Thursday, December 18, 2008

ပေါက်ကွဲခြင်းအား ဖြေရှင်းခြင်း

လက်ရှိအခြေအနေအရ မေးခွန်းတစ်ခုပြန်မေးလိုက်ပါမယ်။


စာရေးတာနဲ့ စာဖတ်တာ ဘယ်ဟာပိုပင်ပန်းပါသလဲ။

အချိန်လုပြီး လာဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်။ ဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီလောက် Blogger တွေအများကြီးထဲမှာ တကူးတက လာဖတ်ပေးလို့ ပိုပြီး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်၊ အခု လာဆဲနေတဲ့လူတွေ၊ အခုလို "ပေါက်ကွဲခြင်း"ရေးတာကို မကျေနပ်တဲ့လူတွေက ပြောပါတယ်။

"နင့်စာထဲမှာ ဘာတစ်ခုမှ အကျိုးရှိတာ မပါဘူး။.........တဲ့။
အချိန်ကုန်တာပဲ အဖတ်တင်ပါတယ်။.........တဲ့။
ပိုက်ဆံကုန်တယ်။ ".........တဲ့။
"မှတ်ချက်ဝေဖန်ပေးချင်စဖွယ် ဘာအနှစ်သာရမှ မရှိဘူး".........တဲ့။

ဟုတ်ကဲ့၊ ရပါတယ်။ အခုလို ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါဆို ဒီလို အကျိုးမရှိတဲ့ Blog ကို အချိန်ကုန်ခံ၊ အလုပ်ပျက်ခံ၊ မျက်စိအညောင်းခံ၊ ပိုက်ဆံအကုန်ခံပြီး မလာကြပါနဲ့လို့ သူတို့အစား စဉ်းစားပေးပြီးတော့ ပြောမိတယ်။

ရိုင်းလိုက်တာ......တဲ့၊ မိမဆုံးမ ဘမဆုံးမ.......တဲ့။
Commentမှာ လာရေးပါတယ်။ မကြားဝင့်မနာသာတွေပါ လာရေးတဲ့အတွက် Publish မတင်ပေးခဲ့ပါ။ ကျမလည်း မိန်းကလေးတစ်ယောက်ဖြစ်သလို ကျမဆီ လာနေတဲ့ ၊ ညီမလေးတွေ၊ မမတွေ မကြည့်သင့်တဲ့ ရိုင်းစိုင်းတဲ့ စကားတွေ ပါဝင်နေလို့ပါ။

ကျမရေးခဲ့တာ ရင့်သွားတယ် ဆိုရင် လက်ခံပါတယ်။ "ရင့်သွားတယ်"လို့ လာပြောရင် ကျေကျေနပ်နပ်ကြီး တောင်းပန်လိုက်မယ်။

ဟုတ်ကဲ့၊ ကျမ စကားပြောမတတ်လို့ စာရေးတာ ရင့်သွားရတာ ခွင့်လွှတ်ပါ။
ရင့်အောင်လုပ်ခဲ့တဲ့အတွက် ပြန်ရင့်ခဲ့မိတာ တောင်းပန်ပါတယ်။

ရိုင်းတယ်လို့ ပြောရအောင် ကျမစာတွေထဲမှာ လူမဖတ်ဝင့်တဲ့၊ မိန်းကလေးတွေ မဖတ်သင့်တဲ့၊ သားအမိ ၊မောင်နှမချင်း မဖတ်သင့်တဲ့ စကားလုံးတစ်လုံးမှ ထည့်မရေးခဲ့ပါ။ စိတ်အရမ်းတိုနေတာတောင် ထည့်မသုံးခဲ့ပါ။ သုံးလည်းမသုံးတတ်ပါ။ မြန်မာလိုလည်း မဆဲတတ်သလို English လို၊ ဂျပန်လို လည်း မဆဲတတ်ပါ။

