Saturday, September 27, 2008

ကျမနှင့် အလှပြင်ခြင်း

မိန်းကလေးတိုင်း အလှကြိုက်ပါသည်။ အလှကြိုက်မှတော့ အလှပြင်ကြတာပေါ့ရှင်။ နည်းနည်းအလှပြင်တာနဲ့ များများအလှပြင်တာပဲ ကွာမည်။ လုံးဝကို အလှမပြင်တဲ့ မိန်းကလေးကတော့ တော်တော်ရှားမည်ထင်ပါသည်။ ယောင်္ကျားလျာဆိုရင်တော့ တစ်မျိုးပေါ့နော်။ {ဂျပန်မှာတော့ ယောင်္ကျားလျာလည်း ယောင်္ကျားလျာအလျောက် အလှပြင်တာပါပဲ။ } အလှပြင်ရမှာကို စိတ်မဝင်စားသော၊ အလှသိပ်မပြင်သော လူနည်းစု မိန်းကလေးထဲတွင် ကျမလည်း ပါဝင်ခဲ့ပါသည်။ အလှမကြိုက်၍တော့ မဟုတ်ပါ။ ;)

အလှပြင်တယ်ဆိုတာ တော်တော်ကို လက်ဝင်တဲ့ ပညာရှင့်။ ကျမကတော့ လှတပတလည်း အလှပြင်ထားတဲ့ သူတွေ့ရင် တကယ်ကို ချီးကြူးပါသည်။ ကိုယ့်ရဲ့ အားနည်းချက်ကို ဖုံးဖိပြီး ပြင်ထားတဲ့သူဆို ပိုတောင် ချီးကြူးသေးသည်။ "တော်လိုက်တာ"လို့ ။ {မလှတာတောင် လှအောင် ပြင်တတ်လို့လေ။} ကျမကြတော့ "အလှပြင်ခွင့်ပေးသည် ၊ ကြိုက်သလို အလှပြင်ပါ"လို့ ပြောခဲ့ရင်တောင် မပြင်တတ်ခဲ့ပါ။ ပြင်လည်း မပြင်ချင်ခဲ့ပါ။

အထက်တန်းကျောင်းသူဘဝ တစ်လျှောက်လုံး သနပ်ခါးလိမ်းခြင်းသည် ကျမ၏ တစ်ခုတည်းသော အလှပြင်ခြင်း ဖြစ်ခဲ့ပါသည်။ တက္ကသိုလ်တတ်ခဲ့တဲ့ သုံးနှစ်စလုံးလည်း သနပ်ခါးလိမ်း၍ ကျောင်းတတ်ခဲ့ပါသည်။ အထက်တန်းကျောင်းသူဘဝမှာ သနပ်ခါးကို ပါးကွက်အကြီးကြီး ကွက်ပြီးလိမ်းတာနဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ မှုန်မှုန်လည်း လိမ်းတာပဲ ကွာသည်။ အသားလေးသာ မဖြူခဲ့လျှင်၊ အဝတ်အစားလေးသာ ဖက်ရှင်ကြကြ မဝတ်တတ်ခဲ့လျှင် ၊တောက တတ်လာတဲ့ တောသူမလို့ ပြောရလောက်အောင် အလှအပ နဲ့ ပတ်သက်ပြီး ဘာဆို ဘာမှ မသိခဲ့ပါ။ :d အလှပြင် ပစ္စည်းအခေါ်အဝေါ်တွေလည်း နားမလည်ခဲ့ပါ။ :d

အလှပြင်ဆိုင် သွားရင်လည်း ဘယ်လိုပြောရမှန်း မသိလို့ "ကိုယ်နဲ့လိုက်မယ်ထင်တဲ့ ပုံစံကို ပြင်ပေးပါရှင်" ဆိုပြီး အလှပြင်ပေးတဲ့သူထံ ကိုယ့်အလှကို ဝကွက်အပ်တတ်သေးသည်။ ကိုယ်မှ နားမလည်တော့လည်းသူ့စီမံရာ အတိုင်းပေါ့။ လှခဲ့ရင်လည်းစံ၊ မလှခဲ့ရင်လည်း ခံပေါ့ရှင်။ :p အဲဒီလောက်ထိ အလှပြင်ခြင်းကို ကျမ ကျွမ်းကျင်တတ်မြောက်ခဲ့ပါသည်။ ;)

