Saturday, January 10, 2009

ရောက်ခါစက အလွဲများ

ဂျပန်ရောက်ခါစတုန်းက အလွဲတွေချည်းပဲသိလား။ မမြင်ဘူး၊ မတွေ့ဘူးတာတွေပဲ တွေ့နေမြင်နေရတဲ့အပြင် တစ်ယောက်တည်း အိမ်ငှားနေတော့ သင်ပေး၊ပြောပေးမယ့်လူလည်း မရှိဘူးလေ။ ဒီတော့ ထင်တာမြင်တာတွေ လျှောက်လုပ်တာ။ :zပေါက်ကရတွေချည်းပဲ။ :p

စစချင်းရောက်တဲ့နေ့ကတော့အသိအမတစ်ယောက်ကလာကြိုပေးပါတယ်။ နာရိတာလေဆိပ်ကနေ ကျောင်းရှိတဲ့မြို့ကိုလာ၊ ပြီးတာနဲ့ ချက်ချင်းကျောင်းကို သွားပြီးအကြောင်းကြားရတာလေ။ တစ်ကယ်ဆို ကျောင်းက ဖွင့်နေပြီသိလား။ ကျမက နောက်ကျတာ။ (မြန်မာကနေ အလာနောက်ကျခဲ့ရတာလေ။ ဂျပန်က ဗီဇာချပေးရက်သားနဲ့။ ထားလိုက်ပါ။ အဲဒီအကြောင်းတော့ ပြန်ကိုမပြောချင်တော့ဘူး။ စိတ်နာလွန်းလို့။ အဟုတ်။ )

ကျောင်းကို ကျမရောက်ပြီဖြစ်ကြောင်း အကြောင်းကြားရပါတယ်။ ဆရာကရှင်းပြတဲ့ ကျောင်းရဲ့အခြေအနေ၊ စာမေးပွဲအချိန်ဇယားတွေကို ကြည့်ပြီး တော်တော်ငိုချင်သွားတယ်။ ဒီနေ့မှ ရောက်တယ်။ မနက်ဖြန် စာမေးပွဲတဲ့။ ဟင့် ဟင့်။ အတန်းခွဲစာမေးပွဲပေါ့နော်။ ကိုယ့်ရဲ့ အရည်အချင်း ဘယ်လောက်ရှိလည်းကို ဆုံးဖြတ်ပြီး အတန်းခွဲဖို့လေ။ တတ်နိုင်ဘူး။ ရောက်လာပြီးမှတော့ မီးစင်ကြည့်ကာရုံပဲ။ ကျောင်းက လိုအပ်တဲ့ကိစ္စတွေလုပ်ပြီးတော့ အိမ်ငှားဖို့ လိုက်ရှာရတော့တာပေါ့။ ဒီနေ့ကတော့ ကျောင်းက ထောက်ခံပေးတာနဲ့ ဟိုတယ်မှာ တည်းခွင့်ရပါတယ်။ (ဟိ ဟိ၊ လူမလာခင်ကတည်းက ဘိုကင်လုပ်ပြီးသားလေ။ :p )

