Saturday, October 4, 2008

တစ်နေ့တာ အလယ်တန်းပြဆရာမ(3)

မြန်မာစာသင်ပေးပြီးတော့ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေအကြောင်းကို Video ပြပြီး ရှင်းပြခဲ့ပါတယ်။ သူငယ်ချင်းယူလာတဲ့ အခွေလေးနဲ့ အဆင်ပြေခဲ့ပါတယ်။ သူတို့ သိချင်တာလည်းတွေရှိရင် ခဏရပ်ပြီး ရှင်းပြရတာပေါ့။ တစ်ခါတစ်လေ ရှာရှာဖွေဖွေမေးရင် သုံးယောက်သားမှာ မျက်လုံးပြူးမျက်ဆံပြူး တစ်ယောက်မျက်နှာ ၊ တစ်ယောက်ကြည့်ရင်း သူရှင်းနိုး၊ ငါရှင်းနိုး လုပ်ကြရသေးတယ်သိလား။ နောက်ဆုံးတော့လည်း တစ်ယောက်တစ်လှည့် ရှင်းလိုက်ရတာ တစ်ကယ်ပဲ စစ်စစ်ပေါက်ပေါက်မေးတဲ့ ကလေးတွေ။ ဟွန်း။

မြန်မာတေးဂီတ အကြောင်းရှင်းပြချင်ပေမယ့် တစ်ယောက်မှ ရှေးသီချင်းခွေတွေ မရှိဘူးလေ။ သိကြတဲ့အတိုင်း နားထောင်လိုက်ရင် Rap , HipHop ပဲဆိုတော့။ :p Internetကလည်း သုံးလို့မရဘူးတဲ့။ CD နဲ့ ယူလာရင်တော့ ရတယ်တဲ့။ အခြေခံပညာအလယ်တန်းကျောင်းဆိုတော့ အခန်းတိုင်းမှာ Internetသုံးလို့မရဘူးလေ။ အစကတော့ Laptop ယူသွားပြီး စက်ထဲမှာ ရှိတဲ့ သီချင်းတွေ ဖွင့်ပြမလို့ပဲ။ ဟိုကောင်လေးက "သူ CD ယူလာခဲ့မယ် အမ" လို့ ပြောလို့ မယူသွားဖြစ်ခဲ့ဘူး။ သူက ယူတော့ ယူလာပေးပါတယ်။ တစ်ကယ်တမ်း ဖွင့်လည်း ဖွင့်ကြည့်ရော၊ ဘာဖြစ်လို့လည်း မသိဘူး။ ဖွင့်လို့ မရ၊ ဘယ်လိုပဲ ကြိုးစားကြိုးစား ဖွင့်လို့ မရခဲ့ပါ။ ဒါနဲ့ ကျမတို့မှာ ပါးစပ်နဲ့ပဲ ရှင်းပြခဲ့ရတော့တယ်။ မြန်မာ့ဂီတအဆင့်မနိမ့်ကြောင်း ကြွားခဲ့တာပေါ့နော်။ ;)

အဲ၊ ဟိုနှစ်ယောက်က အကအကြောင်းလည်း ပြောပြချင်ကြသေးတယ်တဲ့။ သူတို့ နှစ်ယောက် က ဒီတိုင်း ပြောပြချင်တာ မဟုတ်ဘူးရှင့်။ လက်တွေ့ကပြချင်တာတဲ့။ "ဪ၊ဟုတ်လား ကောင်းတာပေါ့" လို့ ကျမက မြှောက်ပေးလိုက်သေးတယ်။ ;) ဘယ်ဟုတ်မလဲ၊ ကိုယ်တော်ချောက ။ "အမတို့က မိန်းကလေးတွေဆိုတော့ အမတို့ နှစ်ယောက် ကကြပါတဲ့။ သူ ဦးစားပေးပါတယ်တဲ့........."လေ။ ကောင်းရော။ :( ဟို သူငယ်ချင်းကလည်း ကိုယ်တော်ချောပြောတဲ့စကားကို အပြည့်အဝ ထောက်ခံတယ်သိလား။ ဒါနဲ့၊ ကျမမှာ နှစ်မဲတစ်မဲနဲ့ ရှုံးသွားပြီး ကလေးတွေရှေ့မှာ မကတတ်ကတတ်နဲ့ သူငယ်ချင်းကသလို လိုက်ကပြရတော့တာပေါ့။ ကိုယ် ကောင်းကောင်းမကတတ်တာကို လူတွေက ဝိုင်းကြည့်နေတော့ ရှက်လိုက်တာ။ :c ကနေရင်း အကြံရသွားတယ်။ ကောင်မလေးတွေကိုပါ အတူတွဲကခိုင်းရင် မကောင်းဘူးလားဆိုပြီးလေ။ ချက်ချင်းပဲ အကြံကို အကောင်အထည်ဖော်တဲ့ အနေနဲ့ ကလေးတွေကို လှမ်းခေါ်လိုက်တယ်။ "အတူကကြရအောင်၊ သင်ပေးမယ်"လို့။ ကလေးတွေကလည်း ကျမတို့ စပြီးကကတည်းက စိတ်ဝင်စားနေတာဆိုတော့ နှစ်ခါလောက်ခေါ်လိုက်တာ ကလေး ငါးယောက် အရှေ့ရောက်လာတယ်။ သူတို့ငါးယောက်နဲ့ ကျမတို့ နှစ်ယောက် စည်းမညီ ဝါးမကျနဲ့ စည်းစည်းလုံးလုံးပဲ မြန်မာအကကို ကခဲ့ကြပါတယ်။ ;) ရင်းရင်းနှီးနှီး ဂျပန်ကလေးတွေနဲ့ ကခဲ့ဖူးတဲ့အကြောင်းလေးကို တစ်သက်မမေ့နိုင်ပါဘူး။