အလှ ကောင်းကောင်းမပြင်တတ်ခြင်းသည် မြန်မာနိုင်ငံမှာ နေတုန်းက မလှရုံမှ လွဲပြီး ကျန်တဲ့ ဘာပြဿနာမှ မရှိပေမယ့် ဂျပန်သွားခါနီး သင်တန်းတစ်ခုတတ်တော့မှ နည်းနည်း ကွိုင်တတ်တော့သည်။ ဆရာမက ပြောပါသည်။ [ဂျပန်မှာ အလှမပြင်ရင် "နေမကောင်းဘူးလား၊ မကျန်းမာဘူးလား"လို့ မေးခံ၊ ထင်ခံရလိမ့်မယ်တဲ့။} ဗုဒ္ဓေါ :y လို့ တောင် တလိုက်မိသည်။ ဘယ့်နဲ့ရှင်။ ကိုယ်ဟာကို အလှ မပြင်တာနဲ့ ဘာကြောင့်လူမမာဖြစ်ရမှာလည်း လို့ ဆရာမကိုတောင် မေးလိုက်မိတော့သည်။ ဆရာမ ပြန်ပြောတာတော့ ဂျပန်နိုင်ငံမှာ ကလေးလေးကစလို့ သက်ကြီးရွယ်အို အဘွားကြီးအဆုံး အလှပြင်ကြပါတယ်တဲ့။ တကယ်လို့ သမီးက အလှမပြင်ရင် သမီးတစ်ယောက်ထဲ တစ်မျိုးဖြစ်နေမှာမလို့ အဲဒီလို မေးခံရပါလိမ့်မယ်တဲ့။ ဒုက္ခ၊ ဒုက္ခ။ :c စိတ်ညစ်ညစ်နဲ့ အိမ်ပြန်ရောက်တော့ ဒီလိုပဲ ဆရာမက ပြောတယ်လို့ မေမေကို ပြောပြရတော့တာပေါ့။ မေမေကတော့ ရယ်ပါတယ်။" ကောင်းတာပေါ့တဲ့။ အလှပြင်မလား။ လူမမာလို့ အပြောခံမလား" တဲ့။ နေရင်းထိုင်ရင်း လူမမာလို့တော့ အထင်မခံ၊ အပြောမခံချင်သော ကျမက ဂျပန်လာခါနီး တပတ်လောက်အလိုကျတော့မှ တစ်ခါမှ သေသေချာချာ မသုံးဘူးသေးသော အလှပြင် ပစ္စည်းတွေ အဝယ်ထွက်ရပါတော့သည်။ :z အချိန်မရှိခဲ့တာနဲ့ လက်တွေ့မလိမ်းကြည့်ပဲနဲ့ ဂျပန်သို့ ထွက်လာခဲ့မိတဲ့ ကျမမှာ ဘာပြီးရင် ဘယ်ကိုလိမ်းရမယ်မှန်းမသိလို့ အစဉ်လိုက်အတိုင်းလိမ်းလို့ရအောင် အလှပြင်ပစ္စည်းရောင်းသူ၏ အကူအညီဖြင့် အလှပြင်ပစ္စည်းတွေကို နံပါတ်ကပ်ထားရသေးသည်။ တစ်ခါအလှပြင်ရင် အဲဒီနံပါတ်တွေလိုက်ရှာ၊ လိမ်းနေရတာနဲ့ နာရီဝက်လောက်အချိန်ယူရသည်။ ပြင်တယ်လို့သာ ပြောတာ မလုပ်တတ်တာတွေက များလို့ အောက်ခံမိတ်ကပ်ပဲ ကောင်းကောင်းလိမ်းတာပါ။ ;) တခြားထွေထွေထူးထူးတွေ ဘာမှ သိပ်မလုပ်ဖြစ်ခဲ့ပါ။ မျက်တောင် ကော့တာတို့၊ မျက်လုံးပေါ် Eye shawdowဆွဲတာတို့၊ ပါးနီဆိုးတာတို့တော့ တစ်လလောက်အကြာမှ ကောင်းကောင်းလုပ်တတ်သွားခဲ့ပါသည်။ Eye linerကတော့ မျက်လုံးထဲ အဲဒီ Eye Liner ခဲတံကြီးဝင်ခါနီးရင် ကြောက်ပြီး တုန်လာလွန်းလို့ ဒီနေ့ထိ မလုပ်ဖြစ်ခဲ့ပါ။ ဆိုင်မှာသွားပြင်ရင်လည်း မျက်လုံးကို စုံမှိတ်ထားလွန်းလို့ ဆိုင်ကလူ တော်တော်စိတ်ညစ်ခဲ့ဖူးပါသည်။ :( နှာတံဖော်တာကလည်း မလုပ်တတ်တော့ နှာခေါင်းမှာ ဖြူဖြူကြီးဖြစ်နေတာပဲ အဖတ်တင်တာနဲ့ မလုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ :) မျက်ခုံးမွှေး ရိတ်ရင် ပြောင်စပ်စပ်ကြီးလို့ ကိုယ့်ဟာကို ယူဆသဖြင့် မျက်ခုံးမွှေးလည်း ပုံမဖော်ပါ။ ဆွဲလည်းမဆွဲပါ။ ;)