ဒါပေမယ့်၊ နောက်နေ့ကျရင် နေဖို့အိမ်မရှိတာနဲ့ အသည်းအသန် အိမ်လိုက်ရှာရပါတယ်။ အသိအမက အဖော်လိုက်လုပ်ပေးတဲ့အပြင် ကျောင်းသူတစ်ယောက်က ပရဟိတအနေနဲ့ လိုက်ကူညီတဲ့အတွက် သိပ်အခက်အခဲမရှိပါဘူး။ အိမ်ပွဲစားရုံခန်းက လိုက်ပြတဲ့ အိမ် လေးငါးအိမ် ကြည့်ပြီးနောက်မှာတော့ ကျမနေချင်တဲ့ အိမ်လေးကို ရှာတွေ့ခဲ့ပါတယ်။ :z အိုကေ၊ အဆင်ပြေပြီ။ စာချုပ်ချုပ်မယ်လည်းဆိုရော ကျောင်းသားကဒ်ပြပါတဲ့။ ဟိ ဟိ၊ ကျောင်းသားကဒ်က မနက်ဖြန်မှ ရမှာ။ အခုလောလောဆယ် ပါတ်စပို့ပဲပါတယ်လို့ ပြောလိုက်တယ်။ အိမ်ပွဲစားလည်း မတတ်နိုင်တာနဲ့ အိုကေတဲ့။ ဒါနဲ့ ထပ်တောင်းပြန်တယ်။ ဘဏ်စာအုပ်တဲ့။ ဒီနေ့မှ ရောက်လို့ ဘဏ်စာအုပ်လည်း ရှိဘူးလို့။ ဟိ ဟိ၊ ပွဲစားလည်း စိတ်ညစ်ညစ်နဲ့ ဒါဆိုလည်း ဘဏ်ကနေ အိမ်လခပေးချေလို့ မရဘူး။ ဒီနေရာကို တစ်လတစ်ခါ သူသတ်မှတ်ထားတဲ့နေ့ လာပေးရမယ်တဲ့။ ဟုတ်ကဲ့ပေါ့။ အလုပ်ရှုပ်ပေမယ့် ကိုယ့်မှာမှ ဘဏ်စာအုပ်မရှိတာ သူပြောတာကို လက်ခံရမှာပေါ့။ ;)

ဒီလိုနဲ့ စာချုပ်ရဲ့ နောက်ဆုံးအဆင့်ကိုရောက်လာတယ်။ အဲဒီမှာ ကွိုင်တာပဲ။ လက်မှတ်တံဆိပ်တုံးမရှိဘူးလေ။ ဂျပန်မှာက လက်မှတ်တံဆိပ်တုံးက အရေးကြီးတယ်။ လူတိုင်းမှာ ရှိတယ်လေ။ လက်မှတ်အစား အဲဒီလက်မှတ်တံဆိပ်တုံး(ဂျပန်အခေါ်၊ အင်ကန်း 印鑑)ကိုပဲ ထုကြတာဆိုတော့ အဲဒါမရှိလို့ မဖြစ်ဘူး။ ကျမကလည်း ဘာဆိုဘာမှမပါလာတော့ ဒါလေးတော့လုပ်ပေးမှ ကောင်းမယ်လို့ ယူဆလိုက်တယ်။ အစ်မကို မေးကြည့်တော့လည်း နာရီဝက်လောက်ပဲ ကြာတာတဲ့။ ဒါနဲ့ ပွဲစားကို ပြောရတယ်။ အခုလောလောဆယ် လက်နဲ့ လက်မှတ်ထိုးပြီး လက်မှတ်တံဆိပ်တုံး(ဂျပန်အခေါ်၊ အင်ကန်း 印鑑)ရတာနဲ့ ချက်ချင်းလာထုပေးပါ့မယ်လို့။ သူကလည်း ရပါတယ်တဲ့။ ဒါနဲ့ပဲ အောင်မြင်စွာ အိမ်ငှားနိုင်ခဲ့ပါတယ်။ :z

အိမ်ကဘာပရိဘောဂမှ မပါပါဘူး။အခွံပဲ ရှိတယ်။ :p မီးချောင်းတောင် မပါဘူး။ အိမ်လခက တစ်လစာ၊ 敷金လို့ခေါ်တဲ့ အိမ်ပြန်အပ်ရင် ပြန်ရကောင်းရနိုင်တဲ့ စပေါ်သဘောမျိုး အိမ်ရှင်ကို ပေးရတာက လခတစ်လစာ၊ 礼金လို့ခေါ်တဲ့ အိမ်ရှင်ကို ပေးရတဲ့ပိုက်ဆံက လည်း လခတစ်လစာ၊ အဲဒီအပြင် ပွဲစားရုံးခန်းကို ပေးရတာက လခတစ်လစာ ။ အားလုံးပေါင်း တစ်လအတွက်တည်းနဲ့ လခလေးလစာပေးလိုက်ရပါတယ်။ ပါလာတဲ့ပိုက်ဆံတော်တော်ကုန်သွားတယ်။ ဟင့်ဟင့်။ ဒီကြားထဲ နိုင်ငံခြားသားကျောင်းသားဖြစ်တော့ ထောက်ခံပေးမယ့်လူလိုတယ်လေ။ ကျမတို့ ကျောင်းက ထောက်တော့ ထောက်ခံပေးပါတယ်။ ဒါပေမယ့် ထောက်ခံပေးခဆိုပြီး ပိုက်ဆံပေးရတယ်။ နှစ်သောင်းနီးပါးပေါ့။ :(

