Tuesday, December 23, 2008

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(2)

ဟော့ကိုင်းဒိုးသို့အလည်တစ်ခေါက်(1)ဖတ်ချင်ပါက

Check In ဝင်ပြီးသွားတော့ လေယာဉ်စီးရမယ့် Terminal ကို သွားပါတယ်။ အဝေးကြီးပဲ။ ဘတ်စ်ကားနဲ့ စီးသွားရတယ်သိလား။ Narita လေဆိပ်ကို သုံးခေါက်ရောက်ဖူးပေမယ့် Haneda လေဆိပ်တော့ ဒါပထမဆုံးပါ။ တော်တော်ကွာတယ်သိလား။ Haneda လေဆိပ်က Narita လေဆိပ်ထက်စာရင် ကျဉ်းကျဉ်းလေး၊ ဘယ်အရာမဆို သေးသေးလေး။ ဆိုင်တွေဘာတွေလည်း တော်တော်နည်းတယ်။ Shopping လေး ဘာလေး ထွက်မလားစဉ်းစားတာ Narita လေဆိပ်လိုလည်း ဆိုင်တွေ အများကြီး ရှိဘူး။ (ဟိ ဟိ၊ အကုန်အကျသက်သာသွားတာပေါ့နော်။) နောက်ပြီး ပြည်တွင်းဖြစ်တွေများတယ်သိလား။ ဒါနဲ့ အပြင်မှာလည်း ဝယ်လို့ရနေတော့ ဘာမှ ဝယ်ဖြစ်တော့ဘူး။

ဖုန်းပဲ ဆက်ဖြစ်တယ်။ ခရီးတစ်ခုခုသွားခါနီး အိမ်ကိုဖုန်းဆက်နေကြဆိုတော့လေ ။ ကဒ်ဖုန်းက ဘာဖြစ်လို့လည်း မသိ လုံးဝ လိုင်းမမိ။ ဘယ်လိုပဲ ဆက်ဆက်မရတာနဲ့ တိုက်ရိုက်ဆက်ဖြစ်လိုက်တယ် အေးရော။ :p အဲဒါ ကြတော့ ဝင်တယ်သိလား။ (ဟင့် ဟင့်၊ ဖုန်းလိုင်းကြီးက ပိုက်ဆံအများကြီး ကုန်အောင် လုပ်တယ်။ ) ဒီလိုနဲ့ပဲ ဖုန်းပြောရင်း ကျမ သွားချင်တဲ့ ANA ---စီးရမယ့် နေရာကို ရောက်လာတယ်။ လမ်းမှာ လူတွေ အများကြီးတွေ့ပေမယ့် ကိုယ့်လည်းသူမသိ၊ သူလည်း ကိုယ်မသိဆိုတော့ မြန်မာလို ပြောလည်း ကိစ္စမရှိ။ နားလည်း လည်ကြဘူးလေ။ ဟိ ဟိ။

တစ်ကိုယ်တော် ရွက်လွင့်ရတာ ဒီတစ်ခုတော့ ကောင်းတယ်။ လုပ်ချင်တာလုပ် ပြောမယ့်လူမရှိ။ ကိုယ်စီးရမယ့် ANA ---ရောက်တော့ လေယာဉ်က ရာသီဥတုမကောင်းလို့ နှစ်နာရီလောက် နောက်ကျမယ်တဲ့။ ဟင့် ဟင့်။ ဟော့ကိုင်းဒိုးကိုသွားတာမှ တစ်နာရီခွဲလောက်ပဲ ကြာတာ။ လေဆိပ်မှာ နှစ်နာရီ စောင့်ရမယ်တဲ့။ ဟင့် ဟင့်။ အဲလိုပဲ ငိုလိုက်ချင်တယ် အဟုတ်။

