Tuesday, October 14, 2008

"သေတစ်နေ့ မွေးတစ်နေ့"

သေခါနီး (10)ရက် အလိုမှာ ဘာလုပ်မှာလဲ.......တဲ့။
"မေးမှ မေးတတ်ပါပေ့" လို့ ဖြေလိုက်ရရင် ကောင်းမလားပဲ။ :z ဟုတ်တယ်လေနော့။ ရှာရှာဖွေဖွေ မေးပဲမေးတတ်တယ်။ "ဘုရားမှ မဟုတ်တာ" ဘယ်လို လုပ်ပြီး သေမယ့် ရက်ကြီးကို ကြိုသိနိုင်မှာလဲ။ :d ဒါကို ကြိုတင်စဉ်းစားခိုင်းထားတယ်ဆိုတော့ ဟင့် ဟင့်။ မမဝါ TAG ကတည်းက မရေးချင်လို့ ဟိုရှောင် ဒီရှောင် ရှောင်လင်သိုင်းသုံးနေတဲ့ TAG postကို ဆရာကြီးအိမ်က ထပ် TAGလိုက်တယ်တဲ့။ မမမြရွက်ကလည်း အဖော်လေးရမလား အောင့်မေ့တယ် Commentမှာ ဖြေပြီးပြီဆိုတော့ အဖော်လည်း ရှိတော့ဘူး။ ဟင့် ဟင့်။ ပေါက်တဲ့နဖူး မထူးတော့ပါဘူးလေ။ ရေးရတော့မှာပေါ့ မေးရက်လေသူကြီး နှစ်ယောက်ရေ။



"သေတစ်နေ့ မွေးတစ်နေ့"

လူဆိုတာ မွေးဖွားလာခဲ့ပြီးမှတော့ အချိန်မရွေး သေသွားနိုင်တဲ့ အမျိုးပါ။ မွေးပြီးပြီးခြင်း သေသွားတဲ့ မွေးကင်းစ ကလေးလေးတွေ ရှိသလို အသက်(80)လောက်အထိ ကျန်းကျန်းမာမာနဲ့ နေသွားနိုင်တဲ့ လူတွေလည်း ရှိပါတယ်။ ဗုဒ္ဓဘာသာ အယူအဆအရ ပြောရမယ်ဆိုရင် အရင်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကြောင့် အခုဘဝမှာ အကျိုးခံစား၊ စံစားနေကြရတယ်မဟုတ်လား။ သေခြင်းတရားနဲ့ ပတ်သတ်ပြီးလည်း ထို ပြုခဲ့တဲ့ ကံတွေကြောင့်ပဲ သေဆုံးနည်းမျိုးစုံ ကွဲပြားကြပါတယ်။ တစ်ချို့ကြတော့ ရောဂါဝေဒနာ မခံစားရပဲ သေသွားကြပါတယ်။ တစ်ချို့ကြတော့ နှစ်ရှည်လများ ရောဂါဝေဒနာ ခံစားရပြီး သေသွားရပါတယ်။ တစ်ချို့ဆို လူ့ဘဝထဲ ဝင်လာတယ်ဆိုရုံလေးမှာတင် ပြန်ထွက်သွားကြရပြန်ပါတယ်။ တစ်ချို့ကြတော့ အမျိုးမျိုးသောအန္တရာယ် ကြောင့် အသက်ဆုံးရှုံးရပြန်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် လူတိုင်းကတော့ တစ်နေ့သေကြရမှာပါ။

ဟုတ်ပြီ။ သေမှာကတော့ သေချာနေပြီ။ မသေခင်မှာ ဘာလုပ်သင့်ပါသလဲ။ :d ကိုယ်လုပ်သင့်တဲ့ လုပ်ထိုက်တဲ့ကိစ္စကို ဆောင်ရွက်သွားပါမှ အသေဖြောင့်ကြမှာပါ။ သေခါနီး တစ်ခုခုကို စွဲလမ်းပြီး သေသွားခဲ့ပါလျှင် နတ်ပြည်ရောက်ဖို့ထက် ငရဲပြည်ရောက်ဖို့က ပိုများပါသည်။ ငယ်ငယ်တုန်းက ဖတ်ဖူး၊ ကြားနာဖူးသော ပုံပြင်၊ ဇာတ်နိပါတ်တော်များတွင် သေခါနီး တစ်ခုခုကို စွဲလန်းစွာ အသေမဖြောင့်သောသူများသည် ငရဲ၊ ပြိတ္တာ၊ အသူရကယ်ဘုံသို့သာ သွားကြရတာများပါသည်။