အမုန်းဆုံးကတော့ နှုတ်ခမ်းနီဆိုးရခြင်းပါပဲ။ နှုတ်ခမ်းနီဆိုးပြီးတာနဲ့ နှုတ်ခမ်းကြီးက ပူပူကြီးနဲ့ မနေတတ်လွန်းလို့ နှုတ်ခမ်းနီတွေကို စားပစ်လိုက်သည်။ အေးရော။ :p ဆောင်းတွင်းဆို ဂျပန်မှာ ဘယ်မိန်းကလေးမှ နှုတ်ခမ်းမကွဲဘူး။ လက်တွေ ၊ခြေထောက်တွေသာ အသားပတ်ချင်ပတ်မယ်။ နှုတ်ခမ်းတော့ ဘယ်တော့မှ အသားပတ်တာ ၊ နှုတ်ခမ်းကွဲတာ မတွေ့ရပါ။ ကျမမှာသာ နှုတ်ခမ်းနီမဆိုးတဲ့ အကျိုးကျေးဇူးကြောင့် နှုတ်ခမ်းတွေဆို အဖတ်ဖတ်တွေနဲ့ စိတ်ညစ်ဖို့ကို ကောင်းရော။ :c နာလည်းနာသေးတယ်။ :c ဒါတောင် ရသလောက်တော့ မဆိုးပဲနေသေးသည်။ နောက်ဆုံး အရမ်းကို ပုံပျက်ပန်းပျက်ဖြစ်တော့မှ ဆေး နှုတ်ခမ်းနီဝယ်ဆိုးပါသည်။ အရောင်မပါဘူးလေ။ အနံ့လည်း မပါဘူး။ ;)

နောက်ဆုံး သေချာပြန်ဆန်းစစ်ကြည့်ရရင်တော့ ကျမ၏အလှပြင်ခြင်းသည် အောက်ခံမိတ်ကပ်လိမ်းထား၍ မျက်နှာမှုန်မှုန်လေးနှင့် လက်လက်လက်လက်လေး ဖြစ်နေခြင်း၊ ပါးနီဆိုးထားခြင်း၊ မျက်တောင်ကော့ထားခြင်းနှင့် တစ်ခါတစ်လေ မျက်လုံးပေါ် Eye shawdowဆွဲခြင်းသာ ဖြစ်တော့သည်။ (မျက်လုံးအတွင်းသားကိုတော့ လုံးဝလုံးဝ မထိပါ။ )ဒီထက်ပိုပြီး မပြင်တတ်၍ ကျမ၏ အလှပြင်ထားသော မျက်နှာနှင့် အလှမပြင်ထားသော မျက်နှာသည် သိပ်မကွာခြားလှပါ။ သူငယ်ချင်းတွေကတော့ ကျမ၏ အလှပြင်ခြင်းနဲ့ပတ်သက်၍ ကောင်းချီးပေးပါသည်။
"မပြင်လျှင် ပိုလှပါသည်တဲ့။" ;)

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

ကောင်းပါ့ .. အဲ့လောက် အလှပြင်တတ်ရင်တော်ပြီပေါ့ ..
အင်း မျက်ခုံးမွှေး ရိတ်ပြီး ဆေး မဆိုးရသေးရင်
ပြောင်ချော်ချော်ကြီး နေမှာနော် အဟီး အသည်းယားစရာကြီး ကျလိကျလိ :P

ဆောင်း said...