မနက်ငါးနာရီထဲက အိမ်ကထွက်လာတာ အိပ်ရေးလည်း မဝ၊ ဘာမှလည်း စားရသေးဘူး။ စိတ်ညစ်တော့ ဗိုက်ဆာသွားတယ်။ (ဆိုင်မဆိုင်တော့ မသိ ။) :p ဒါနဲ့ ပြန်လှည့်ထွက်လာခဲ့တယ်။ စားသောက်စရာရှာဖွေဖို့လေ။ ဒီဘက် Terminal က သေးသေးလေးဆိုတော့ ဘာမှကို သိပ်မရှိဘူး။ ဆိုင်ကလည်း တစ်ဆိုင်နဲ့တစ်ဆိုင်အဝေးကြီး။ တွေ့တဲ့ဆိုင်ကလည်း ဘာတွေရောင်းမှန်းကို မသိတာ။ တစ်ခုမှ ကျမ မစားနိုင်။ စားနိုင်တာဆိုလို့ အားလူးကြော်ပဲရှိတယ်။ ဒါနဲ့ အားလူးကြော်စား ၊ ရေသောက်ပြီး ပြန်လာခဲ့တယ်။ တော်ပြီ။ လည်စရာလည်း မရှိ၊ ကြည့်စရာလည်းမရှိဆိုတော့ ကိုယ်စီးရမယ့် ANA ---မှာပဲ စောင့်နေလိုက်တော့တယ်။

ကာတွန်းဖတ်ရင်းနဲ့လေ။ ဟိ ဟိ၊ ပျင်းလို့ Laptop သယ်လာတာ အခုတော့ အကိုက်ဖြစ်သွားပြီ။ Laptop ထဲမှာ မြန်မာလို ကာတွန်းတွေရော၊ ဝတ္တုတွေရော၊ သီချင်းတွေကော အများကြီး ထည့်လာတာလေ။ :z တစ်ယောက်တည်း ကာတွန်းဖတ်နေတာ ဂျပန်ကလေးလေးတစ်ယောက်က လာကြည့်တယ်သိလား။ သူလည်းဖတ်ချင်လို့ ထင်ပါရဲ့။ ကျမက ပေးဖတ်ချင်ပါတယ်။ ဒါပေမယ့် သူ့အမေက သူများကို မနှောင့်ယှက်နဲ့............ဆိုပြီး ကလေးကို ခေါ်သွားတယ်။ ဒါနဲ့ ကျမလည်း ဖတ်ပါလို့တောင် မပြောလိုက်ရဘူး သိလား။

ကာတွန်းစာအုပ်တော်တော်ကုန်သွားတော့မှ လေယာဉ်စီးဖို့ တန်းစီကြပါ.........လို့ ကြေငြာသံ ထွက်လာတယ်။
အေးဆေးပဲ။ တန်းစီးသေးဘူး။ ဆက်ပြီး စာထိုင်ဖတ်နေလိုက်တယ်။ ဟိ ဟိ။ အထာသိသွားပြီလေ။ စစချင်း ကိုရီးယားသွားတုန်းကဆို သူတို့မကြေငြာခင်ထဲက ကိုယ့်မှာ အသင့်အနေအထားနဲ့ စောင့်နေခဲ့တာ။ အကြာကြီးပဲ စောင့်ခဲ့ရတယ်သိလား။ အခုတော့ ဘယ်ရလိမ့်မလဲ။ သိသွားပြီ။ လူတွေကုန်ခါနီးလောက်မှ ပစ္စည်းတွေ သိမ်း၊ ကျန် မကျန် စစ်ပြီး တန်းစီလိုက်တယ်။ နည်းနည်းပဲ စောင့်ရပြီး ချက်ချင်း လေယာဉ်ထဲ ဝင်ခွင့်ရပြီ။ နောက်ပြီး လွတ်နေတဲ့နေရာကို ရှာရတာဆိုတော့ ရှာရလွယ်တယ်ဟုတ်။ ချက်ချင်းရှာတွေ့တယ်။ လေယာဉ်မယ်တောင် မေးစရာမလို။ အဆင်ကိုပြေလို့။ :z