ထိုသို့သော ပုံပြင်များကို ကြားဖူး၊နာဖူးသော ကျမသည် မသေခင် တစ်ခုခုကို စွဲလန်းရမှာ အရမ်းကြောက်ပါသည်။ ကျမတွင် အခုလက်ရှိ ချက်ချင်းသေစေလောက်သော ကြီးကြီးမားမားရောဂါ၊ "ဘယ်ရက်လောက်ကို မှန်းပါတယ်"ဟု ဆရာဝန်က ပြောကြားရလောက်သော နာတာရှည်ရောဂါတို့ကို စွဲကပ်မနေပါ။ ထို့ကြောင့် ဘယ်နေ့သေသွားနိုင်သလဲကို ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါ။ သာမန်လူသားတစ်ယောက်သာ ဖြစ်သော ကျမသည် ကိုယ့်သေနေ့ကို သိရလောက်အောင် အစွမ်းမထက်ပါ။ မခန့်မှန်းနိုင်ပါ။ ကျမသိသည်မှာ အချိန်မရွေး သေသွားနိုင်သည်ဆိုတာပဲ ဖြစ်သည်။

ထိုသို့ မှတ်ယူလက်ခံထားသောကြောင့် လုပ်သင့်လုပ်ထိုက်သောကိစ္စအဝဝကို နေ့မဆိုင်း၊ညမဆိုင်းပဲ အတတ်နိုင်ဆုံး လုပ်ကိုင်ဆောင်ရွက်လေ့ရှိပါသည်။ ဆောင်ရွက်နိုင်ရန်လည်း ကြိုးစားနေပါသည်။ နောင်တဆိုတာ နောင်မှ ရလေ့ရထရှိသည့်အတိုင်း နောင်တမရရလေအောင် ကြိုးစားနေပါသည်။ သေခြင်းတရားအား ရင်ဆိုင်နိုင်ရန် နေ့စဉ်နှင့်အမျှ အားမွေးကာ ကိုယ်လုပ်သင့်သော ကိစ္စများကို လုပ်ကိုင်ရင်းဖြင့် စောင့်စားနေပါတော့သည်။


မှတ်ချက်၊ ဓာတ်ပုံကို Search Engine မှ ရယူသည်။ ;)

14 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

HAPPY CLOUD said...

သေခြင်းနဲ့ ပက်သက်လို့ ရေးထားတာလေး သဘောကျပါတယ်... လူငယ်ဆိုပေမယ့် လူကြီးဆန်ဆန် တွေးခေါ်ရေးသားထားတဲ့ အတွက် လူငယ်ထုကိုယ်စား ဂုဏ်ယူတယ်ဗျာ.. :)

Anonymous said...

မှန်လိုက်တဲ့ စကားလေးတွေ
ဒေါင်ကနဲ ဒေါင်ကနဲပဲ ..
သေတဲ့ အချိန်မှာ နောင်တ မရမိအောင် လုပ်စရာရှိတာ အကုန်သာ လုပ်သွားတာ အကောင်းဆုံးပါပဲလေ ..
သယ်ရင်း ဂလုဂလု .. အိမ်ဘက်ကို မရောက်တာကြာပြီနော် အလည်လာခဲ့ဦး

စိုင်းစိုင်းလားရှိုး said...

သေခြင်းတရား
ကြိုလည်းမသိ
သိခဲ့သော်လည်း
ရှောင်လွဲမရ
ရင်ဆိုင်ရမည်
အသေမဦးခင်
ဥာဏ်ဦးအောင်
ကြိုးစား၍
အားထုတ်ပါတော့မည်
မိုးကုတ် ၀ိပဿနာ
တရားစခန်းရဲ့
သွန်သင်ဆုံးမစာပါ

WWKM said...

ပို့စ်လေး ရေးပေးတာ ကျေးဇူးတင်ပါတယ် ညီမလေး။
ကျန်းမာပျော်ရွှင် အဆင်ပြေပါစေ။
ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ နော် ညီမလေး ။
ဘုရားရှစ်ခိုး ၊ မေတ္တာသုတ်ရွတ် ဟုတ်လား။
အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေ ဂုဂု ရေ။

ခင်မင်လျှက်
မမ၀ါ

Anonymous said...

မသေခင် ကုသိုလ်ကောင်းမှု့လေးတွေ ရအောင် မယ်သီလရှင်ဝတ်ပါ့လား ဂျပန်မှာ...ဂွတ်တယ်နော် ၀တ်ကြည့်..:D

puluque said...

ဂူးဂူးရေ..ဂူးဂူးကို ပိုလေးစားသွားပြီး။ ခံယူချက်နဲ့ပက်သက်လို့ပေါ့

ကိုဥာဏ်(စက်မှု) said...

အခုလိုဆိုတော့လည်း ဂျပန်မလေးက ဘယ်ဆိုးလို့တုန်း လုပ်တတ်သားပဲ ရုပ်တည်ကြီးနဲ့ ..

Dr Phyo Wai Kyaw said...