နောက်ပြီး ဒီပို့စ်ဟာ Comment မရေးပေးလို့ စိတ်ဆိုးပြီး ရေးခဲ့တာလည်းမဟုတ်ဘူး။

သူငယ်ချင်း အရင်းခေါက်ခေါက်တွေကို တစ်ခါတစ်လေ ဂျီကျပြီး "Comment ရေးပေးပါ"......လို့ ပြောဖူးပေမယ့် ကိုယ်နဲ့မခင်တဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ "Comment ရေးပေးပါ".......လို့ မပြောဖူးပါ။ အရင်ကလည်း မပြောခဲ့ပါ။ အခုလည်း မပြောပါ။ နောက်လည်း ပြောမှာမဟုတ်ပါ။ Commentရအောင်လည်း "......ရေးထားတာ လာကြည့်ကြပါ၊ .......လည်း ရေးထားပါတယ် ၊ အားရင် လာဖတ်နော် "လို့လည်း ဘယ်Cbox မှာမှ မအော်ဘူးပါ။ "ပြန်လာလည်ပါ"လို့လည်း အတင်းအကျပ် မခေါ်ဘူး၊ မပြောဘူးပါ။

စာရေးသူကို လုံးဝကို အသိအမှတ်မပြုလို့ ပြောခဲ့တာပါ။
အသားလွတ်ကြီးလည်း စွပ်စွဲခဲ့တာမဟုတ်ဘူး။
{ကျမ စွပ်စွဲချက်မှန်လား၊ မမှန်ဘူးလားကိုလည်း လက်ရှိအခြေအနေတွေက သက်သေပြနေပါတယ်။}

အလကားရတဲ့ Blog မှာ စာရေးတာ ဒီလောက်အဖြစ်မသည်းပါနဲ့.......လို့ ရေးသွားတဲ့လူလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ Blogspot မှာရေးတဲ့သူတွေထဲမှာ လူအမျိုးမျိုးပါပါတယ်။ တစ်ချို့က အပျော်ရေးသလို တစ်ချို့ကလည်း စီးပွားဖြစ်လုပ်ကြပါတယ်။ တစ်ချို့က အားလပ်ချိန်မှာ ရေးသလို တစ်ချို့ကလည်း မအားလပ်တဲ့ကြားက ရေးပါတယ်။ လူအမျိုးမျိုးရှိလို့ စိတ်လည်းအထွေထွေပါ။

ကျမအနေနဲ့ ပြောရရင် Blog က ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီတော့ အသေးအဖွဲလေးက အစ ဂရုစိုက်မိတယ်။ ဒီလို ဂရုစိုက်မိလို့ ဆုံးရုံးရတာတွေ အများကြီးပဲ။ "အရည်မရ အဖတ်မရတဲ့ Blog ကို ဘာအကျိုးရှိလို့ လုပ်နေတာလည်း"လို့ Blogger မဟုတ်တဲ့ သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။ ကျမ ချစ်လို့.....လို့၊ Blog ကို ချစ်လို့.....။ စာတွေကို ချစ်လို့....၊ မိတ်ဆွေတွေကို သံယောဇဉ်ရှိလို့လို့။ ဖြေလိုက်တယ်။

ကျမက စာဖတ်သူတွေကို အလေးအနက်ထားခဲ့တယ်။ အချိန်ကုန်ခံ လာပြီးမှ Post အသစ်မရှိရင် အားနာစရာကောင်းလိုက်တာ.......လို့ စဉ်းစားပြီး အတတ်နိုင်ဆုံး တစ်နေ့တစ်ပို့စ်ရအောင် ရေးခဲ့တယ်။ သူတို့ရဲ့ အချိန်တွေကို ပေးပြီး လာတာ လာလည်ရကျိုးနပ်စေချင်လို့ အဲလို ရေးခဲ့တာ။ ကိုယ် စာရေးချင်တာလည်း ပါတာပေါ့နော်။

ဘယ်သူက အဲလိုအတင်းအကျပ် ရေးခိုင်းလို့လည်း လို့မေးရင် ဒီလိုဖြေပါမယ်။
ဟုတ်ကဲ့၊ ဘယ်သူ့မှ မရေးခိုင်းပါဘူး။ ကျမရဲ့ စာဖတ်သူတွေအပေါ်ထားတဲ့ စေတနာပါ။

