရေးပါဦး ဒါမှ ကိုယ့်မြန်မာ
ကိုယ့်နိုင်ငံ လူတွေသိမှာ

ဇင်ယော် said...

ဆရာမလေးရေ...ကိုယ်နိုင်ငံနဲ့  ကိုယ့်ယဉ်ကျေးမှုအကြောင်းကို တခြားသူတွေ သိအောင် ခုလို ဖြန့် ဝေပေးနိုင်တာ ဂုဏ်ယူပါတယ်ဗျာ။

 

Design By:
SkinCorner