အိမ်ငှားပြီးသွားမှပဲ ထမင်းစားဖို့သတိရတော့တယ်။နာရီကြည့်လိုက်တော့ ည(7)နာရီရှိပြီ။ လေယာဉ်ပေါ်ကဆင်းဆင်းချင်း မနက်စာစားမလားလို့ လာကြိုပေးတဲ့အစ်မကပြောပေးမယ့် စိတ်လောနေတာနဲ့ မစားဖြစ်ခဲ့ဘူး။ ကျောင်းရောက်တော့လည်း အလုပ်တွေရှုပ်နေတာနဲ့ ထမင်းစားဖို့တောင် သတိမရခဲ့ဘူး။ အခု ကိစ္စဝိစ္စတွေအကုန်ပြီးသွားမှပဲ ထမင်းစားဖို့သတိရတော့တယ်။ ကျမကအမြဲတမ်းအဲလိုပဲ။ စိတ်ပူတာပဲဖြစ်ဖြစ်၊ စိတ်လောတာပဲဖြစ်ဖြစ်အစာစားလို့မရဘူး။ စားချင်စိတ်လည်းမရှိဘူး။ ဆာကို မဆာတာ။ လေမှလေ။ တေမှတေပဲ။ ;)

စားသောက်ပြီးတော့ဟိုတယ်အဝင်ဝအထိ လိုက်ပို့ပေးကြပါတယ်။ ရှက်ရှက်နဲ့ ပြောရရင် ဟိုတယ်မှာ တစ်ယောက်တည်း တည်းဖူးတာ ဒါပထမဆုံးပဲ။ မြန်မာနိုင်ငံမှာဆိုရင်တောင် တော်တော်ကြောက်တာ။ ဂျပန်လိုနေရာမျိုးမှာ တစ်ယောက်တည်း ၊ ဟိုတယ်မှာဆိုတော့။ ကြောက်လွန်းလို့ တစ်ညလုံး တစ်ရေးမှ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ခဲ့ရဘူးသိလား။ (အသံတစ်သံကြားတိုင်း ကိုယ့်အခန်းဆီပဲ လာနေသလိုလို ထင်မိလို့လေ။ ) ;)

နောက်နေ့က ပိုပြီးအလွဲတွေများတယ်သိလား။

(စကားချပ်၊ ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်လည်း ဆက်ရေးရအုန်းမှာ သိသိချည်းနဲ့ ဒီပို့စ်ကို အစပျိုးဖြစ်ပြန်ပြီ။ တော်တော်မကောင်းတဲ့ ကျမပဲနော်။ :z)

13 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

မလွယ်ပါ့လား ဂုစုတ်လေးရယ်..

သတ္တိတယ် ကောင်းပါ့လား..

ပွဲစားရိုက်မသွားတာ တော်သေးတယ်.

(ငါဆိုရင် ရိုက်သွားတယ်)

လေးစားပါတယ်..(ငါးပြန်နုတ်မယ်။)

:P

ပျံသန်းခြင်းရပ်ဝန်း said...

အလွဲတွေလာဖတ်သွားပါတယ်။
နောက်ထပ်ထပ်ပြီးမလွဲပါစေနဲ့တော့ညီမရေ...။

Anonymous said...

တော်တော်လွဲတဲ့ မယ်ဂုပဲ ။ ကိုယ်ကလဲ တော်တော်လွဲတဲ့ အထဲပါတယ် ။ နောက်မှ ရေးမယ် ။

နေ့အိပ်မက် said...