Check In စောစောဝင်ခဲ့တော့ ထိုင်ခုံက ပြတင်းပေါက်နားရတယ်။ နှင်းတွေ၊ လှလိုက်တာ.................။ တိုကျိုက နှင်းတွေကို အပေါ်စီးက မြင်ရတာ မိုက်မှမိုက်။ ဓာတ်ပုံရိုက်မလို့ဟာ လေယာဉ်မယ်လေးက ရိုက်ရဘူးတဲ့။ အကုန်သိမ်းပါ.........လို့ လာပြောတယ်။ ဟင့် ဟင့်။ ဘယ်ရမလဲ။ မေးလိုက်တာပေါ့။ ဘယ်တော့ ရိုက်ရင် ရမလည်း..............လို့ ။ သူက ရိုက်လို့ရတဲ့အချိန်ကြရင် ကြေငြာပေးပါ့မယ်...............တဲ့။ ဟုတ်ကဲ့၊ စောင့်နေပါ့မယ်................. လို့ ပြောပြီး ဟိုဘက်ပြန်လှည့်မလို့ဟာ ဘယ်အချိန်ထဲက စိတ်ဝင်စားနေမှန်းမသိတဲ့ ကောင်မလေးနှစ်ယောက်က လာရယ်ပြတယ်။ ငါလည်း ဓာတ်ပုံရိုက်ချင်တယ်တဲ့။ နင် ရိုက်ရင် ငါ့ ကင်မရာနဲ့လည်း ရိုက်ပေးပါတဲ့။ ဟိ ဟိ။ ပြန်ပြုံးပြရင်း အင်း.........လို့ ပြောလိုက်တယ်။ အဲဒါက စပြီး သူတို့နဲ့ စကားပြောဖြစ်သွားတယ်။ ငယ်ပေါင်းကြီးဖော်တွေကြလို့ စကားတွေလုပြောကြရတယ်။ သုံးယောက်ဆိုတော့ တစ်ယောက်က ဘက်ပဲ့သလိုမဖြစ်အောင် သုံးယောက်လုံး ဝိုင်းပြောကြတာ။ ဆူညံနေတာပဲ။ တစ်ယောက်က ဂျပန်စကားသိပ်မတတ်ဘူး။ နောက်တစ်ယောက်ကတော့ တတ်တယ်။ မဆိုးပါဘူး။ ခင်စရာ ကောင်းတယ်။ စကားသိပ်မတတ်တဲ့ ကောင်မလေးက အသက်နည်းနည်းကြီးတော့ အွန်နီလို့ ခေါ်လိုက်တယ်။ :p ဟိ ဟိ၊ သူမ က ကိုရီးယားမလေးလေ။ အွန်နီလို့ ခေါ်တော့ ပြုံးနေတာပဲ။ နောက်တစ်ယောက်က ထိုင်ဝမ်က။ သူကတော့ ရွယ်တူဆိုပေမယ့် အရပ်အရှည်ကြီး၊ စိုးမြတ်သူဇာလိုမျိုး ။ သူကလည်း အလိုလို အမလို ဖြစ်သွားတယ်။ ကျမတော့ ခရီးသွားရင်း အမနှစ်ယောက်ရပြီ။ ပျော်မှ ပျော်။ :z

ဆက်ရန်
မကြာမီ
လာမည်
မျှော်

:z

10 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Nge Naing said...