အခုတော့ စာရေးချင်စိတ်က ရှိပေမယ့် ဘာရေးလို့ ရေးရမှန်းကို မသိတော့ဘူး။

Comment မရေးပေးလို့ စိတ်ဆိုးတာ.........လို့ ဘယ်သူက သတ်မှတ်ပေးလိုက်မှန်းမသိတဲ့ ဝေဖန်ချက်တစ်ခုတည်းကို မပြီးနိုင်မစီးနိုင် ဖွသူကဖွ ၊ ဆဲသူကဆဲ ၊ ပုံကြီးချဲ့သူကချဲ့ ၊အတင်းပြောသူက ပြော ၊ ချောက်တွန်းသူက တွန်း လုပ်နေတဲ့ကြားက ဆက်လက်ရပ်တည်ဖို့ကြိုးစားရတာဟာ မလွယ်ကူဘူးဆိုတာ သဘောပေါက်ကြပါလိမ့်မယ်။

ဒီလောက်အပြောခံနေရတဲ့ကြားက Blog မပိတ်သေးတာက ဘလော့ အပေါ်ထားတဲ့ သံယောဇဉ် ၊ စာဖတ်သူများနဲ့ မိတ်ဆွေများအပေါ်ထားတဲ့သံယောဇဉ်သာမက ယုံကြည်ချက်တစ်ခု ကြောင့်လည်းဖြစ်ပါတယ်။

အဲ့ဒီယုံကြည်ချက်ကတော့ မြန်မာမိန်းကလေးဖြစ်ပေမဲ့ ၀ိုင်းဆဲတာကိုခံရရုံနဲ့ မိမိရဲ့ မှန်ကန်တဲ့ လမ်းကြောင်း ကနေ သွေဖည်မသွားရဘူး......... ဆိုတဲ့ အားတင်းထားတဲ့ ယုံကြည်ချက်ပါပဲ။

ကျမလိုပဲ ၀န်နဲ့အား မမျှမတ ဖိအားပေးခံခဲ့ရတဲ့ အစ်မတွေ ၊ ညီမတွေရှိခဲ့ပါတယ်။ ကိုယ်ချင်းစာ ကြည့်ရင်သိပါလိမ့်မယ်။ တစ်နေ့မှာ လူတိုင်းဟာ ဒီလိုကြုံတွေ့လာနိုင်ပါတယ်။ ဘလော့စာမျက်နှာပေါ်သာမှာမက ဘ၀စာမျက်နှာပေါ်မှာပါ နောက်ကျောက တိုက်ခိုက်တာတွေ၊ မဆီမဆိုင် အခွင့်သာတုန်း နှိပ်ကွပ်တာတွေ ကြုံတဲ့အခါမှာ လက်ရှိကျမအခြေအနေရဲ့ ခက်ခဲမှုကို စာနာနားလည်နိုင်ပါလိမ့်မယ်။

ကျမကတော့ လူ့ဘဝအကြောင်း ကောင်းကောင်းနားလည်သွားခဲ့ပါပြီ။ အခွင့်ကြုံတုန်း ဝင်နှိပ်ကွပ်တဲ့ လူတွေရှိသလို အခွင့်ကြုံမှ ပေါ်လာတတ်တဲ့ သူငယ်ချင်းကောင်းတွေလည်း တွေ့ရှိခဲ့ရပါတယ်။ ရိုင်းစိုင်း၊ ယုတ်မာတဲ့ လူတွေအများကြီးရှိသလို ယဉ်ကျေးပျုငှာတဲ့ လူတွေလည်းအများကြီးရှိပါတယ်။ အဖြစ်မှန်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးကြတဲ့လူတွေရှိသလို ဘက်လိုက်ပြီး ဆုံးဖြတ်ပေးကြတဲ့လူတွေလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်ခန်းစာတွေ အများကြီးကို ခဏလေးအတွင်းမှာ ရရှိခဲ့လို့ လူ့သဘာဝအကြောင်းကောင်းကောင်းသိသွားပါပြီ။

အားလုံးပဲ စိတ်ချမ်းသာကြပါစေ။

ပူလောင်ခြင်းမှ ကင်းဝေးကြပါစေ။

မစ္ဆရိယစိတ်ထားခြင်း၊ ရန်လိုခြင်း၊ ရန်ဆောင်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

ကိုယ်ချင်းစာတရားရှိကြပါစေ။

19 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

လူတွေအကြောင်းကို နားလည်သွားရတာ အမြတ်ပါ။ ဒါဟာလည်း လောကဓံပါပဲ။ ခံနိုင်ရည်ရှိရမှာပေါ့။

Dr Phyo Wai Kyaw said...