မမရောဘဲ။ ရန်ကုန်မှာနေတုန်းက (ငယ်ငယ်တုန်းက) မျက်နှာဘာမှ မလိမ်းတာ။ သနပ်ခါးတောင် အပြင်သွားမှ လူးတာ။

အခု တော့ နဲနဲ ပြင်လာပြီ...

khin oo may said...

ဆေးမစား မှီ ပုံ နဲ. ဆေးစား ပြီး ပုံ ပြပါ ဗျို့.

တောင်ပေါ်သား said...

အဲ ရသွားပြီး မကြီးရေ ဆောတီး ဆောတီး..
အလှပြင်တာအဲလောက် အလှ ပြင်တတ်ရင်ကို လှနေပါပြီ..

ရွှေပြည်သူ (ShwePyiThu) said...

အလှပြင်တဲ့အကြောင်း အတွေ့အကြုံကို ရေးထားတာ တကယ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိုယ်တိုင်ကလည်း ဒီအသက်အရွယ်အထိ ကောင်းကောင်း မပြင်တတ်လို့ပါ။ ငယ်ငယ်တုန်းက သနပ်ခါးပါးကွက်ကြားလေးနဲ့ လှနေသလို အခုလည်း မိတ်ကပ်တွေနဲ့လှနေမယ့် megumi လေးကို မြင်ယောင်မိပါတယ်း)

ကိုဥာဏ်(စက်မှု) said...

သင်၏ ဖူးစာရှင်မှာ လွန်စွာကံကောင်းပါသည်။ မိတ်ကပ် အလှပြင်ပစ္စည်းဖိုး ကုန်ကျရန် မရှိသဖြင့် အပိုဝင်ငွေ အတော်ထွက်နိုင်သည်ဟု ထင်မိပါ၏ မယ်ဂုမိ။ သူ့အတွက် ၀မ်းမြောက်ဖွယ်တည်း။

puluque said...

နှုတ်ခမ်းနီတွေ စားတဲ့ကောင်မလေး..
ဟားဟား.. chemical တွေ ဗိုက်ထဲရောက်ကုန်တော့မှာပဲ

HAPPY CLOUD said...

ဟုတ်တယ်ဗျ.. မပြင်ပဲ လှတဲ့ အလှကမှ “အစစ်”...

မိုးပြေး said...

နှုတ်ခမ်းနီမဆိုးတက်တဲ့ ကောင်မလေးရေ ပိုက်ဆံမကုန်တဲ့ သဘာဝအလှကို ပိုင်ဆိုင်ထားတာပဲ။
သုံးနှစ်စလုံးလည်း သနပ်ခါးလိမ်း၍ ကျောင်းတတ်ခဲ့ပါတယ်ဆိုတော့ သနပ်ခါးသီချင်းလေးထဲကလိုပဲထင်တယ်။အလှပြင်တဲ့ ပစ္စည်းတွေကို မကြိုက်တော့ ချစ်ရတဲ့သူက ပိုက်ဆံမကုန်တော့ဘူးပေါ့နော်။ :D

ဝေလေး said...

ဝေလေး လည်းအဲလိုပဲမမ.. သနပ်ခါးပဲလူးတာပဲ စလုံးရောက်တော့ သနပ်ခါးမလိမ်းရတော့ တယ်ဆိုး.. အပြင်ထွက်ရင် ပေါင်ဒါပဲ ရိုက်သွားတယ်
ိကိုယ့်ဘာသာမမြင်ရတော့ ကောင်းမကောင်းမသိ.. အဟိ.. :P
တစ်ကယ်မပြင်တတ်တာ.. အရင်ကတည်းက မမလို မလှတော့လည်း
ရုပ်ကဘာပုံပေါက်နေမလဲ စဉ်းစားသာကြည့်တော့ ဟိ :P

ဘလူးဖီးနစ် said...

အဲဗျ ကျွန်တော့် အိုင်ပီကို ဘန်းထားတယ်။ ဆီပုံးမှာ ဆီဖြည့်လို့ မရတော့ဘူး။ အီး....

တားမြစ် ထားသော... said...

အော် တို့နားမလည်တဲ့ အကြောင်းတွေ ပလား။ မိန်းကလေးတွေ ပြင်ထားလား မပြင်ဘူးလားကို မခွဲခြားတတ်ပါ။
:P

သုခမိန်(E-Journal)

 

Design By:
SkinCorner