ဝမ်းသာလိုက်တာ မမရယ် မန့်လို့ရသွားလို့ ဒါမျိုးလုပ်ပေးလိုက်တာ ကျေးဇူးတအားတင်တာပဲ တကယ် တကယ်... အရင်ကဆို မမဆီလာလာပြီး ဖတ်၊ ပြီးရင် မန့်လို့လည်း မရ... ဆီဗုံးလည်း မရှိတော့ ပိုဆိုးတယ်.. ခုတော့ရသွားပြီ... :) どうもありがとう 印鑑の大切さを 学校に 勉強することがある。このように 面白いことを書いてくれてありがとう。

အိပ်မက်နိဒါန်း said...

အစ်မလည်းဒီလိုဘဲရောက်ခါစမှာ အလွဲတွေချည်းဘဲ..လေဆိပ်မှာ ကိုယ့်အိတ်ကိုသူများကမှား ယူသွားလို့ တစ်ညလုံးရေမချိုးရဘဲ နောက်တစ်နေ့အိတ်ပြန်ရတဲ့နေ့မှ ရေချိုးရတယ်..:P

စိုင်းစိုင်းလားရှိုး said...

ကြိုပြောမလို့ပဲ အဲဒီဟော်တယ်က သရဲခြောက်တယ်။ ထုစရာတုံးမရှိရင် နဖူးနဲ့သာထုပေးလိုက်လေ။ ခုရောလွဲသေးလား? လွဲတာလေးတွေ ဖတ်လို့ကောင်းတယ်။ ဆက်ရေးပါဦး။

khin oo may said...

go ahead.. willing to read

စာချစ်သူ said...

မမ ရေ မောင်လေးတို့လဲ အတူတူပဲလေ.. ဘန်ကောက်ရောက်တဲ့ ညက ရွာတွေလည်တာပေါ့..။
မမကမှ လာကြိုသူ ရှိသေးတယ်.. ပြန်တွေးရင် ငိုချင်တယ်.. တော်ပြီ ပြောပြတော့ဘူး..။
မမ ပျော်ရွှင်ချမ်းမြေ့ပါစေ.............။

Anonymous said...

သနားပါတယ် ကျွတ်စ် ကျွတ်စ်
ငါ့ကိုပါ အိမ်လခ တစ်လစာ ပေးရဦးမှာနော် ..
ဒါပေမယ့် ထားလိုက်ပါ ဒီလောက်တော့ လျှော်လိုက်လို့ ရပါတယ် အဟဲ ..
နင်က ဟိုတယ်မှာ တစ်ယောက်တည်း ကြောက်တယ်ဆိုတော့ အခုရော ဘယ်နှယောက် နေလို့လဲ ...
ငါကတော့ သရဲကပဲ နင့်ကို ကြောက်တယ် ထင်တာပါပဲ :P

Unknown said...

သတ္တိရှိတဲ့သူနဲ့......
မောင်နှမဖြစ်ခွင့်ရလို့ကျေးဇူးအထူးပါဘဲဗျာ...

puluque said...

လွဲလွဲလေးပဲ ကောင်းပါတယ်။ (ထူးအိမ်သင် သီချင်းဆိုကြည့်တာ) ဒါပေမဲ မကောင်းဘူးဗျ။ အလွဲလေးတွေကို ခံစားသွားပါတယ်။ ဒါနဲ့ တက်စ်ကျွေးဆပ်မယ်နော် ၊ရေးပီပီ အချောသတ်နေတယ်။

Unknown said...

အကြွေးလာဆပ်ပါတယ်.. ညီမလေးရေ...
"Never Surrender"

Anonymous said...

ဟုတ်တယ်ဗျ မယ်ဘုမှ မဟုတ်ဘူး လူတိုင်း
ကြုံဖူးကြပါတယ် တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးပေါ့ဗျာ အနီးစပ်ဆုံးဥပမာပေးရရင်
တောသား မြို့ရောက်လာတာထက်ဆိုးတယ်ဗျ

 

Design By:
SkinCorner