ဟုတ်တယ်ဂုစ်.. ဒါလည်း လောကဓံပဲ.. ရင်ဆိုင်ဖို့ မလွယ်ကူတဲ့ လောကဓံပဲ.. နင်ကြိုးစားပြီး ရင်ဆိုင်ပြလိုက်..

ဖွတာ..ဘာညာဆိုတာကလည်း.. အကျင့်ပါနေတဲ့ လူတစ်ချို့သာ ၀ါသနာ အရလုပ်နေတာပါ.. ဒါကြောင့် သိပ်တော့လည်း အရေးမကြီးဘူး..

"သင်ခန်းစာတွေ အများကြီးကို ခဏလေးအတွင်းမှာ ရရှိခဲ့လို့ လူ့သဘာဝအကြောင်းကောင်းကောင်းသိသွားပါပြီ။"

ဒါလေးကတော့ ဟုတ်သဟေ့.. ငါတို့တောင် သင်ခန်းစာ ကောင်းကောင်း ရသွားတယ်...ဒီလို အဖြစ်မျိုးဟာ လူ့လောကမှာလဲ ရှိတယ်..အဲဒါကတော့ ပိုလို့တောင် ကောက်ကျစ်သေး ပိုတောင်ရက်စက်သေး.. ကြုံဖူးတယ်.. ကိုယ်ချင်းစာပါတယ်... ဒါပေမဲ့ ဖြစ်သင့်တာဖြစ်လာလိမ့်မယ်..

ကိုင်းစာလေးဘာလေးလည်း ကျက်ဦးဗျား..
ချမ်းမြေ့ပါစေ..

Unknown said...

မေတ္တာထားပြီးခွင့်လွတ်ပေးလိုက်ပါ.. တစ်ကယ်ငြိမ်းချမ်းပါတယ်..
လူ့ဘ၀အကြောင်းသိလိုက်ရလို့ ကိုယ့်အတွက်အမြတ်လို့တောင်သဘောထားလို့ရတာပဲ..

အေးချမ်းပါစေဗျာ..

မိုးကြယ်

Unknown said...

စီဘောက် ဖြူတ်ထားတာလားမယ်ဂု မတွေ့တော့လို့ ။ ဘယ်သူမှန်တယ် မှားတယ်တော့ မပြောချင်ဘူး ပြီးတော့လဲ ပြီးသွားတာပါပဲ ။ ချမ်းမြေ့ပါစေ

တားမြစ် ထားသော... said...

စာဖတ်ပြီး နှုတ်ဆက်ရုံပဲ နှုတ်ဆက်မယ်လုပ်တာ။ စီဘောက်စ်က ရှိတော့ဘူးကိုး။

ကျွန်တော်တို့ သူငယ်ချင်းတွေ နောက်နေကျစကားတစ်ခွန်းရှိတယ် - “ပြီးတော့လည်း ပြီးသွားတာပါပဲ ကွာ။” ခုလဲ ဒီလိုပဲပေါ့။ အကောင်းတွေ ရအောင်ယူနိုင်တယ်ဆိုလို့ ဝမ်းသာသွားပါတယ်။

ပျော်ရွှင်စွာ ဆက်လက် ဘလော့ဂင်းနိုင်ပါစေဗျာ။ (ကျောင်းစာတွေလည်း အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေပေါ့။)

Younggun said...

မရောက်တာ ကြာသွားတာနဲ့ ပြန်လာလည်တော့ တွေ့လိုက်တာ နောင်ဂျိန်တွေပါလားဗျာ။ ဘယ်လိုဖြစ်ကုန်တာတုန်း။ ကဲပါလေ။ ဘာတွေဖြစ်ဖြစ် ဆက်လျှောက်ပါ။ ကျနော်ကတော့ အဘ မှာထားတဲ့အတိုင်းပဲ မှာခဲ့ပါရစေ။ ပြီးတော့လည်း ပြီးသွားမှာပါပဲကွာ။ တဲ့။ အိုကေနာ်။

megumi said...