ညီမလေးပြောတာလည်းဟုတ်တယ်ဗျ
ကိုရှင်ရဲထွတ်ပြောတာလည်း ဟုတ်တယ်ဗျ
ကျေးဇူးတင်ပါတယ်ဗျာ
မှတ်သားသွားကြောင်းပါ

Unknown said...

ညီမလေး..
ရေးထားတာ ကောင်းပါတယ်။ သေခြင်းတရားကို သမထ အားကောင်းလို့ ကြိုသိတာတွေတော့ရှိတယ်။ များသောအားဖြင့်တော့ မသိတာကများပါတယ်။ အဓိက နေ့စဉ်၊ နေစဉ် ကောင်းမှုတွေလုပ်နေဖို့ပါဘဲ။ အစွဲကတော့ ဘာအစွဲမှ ထားလို့ မကောင်းဘူး။ အစွဲကြီးရင်တော့ သံသရာလွတ်ဖို့ မလွယ်ဘူး။ ဒါန၊ သီလ ကောင်းမှုတွေလုပ်သလိုဘဲ။ ၀ိပဿနာ ဘာဝနာ အလုပ်တွေ အထိ လုပ်သင့်တယ် ညီမလေး။ တရားတွေလည်း နာပေါ့။ နောင်တ မရလိုက်ကြရအောင် လက်ရှိအချိန်မှာဘဲ လက်တွေ့ကျင့်ဖို့ အကြံပေးတယ်။ “သုမင်္ဂလော အယံကာလော” (လက်ရှိအချိန်သာ ကောင်းတဲ့အချိန်ပါပဲ) ။ နောင်တမရလိုက်ရအောင် ညီမလေး လည်း တရားဘာဝနာ နဲ့ ပျော်မွေ့နိုင်ပါစေ။ မွေ့လျော်ဖွယ်အားလုံးကို တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏တဲ့။ “သဗ္ဗရသံ ဓမ္မရသော ဇိနာတိ”
(အရသာအားလုံးကို ဓမ္မအရသာက အောင်နိုင်ရာ၏။)။
ပျော်ရွှင်ကျန်းမာပါစေ ညီမလေး။

Dream said...

နောင်တဆိုတာ နောင်မှ ရလေ့ရထရှိသည့်အတိုင်း နောင်တမရရလေအောင် ကြိုးစားနေပါသည်။ သေခြင်းတရားအား ရင်ဆိုင်နိုင်ရန် နေ့စဉ်နှင့်အမျှ အားမွေးကာ ကိုယ်လုပ်သင့်သော ကိစ္စများကို လုပ်ကိုင်ရင်းဖြင့် စောင့်စားနေပါတော့သည်။

အဲဒါအရမ်းကောင်းတယ်..ဒီပို့စ်လေးဖတ်ပြီး နောင်တ
မရအောင် အခုထဲကပြင်ဆင် ထားမယ်.... :) :)

ဝေလေး said...

မမဂုဂုရေ.. မှန်လိုက်တာ......
ခံယူထားတာလေးတွေလည်းသဘောကျတယ်.. :P

မိုးပြေး said...

ပိုစ့်လေးကတော့ အသိတရားလေးတွေကို ပိုရစေတယ်ဗျာ။မသေခင်မှာ ဘာလုပ်သင့်ပါသလဲ။ ကိုယ်လုပ်သင့်တဲ့ လုပ်ထိုက်တဲ့ကိစ္စကို ဆောင်ရွက်သွားပါမှ အသေဖြောင့်ကြမှာပါ။ သေခါနီး တစ်ခုခုကို စွဲလမ်းပြီး သေသွားခဲ့ပါလျှင် နတ်ပြည်ရောက်ဖို့ထက် ငရဲပြည်ရောက်ဖို့က ပိုများပါသည်။ မှန်ပါတယ်လို့ ဆိုတာထက် အဲ့ဒီအယူအဆကို ဗုဒ္ဒဘာသာဝင် အနေနဲ့ ငြင်းဖွယ်ရာမရှိဘူးလို့ ထင်ပါတယ်။ဘယ်နေ့သေသွားနိုင်သလဲကို ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါ။ဆိုတာက တော့မှန်တယ်ဗျာ။အရာရာကို ကြိုတင်ပြင်ဆင်ခဲ့ကြရမှာပေါ့ဗျာ။

Anonymous said...

ကောင်းလိုက်တဲ့ အတွေးအခေါ်နဲ့ အရေးအသားတွေဗျာ
လေးစားလောက်ပါရဲ့

Welcome said...

ဂျပန်မလေး
သေချာလေ့လာသွားပါတယ်၊ မှတ်ချက်ပြုဖို့ မရှိပါဘူး။ စာအရေးအသားညက်ညောလွန်းလို့ပါ။
လေးစားလျက်
ဝင်းဇော်

 

Design By:
SkinCorner