ညီမလေးက လေဆိပ်အကြောင်းရေးလို့ ဆစ္ဒနီလေဆိပ်ရဲ့ ထူးဆန်းတာတခုကို ပြောပြချင်တယ်။ အစ်မက မြန်မာနိုင်ငံမှာ လေဆိပ်ရှိရလောက်အောင် ကြီးတဲ့မြို့တွေကို တဲ့မြို့တွေကို တခါမှ မရောက်ဖူး၊ မြန်မာနိုင်ငံက လေယာဉ်လည်း တခါမှ မစီးဖူးလို့ မြန်မာနိုင်ငံက လေဆိပ်တွေအကြောင်းတော့ သိပ်မသိဘူး။ ဒါပေမယ့် တခြားနိုင်ငံတွေက လေဆိပ် ၁၅ ခုလောက်ကို ရောက်ဖူးပြီး ကိုယ့်တိုင်းပြည်က မြို့တွေကို မရောက်ဖူးတော့ ရောက်ဖူးတဲ့ မြို့ရဲ့ လေဆိပ် ဒါမှမဟုတ် မြို့တမြို့ ကို အကဲခတ်ရင် ဘန်ကောက်နဲ့ပဲ နိုင်းယှဉ် အကဲခတ်တာ အကျင့်ရနေတယ်။ ရောက်ဖူးတဲ့ နိုင်ငံတိုင်းက လေဆိပ်တွေမှာ တူတာတခုကတော့ လေဆိပ် ဘယ်လောက်ပဲ သေးသေး၊ ကြီးကြီး ဆင်းရဲချမ်းသာနိုင်ငံမရွေး၊ မြို့အကြီးအသေးမရွေး လေဆိပ်တိုင်းမှာ Departure နှင့် Arrival ဆိုတာ သီးသန့် ရှိကြတာချည်းပဲ။ ဒါပေမယ့် အစ်မ အခုရောက်နေတဲ့ ဆစ်စ္ဒနီမြို့က Domestic airline မှာ Departure နှင့် Arrival ဟာ တနေရာတည်းပဲ။ အစ်မရောက်ဖူးတဲ့ အသေးဆုံးလေဆိပ် ဖြစ်တဲ့ ထိုင်းနိုင်ငံက မဲဟောင်ဆောင် လေဆိပ်လေးမှာတောင် Departure နှင့် Arrival သီးသန့်ခွဲထားတယ် ဆစ္ဒနီလို လေယာဉ် အ၀င်အထွက် အဆက်မပြတ် ရှိနေတဲ့ မြို့ကြီးတမြို့မှာ အဲဒီလို သတ်သတ်မှတ်မရှိတာ လေယာဉ် အ၀င်နဲ့ အထွက် စီမံခန့်ခွဲသူတွေ မတိုက်အောင် တော်တော်ကို စီမံခန့်ခွဲရခက်မှာ သေချာတယ်။ အဲဒီလိုမျိုး Departure နှင့် Arrival အတူတူထားတဲ့ လေဆိပ်ဆိုတာ ဒီတခုပဲ တွေ့ဖူး ကြားဖူးတာ အမှန်ပဲ။

megumi said...

ဟုတ်လားမမ၊ ဒါဆို ဆစ္ဒနီလေဆိပ်က Duty free shop ကဘယ်မှာလဲဟင်။ Narita လေဆိပ်ကတော့ Departure ဆိုရင် ဆိုင်တွေအများကြီးရှိတယ် သိလား။ Arrival ကြတော့ ဘာမှ မရှိတော့ဘူး။ အပေါ်မှာရှိတဲ့ Duty free ဆိုတဲ့ဆိုင်လေးတွေကလည်း ပြည်တွင်းဖြစ်ပဲ။ ကောင်းကောင်းကန်းကန်း သိပ်မရှိဘူး။

အရင်တစ်ခါ မြန်မာနိုင်ငံပြန်တုန်းက Departure မှာ အချိန်မရလို့ Arrival ကြမှ ဝယ်မလို့ဟာDeparture နဲ့ Arrival ကမတူတော့ ဘာပစ္စည်းမှ ကောင်းကောင်း မရှိဘူး။ ဝယ်လည်း မဝယ်ခဲ့ရဘူး။

ဒါနဲ့ ထိုင်းလေဆိပ်က ဂျပန်လေဆိပ်ထက်ဈေးကြီးသလိုပဲ။ အစားအသောက်ကော၊ အသုံအဆောင်ကော နိုင်ငံတကာအဆင့်ဝင်တဲ့ပစ္စည်းဆို ထိုင်းလေဆိပ်က ပိုဈေးကြီးသလိုပဲ။ ဘာကွာလို့ လည်းတော့သိဘူး။ CHANEL ဝယ်မလို့ဟာ ဂျပန်က ပိုသက်သာနေတယ်သိလား။ ကျန်တဲ့ ပစ္စည်းတွေလည်း အဲတိုင်းပဲ။ ကျမကပဲ သေချာမသိလို့လားတော့သိဘူး။ :p

မိုးပြေး said...