လူမြင်မကောင်းအောင် ဘာသာမျိုးစုံနဲ့ လာဆဲနေပါသဖြင့် Cbox ခဏဖြုတ်ထားပါတယ်။
လက်ရှိအခြေအရပါ။
အမြဲမဟုတ်ပါ။

mgngal said...

မရောက်တာတောင်ကြာသွားပေါ့ ။ ဘာတွေဖြစ်နေတာပါလိမ့်လို့  ဖတ်ရှုသွားပါတယ် ။ အဆင်ပြေသွားပါလိမ့်မယ့် ။ ခွင့်လွတ်ပေးလိုက်ပါ ။ :)
အရေးကြီးတာက စာတွေရေးနေဖို့ ပဲ။ ဟုတ်တယ်ဟုတ် ။

မသက်ဇင် said...

မီဂုလေးရေ---
အခုမှပဲ ရောက်ဖြစ်တယ်-- စိတ်မကောင်းဖြစ်ရတယ်--
မီဂုလေးရေးထားတဲ့--အတိုင်း-
အားလုံးပဲ စိတ်ချမ်းသာကြပါစေ။

ပူလောင်ခြင်းမှ ကင်းဝေးကြပါစေ။

မစ္ဆရိယစိတ်ထားခြင်း၊ ရန်လိုခြင်း၊ ရန်ဆောင်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

ကိုယ်ချင်းစာတရားရှိကြပါစေ။
ဆောင်ပုဒ်လေးအတိုင်းပါပဲလေ---

အိုင်ပီကိုမှတ်ထားပါ---

မသက်ဇင် said...

အားလုံးပဲ စိတ်ချမ်းသာကြပါစေ။

ပူလောင်ခြင်းမှ ကင်းဝေးကြပါစေ။

မစ္ဆရိယစိတ်ထားခြင်း၊ ရန်လိုခြင်း၊ ရန်ဆောင်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

ကိုယ်ချင်းစာတရားရှိကြပါစေ။
အိုင်ပီကိုမှတ်ထားနော်--မီဂုလေး

Anonymous said...

အင်း... ခက်တော့ခက်နေပြီဗျာ။ ဘာပြောရမှန်းတောင် မသိတော့
ဘူး။တခုတော့ပြောမယ် စိတ်ဓာတ်မကျနဲ့ကိုယ်လုပ်စရာရှိတာသာ
လုပ်ပါဗျာ။

Nge Naing said...

ဘလော့ဂ်ဆိုတာ ဘ၀ရဲ့အစိတ်အပိုင်းတခု ဖြစ်တယ်ဆိုတာ လက်ခံလို့ အလုပ်ပျက် Study အပျက်ခံတဲ့အထိ မဟုတ်ရင် ဘလော့ကို ဘယ်တော့မှ မပိတ်ပစ်ပဲ ဆက်ရေးဖို့ အားမပေးပါတယ် ညီမလေး။ ဘာပဲလုပ်လုပ် အနှောင့်အယှက် အတားအဆီးတွေ၊ ဝေဖန်ခံရတာတွေက ဘယ်သူမှ ရှောင်လို့ မရနိုင်တဲ့အရာတွေ ဖြစ်လို့ စိတ်ဓါတ်မကျပါနဲ့။

မြတ်သွယ် said...

မမယ်ဂုမိရဲ့ စိတ်ကိုလေးစားပါတယ်
ခံနိုင်ရည်ရှိသွားတာပေါ့လေ
ကိုယ်ကအမှားလုပ်ထားခြင်းမှမရှိဘဲ ပြီးဆုံးသွားတစ်နေ့တော့ရှိမှာပါ
အမြန်ဆုံးအဆင်ပြေလာပါစေနော်

မောင်ပိစိ said...