တစ်ကယ်တော့ ကျမမှာ ဂျပန်ရောက်တည်းက ကလိုက်ရတဲ့ မြန်မာအက။ တစ်ခါမှ လက်တွေ့ကျကျမသင်ဘူးပေမယ့် ငါးခေါက်လောက် ကခဲ့ဖူးတယ်ရှင့်။ (ကံဆိုးချက်များပြောပါတယ်။) ဒီတစ်ခါနဲ့ဆို ခြောက်ခေါက်မြောက်ပေါ့။ မြန်မာအကက တော်တော်ခက်တယ်ရှင့်။ ပျော့ပျော့ပြောင်းပြောင်းကရတာ ကျမနဲ့တော့ လုံးဝမကိုက်။ ဟိ ဟိ မြန်မာအကတင်မဟုတ်၊ အနောက်တိုင်းအကလည်း မကတတ်ပါဘူး။ အဲလို အကမှာပါရမီရှိတာလေ။ ;) အနောက်တိုင်းအက မကတတ်လို့ ကိုရီးယားသွားတုန်းက ဒုက္ခရောက်ခဲ့ဘူးတယ်သိလား။

ပြောရင်း ပြောရင်း လမ်းကြောင်းတွေပြောင်းကုန်ပြီ။ ဇာတ်လမ်း ပြန်ဆက်အုန်းမှ။ :z
နောက်ဆုံးအစီအစဉ်က ကလေးတွေကို မြန်မာရိုးရာဝတ်စုံလေးတွေ ဝတ်ပေးမယ့် အစီအစဉ်ပါ။ ကျမမှာ မြန်မာဝတ်စုံ (6)စုံရှိတယ်လေ။ အိမ်ကို မှာပြီး ဒုက္ခပေးထားတာ။ ကျမက တစ်စုံဝတ်ပြီး ကျန်တဲ့ဝတ်စုံတွေကို ကလေးတွေကို ပေးဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဟိုကောင်လေးက သူ့မှာရှိတဲ့ ယောင်္ကျားဝတ်ဝတ်စုံတွေကို ကောင်လေးတွေကို ဝတ်ပေးဖို့ တာဝန်ယူပြီး ကျမတို့နှစ်ယောက်က ကောင်မလေးတွေကို ဝတ်ပေးဖို့တာဝန်ယူခဲ့ပါတယ်။ ကိုယ့်မှာရှိတဲ့ အဝတ်အစားကို သူတို့လေးတွေကို ပေးဝတ်ရတာဆိုတော့ သူတို့အတွက် နည်းနည်းတော့ ကြီးနေတာပေါ့နော်။ မတတ်နိုင်ဘူးလေနော်။ "ကလေးတွေက ဒီအစီအစဉ်ကို သူတို့အကြိုက်ဆုံးပဲတဲ့။ မြန်မာဝတ်စုံဝတ်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်တဲ့။ မြန်မာပြည်ကို အလည်လာချင်ပါတယ်တဲ့။မြန်မာဝတ်စုံလည်း ထပ်ဝတ်ကြည့်ချင်ပါသေးတဲ့။ "ကျမတို့ ဓာတ်ပုံရိုက်နေတုန်း တစ်ယောက်တစ်ပေါက် လှမ်းပြောကြပါတယ်။

ပုဆိုးလေးနဲ့ ဂျပန်ကောင်လေးတွေ ခန့်လား။ ;)
မြန်မာဝတ်စုံလေးနဲ့ ဂျပန်မလေးတွေ လှလား။ ;)
ဆက်ရန်။
မကြာမီလာမည်။
မျှော်

11 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

လှလိုက်တာဗျာ ဟီး ဒါပေမဲ့ ပုံပေါ်က စာတမ်းကြီးက
ရှုပ်နေတော့ ကောင်းကောင်း ကြည့်လို့ ရဘူး
ချစ်စရာလေးတွေနော် ဟိဟိဟိ

မိုးပြေး said...