အတွေ့ အကြုံလေးတွေ ကိုဗဟုသုတ အနေနဲ့ မှတ်လိုက်ပြီဗျာ...ဂျပန်မလေးပြောတဲ့ နေရာတွေကိုတော့ ရောက်မယ်မထင်ဘူးဗျ။ နောက်ရောက်ဖြစ်ရင်တော့ ကြည့်လိုက်မယ်လေ ပြောပြထာတော့ လွယ်တာပေါ့။ :P နာရီတာရောက်ရင်တော့ ဆာကေးလေး ဘာလေး ၀ယ်ပြီးပြန်မလို့ ဗျာ။ ပြောရပါဦးမယ် Laptop ကိုသယ်လာပြီးတော့ စာလုပ်မလားမှတ်တယ် အော် ခင်ဗျားက ဝတ္တုလေးဖတ်လိုက် သီချင်းလေး နားထောင်လိုက်တောင် လုပ်နေသေးတယ်..များပြီနော်.. :D ကိုရီးယားကောင်မလေး နှစ်ယောက်ကိုတော့ စိတ်ဝင်စားသားဗျ ..တစ်မျိုးတော့ မထင်နဲ့ နော် လိုအပ်တာလေးတွေ ကူညီရအောင်ပါ ဟဲဟဲ ကိုရီးယားစကားက ကောင်မလေးတွေပြောရင် အတော်ကြည့်လို့ ကောင်းတယ်လို့ တော့ ပြောကြတာပဲဗျာ။ :P မျှော်ဆိုတာကြီးကို စောင်မျှော်နေပါသည်။ အမြန်ရေးရန် အကြောင်းကြားသည်။ :)

မြတ်သွယ် said...

ညီမလေးလဲ ကာတွန်းဖတ်မယ် :P
ဟီးးးးးး
မမမယ်ဂုဗိုက်ဆာတာ အာလူးကြော်ပဲစားလိုက်ရတယ်ပေါ့
အလိုလို အမနှစ်ယောက်ရသွားတာ ၀မ်းသာစရာပါ
နှင်းဆို စိတ်ဝင်စားတယ်
နှင်းကျတဲ့ နေရာမရောက်ဘူးလို့ :(
လေဆိပ်အကြောင်းလေးရယ် မမမယ်ဂုအထာသိသွားတဲ့ လေယဉ်ကခေါ်ရင်ချက်ချင်းသွား တန်းမစီသေးတာကိုမှတ်သွားပါတယ်
ညီမလေးလဲ ရောက်ရင်ရောက်မှာပေါ့လေ နော် :)
နောက်တစ်ပိုင်း မျှော်နေမယ်နော့

Dr Phyo Wai Kyaw said...

မနက်က ဖတ်လိုက်တယ်..ခုထပ်ဖတ်တယ်..
တစ်ကိုယ်တော်ရွက်လွှင့်တာ မိုက်တယ်..
ူlaptop ဖွင့်ပြီး ကာတွန်းစာအုပ်ဖတ်တဲ့ အကြံလည်း မိုက်တယ်..။
အကြံပိုင်တယ်..

စကားများတာကတော့ ဘယ်နိုင်ငံက
မိန်းကလေးမဆို ဂလိုပဲနဲ့တူရယ်..ဟုတ်တယ်ဟုတ်...
:P

စိုင်းစိုင်းလားရှိုး said...

ဆက်ရန်ကို မျှော်မည် အဟီ.........

Anonymous said...

ပုံလေးဘာလေးတင်ဗျာ ဒါမှ မြင်ဖူးမှာဗျ။
လူလဲမြင်ဖူး မရောက်ဖူးတဲ့ဒေသလဲ ရောက်ဖူးသလိုဖြစ်သွားတာပေါ့ဗျာ ဟီး

khin oo may said...

လာဖတ်ပါသည်။ :D

Anonymous said...

လာတယ်မယ်ဂုရေ အဆင်ပြေသွားပြီလား ။ စာတွေဖတ်သွားတယ် ။ အလုပ်ရှုပ်နေလို့မရောက်တာပါ ။

puluque said...

နောက်တစ်ပိုင်းကို ဆက်မျှော်နေပါသည်။...

 

Design By:
SkinCorner