မိဂုရယ်.. ငါ့သယ်ချင်းလေး.. ပျော်ပျော်ရွှင်ရွှင်နေတတ်ပါစေ
:) စိတ်ထဲ အများကြီးမတွေးပါနဲ့..
နင်ပဲ ပင်ပန်းတယ်..
take care.
ဒီပို့စ် ခုမှ ဖတ်ဖစ်တယ်.. ၆း၁၅ ၁၉ရက်

မောင်ထင် said...

မရောက်တာတောင်သိပ်မကြာသေးပါဘူး။ဘာတွေဘယ်လိုဖြစ်။ဪblog လောကတယ်လဲ ရှုတ်လှပါလား။

Dream said...

ဂုဂု ဘာတွေ ဖြစ်ကုန်တာလဲ... မက်မက်လည်း အခုတလော လုံးဝကို မအားလို့ ဘယ်အိမ်မှ လာမလည်ဖြစ်ဘူး... အင်တာနက်ကလည်း အခုမှ အဆင်ပြေတာ... ဘာတွေဖြစ်ကုန်တာလဲ သယ်ရင်းရယ်....... လူတွေ ဆိုတာ ဒီလိုပါပဲ..... လူမိုက်နဲ့ ပြိုင်မိုက်ရင် ကိုယ်ကလည်းလူမိုက်တဲ့....... အဲဒီတော့ ပြန်မမိုက်နဲ့ ၊ ကိုယ့်ကို လာဆဲရင် လည်း ကိုယ်က လက်မခံရင် အဲဒီ အဆဲတွေ ဟာ လာဆဲသူဆီမှာ ရှိနေလိမ့်မယ်..... အဲဒီတော့ လက်မခံနဲ့ ..... သူဘာဆဲဆဲ ဥပ္ပကာ ပြုနေလိုက်ပါ....... မေတ္တာဆိုတာ တန်ပြန်ပါလိမ့်မယ်......... ဘာကိုမှ စိတ်ထဲမထည့်ထားပါနဲ့ ... ဆက်လက်၍ ဘလော့ဂင်း နိုင်ပါစေ....... လို့ မျော်လင့်ပါတယ်... မက်မက်ဆီလည်း လာလည်ဖို့ဖိတ်ခေါ်ပါတယ်။

Anonymous said...

အဆုံးထိ လျှောက် မယ်ဂုရေ ....
မပြီးသေးဘူး ..

Nge Naing said...

ညီမလေး အသစ်မတင်သေးဘူးလား။ ကျောင်းဖွင့်တဲ့ ရာသီမှာ အချိန်က အကန့်အသတ် သိပ်များလို့ ကျောင်းပိတ်တဲ့ရာသီမှာ အသစ်များများတင်သင့်တယ်။ အချိန်ကလ အတိုင်းအတာတခု ကြာလို့ ညီမလေး စိတ်ပြေလက်ပျောက် ဖြစ်သွားပြီးရင် အခုလို Lock in လုပ်ပြီး ၀င်ရတာကို C-Box နဲ့ Comment နေရာမှာ ရေးဖို့အတွက်ကိုပဲ လာဆဲတဲ့သူတွေ ကိုကာကွယ်ဖို့ လုပ်ထားပြီး ဘလော့ဂ် စာမျက်နှာကိုကျတော့ အားလုံးအတွက် ဖွင့်ထားပေးဖို့ အကြံပြုချင်ပါတယ်။ မတော်တဆ ရောက်လာတဲ့သူတွေလည်း ဖတ်ခွင့်ရတာပေါ့။ အစ်မလည်း ညီမလေးဘလော့ဂ်ကို မတော်တဆ ရောက်ဖူးပြီး ဖတ်ဖြစ်ခဲ့သူဆိုတော့ နောက်ထပ်လည်း ဒီလိုမျိုး စာလာဖတ်သမားတွေ အများကြီး ရှိနိုင်လို့ အကြံပြုတာပါ။

megumi said...

ရေးချင်ပါတယ် မမငယ်နိုင် ၊

ဒါပေမယ့် အခုလောလောဆယ်တော့ စာရေးဖို့အင်အားမရှိလို့ ခဏစောင့်ပါအုန်းနော်။
ရေးတော့ ရေးပါမယ်။
ရေးချင်တာတွေလည်း အများကြီးပါ။

 

Design By:
SkinCorner