ဆရာမလေးရေ..မဂ်လာပါ..
ဆရာမလေးကလည်းကတက်တယ်ပေါ့လေ။ :)
မြန်မာဆိုတာ ဘယ်လိုရှိတယ်။ဘယ်လိုယဉ်ကျေးမှုတွေရှိ
တယ်ဆိုတာကို သူ့ တို့ တွေရင်ထဲကိုရောက်အောင်
လုပ်နိုင်တာကိုက ကျွန်တော်တို့ က ၀မ်းသာပါတယ်ဗျာ။
မျှော်နေမယ်နော်........

ကိုဥာဏ်(စက်မှု) said...

အဖြူနဲ့ဟာကတော့ မယ်ဂုမိ ထင်ပါရဲ့ .. ဟုတ်တယ်ဟုတ် .. မြန်မာစတိုင်က အထင်းသားပဲ ဟီဟီ

megumi said...

ကျမ ဟုတ်ပါဘူးရှင်။ ဟွန်း၊ ကိုဥာဏ်(စက်မှု)ကတော့ လုပ်တော့မယ်။ အကုန်လုံး ဂျပန်မလေးတွေချည်းပဲ။ ;) ;)

mgngal said...

လိုက်ရှာနေတာ။ ဟီးဟီး ဘယ်ဂျောင်ကပ်နေတာလည်း
ဆရာမက ။ မာတောင့်တောင့်ကြီး ကနေမှာကို့ မြင်ယောင်
သေးတယ်။ နောက်တစ်ပိုင်း ကျရင် ကနေတာလေးတွေပါ
တင်ပါ ။ ဒါပဲ ဟီးဟီး နောက်တာ အတည် ။အဆင်ပြေရင်..။
:P

megumi said...

ဟိ ဟိ၊ ဆရာမပုံတင်လိုက်ရင် စာဖတ်သူတွေ နောက်မလာရဲတော့မှာစိုးလို့ပါ မောင်ငယ်လေးရဲ့။ ;) :p

အရုပ်ကလေး said...

ညီမပုံ ပါမယ်ထင်တယ် မြန်မာအကလေးကို မြန်မာသူလေးကတော့ အဆင်သင့်လို့ အကျိုးပြုကြမှာပါ
မြန်မာအက ရှာကြံမရ
တို့တိုင်းပြည်မှာသာ ရှိသဗျ
တိုင်းတစ်ပါးကို ရောက်စဉ်ခါ
ကပြမည်သာ အမှန်ပါ
ကိုယ်ဟန်နွဲ့နှောင်း ဟန်ပန်ပြောင်း
မီဂူးလေးက အကကောင်း ..
ဟိဟိ ကတာ မမြင်ဖူးပဲနဲ့မျာနော်..

စိုင်းစိုင်းလားရှိုး said...

မယ်ဂုမိက နိုင်ငံအကျိုး သယ်ပိုးတယ်လို့
ဂုဏ်ယူစွာနဲ့ မှတ်တမ်းတင်အပ်ပါတယ်

ဇင်ယော် said...

အဟဲ ဆရာမက မြန်မာအကလည်း ရတယ်လား။ အဲဒါလေးလည်း တင်ပေးလေဗျာ။ ဘယ်လိုပဲကက သူတို့ လေးတွေရဲ့ အသိမှာ မြန်မာဆိုတာ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့  ရပ်တည်နေတဲ့တိုင်းပြည်ဆိုတာ သိသွားရင်ကို ကျေနပ်ပြီဗျ။

Anonymous said...

တယ်ရင်း သူတို့ ဘာလို့ လက်ညှိုးလေးတွေ ထောင်ထားတာလဲဟင် အဟီး :P :P
နောက်တာပါ :P

megumi said...

အဲဒါ Peace signလေ။ ငြိမ်းချမ်းရေး။ :p ဂျပန်မှာ အုပ်စုလိုက်ဓာတ်ပုံရိုက်ရင် ကြီးကြီးငယ်ငယ် အဲလိုလေးးလုပ်ကြတယ်လေ။တယ်ရင်း မိုးသောက် ရေ။ ;)

 

Design By:
SkinCorner