Friday, May 8, 2009

ဟီရိုးရှီးမားသို့ အလည်တစ်ခေါက်

စကားချီး
ပို့စ်မရေးတော့ဘူးဆိုလို့ လာရောက်အားပေး၊ စိတ်ပူပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများကို အားနာပါတယ်။ ဟီရိုးရှီးမားသွားလိုက်တာ မျှဝေချင်တာနဲ့ ရေးလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။


ဟီရိုးရှီးမားသို့ အလည်တစ်ခေါက်



5.5.2009က ဟီရိုးရှီးမားကို သွားခဲ့ပါတယ်။ ဗုံးပေါက်ကွဲတဲ့နေရာကို မျက်မြင်ကိုယ်တွေ့ကြည့်ချင်တာကြောင့်ပါ။ ဂျပန်ရောက်ပြီးမှ ဟီရိုးရှီးမားလေးတောင် မရောက်ဖူးရင် ကိုယ့်ဟာကို ကျေနပ်မှာမဟုတ်လို့ မရောက်ရောက်အောင် သွားခဲ့တာပါ။

ဒါက Atomic Bomb Dome ပါ။ 1996ခုနှစ် 12လပိုင်းမှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်အဖြစ် ဖော်ပြပေးခြင်းခံရပါတယ်။ နျူကလီးယားဗုံးကျဲခံရပေမယ့် ဒီအဆောက်အဦးကြီးက တစစီမဖြစ်သွားဘဲ တဝက်တပျက်ကျန်နေခဲ့တာ.......... အခုအခါမှာတော့ ကမ္ဘာ့လှည့်ခရီးသည် တော်တော်များများက တကူးတက လာရောက်ကြည့်ရှုရတဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်နေပါပြီ။

ဘယ်ဘက်က လူကြီးက ငြိမ်းချမ်းရေးငှက်ကို ကိုင်ထားပါတယ်။ ငှက်နီလို့ နာမည်ပေးထားပြီး ညာဘက်က ကလေးနှစ်ယောက်ကတော့ ဗုံးကွဲတုန်းကပါသွားတဲ့ကလေးတွေကို ရည်ရွယ်ထုထားပုံပါပဲ။ နျူကလီးယားဗုံးနဲ့ ငြိမ်းချမ်းရေးကို နှိုင်းယှဉ်ပြချင်တာလို့ ထင်ပါတယ်။
့ Atomic Bomb Dome ကနေ ဆက်သွားလိုက်တာ တံတားတစ်ခုကိုရောက်လာပါတယ်။ တံတားပေါ်က ရိုက်လိုက်တဲ့ပုံက ဒီပုံပေါ့။ မြစ်ကြီးရယ်၊ မြစ်နံဘေးကလူတွေရယ်၊ စိမ်းလန်းစိုပြေတဲ့သစ်ပင်တန်းကြီးရယ်၊ Atomic Bomb Dome ရယ်နဲ့ ဘာရသမှန်းမသိ ခံစားစေတဲ့ ဓာတ်ပုံပါ။ ခံစားချက်မျိုးစုံပေးစွမ်းနိုင်တဲ့ ရှုခင်းလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။
ဗုံးဒဏ်ခံရသော ကလေးငယ်၏ရုပ်ထု
၁၂ နှစ်အရွယ်ကလေးငယ်လေးကို အစပြုပြီး ဗုံးကျဲတုန်းကပါသွားတဲ့ ကလေးငယ်အားလုံးရဲ့ ၀ိဥာဉ်တွေကို နှစ်သိမ့်တဲ့အနေနဲ့ ငြိမ်းချမ်းရေးရုပ်ထုဆောက်လုပ်မယ်လို့ ရည်ရွယ်ပြီး တစ်နိုင်ငံလုံးရဲ့ အလှုငွေနဲ့ တည်ဆောက်ထားတာပါတဲ့။ အဲဒီစကားက တကမ္ဘာလုံးအနှံ့ ကျယ်ပြန့်သွားပြီး ပြည်တွင်းတင်မက ပြည်ပနိုင်ငံအသီးသီးက ဆုတောင်းငှက်ရုပ်လေးတွေပြုလုပ်ပြီး ငြိမ်းချမ်းရေးကို ဆုတောင်းကြပါတယ်။ တစ်နှစ်ကို ငြိမ်းချမ်းရေးငှက်ရုပ်ပေါင်း သိန်းတရာနီးပါးရရှိပါတယ်တဲ့။

ဗုံးဒဏ်ခံရသော ကလေးငယ်၏ရုပ်ထုကနေ ညာဘက်ကို ချိုးလိုက်တယ်ဆိုရင်ဖြင့် ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံကို ရောက်ပါပြီ။ ရှေ့ဆုံးမှာ မြင်နေရတဲ့ လက်ကို ဆန့်တန်းထားသလို ပုံစံကြီးတစ်ခုကို သတိထားမိလားမသိဘူး။ အဲဒါ ကမ္ဘာကြီးအတွက် ထာဝရ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ မီးတိုင်ပါ။ 1.8.1964 မှာ စတင်မီးထွန်းခဲ့ရာက လက်ရှိအချိန်အထိ မီးမငြိမ်းသေးပါဘူး။ ကမ္ဘာ ကြီးပေါ်က နျူကလီးယားပျောက်ကွယ်သွားတဲ့ တစ်နေ့မှာ မီးငြိမ်းပါမယ်တဲ့ရှင်။
ပန်းခြံရဲ့အလယ်လောက်မှာ Memorial Cenotaph ရှိပါတယ်။ ဗုံးဒဏ်ကြောင့်သေဆုံးသွားတဲ့လူတွေအတွက် ဆုတောင်းမှုတွေကို ပြုလုပ်တဲ့ နေရာပေါ့။ ဘယ်သူမဆို လာရောက်ဆုတောင်းလို့ရပါတယ်။ ဒါပေမယ့် လက်ရှိဘုရင်နဲ့ မိဖုရား အကြိမ်ကြိမ်သွားပေမယ့် ဟီရိုးရှီးမားပြည်သူလူထုက လာဆုတောင်းတာကိုမကျေနပ်လို့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့ဖူးပါတယ်တဲ့။ နောက်ဆုံးတစ်ခေါက်တော့ အဆင်ပြေပြေ ဆုတောင်းခွင့်ရသွားတယ်လို့ သိရပါတယ်။

သွားလာနေတဲ့လူတွေ၊ စီတန်းတန်ဆာဆင်ထားတဲ့ ငြိမ်းချမ်းရေးငှက်ရုပ်တွေနဲ့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပြတိုက်ကြီးကို သွားရာလမ်းကြီးက စည်ကားနေပါတယ်။
လမ်းတလျှောက်မှာ နို့ဆီခွက်လို ပုံစံလေးတွေ တန်းစီထားတာ တွေ့ရပါတယ်။ အထဲမှာ မီးထွန်းလို့ရအောင် လုပ်ထားတယ်သိလား။ ဘေးပတ်လည်မှာ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ဆုတောင်းစာလေးတွေ ရေးထားတယ်။ တစ်ချို့ခွက်တွေမှာ ပုံလေးတွေတောင်ပါသေး။ တကယ်တော့ ပွဲတော်ရှိလို့ အဲလို ပန်းလေးတွေ အရုပ်လေးတွေ ရှိတာပါ။ ကံကောင်းပုံများ ပြောပါတယ်။တစ်နှစ်မှာတစ်ခါလုပ်တဲ့ ဟီရိုးရှီးမားရဲ့အကြီးကျယ်ဆုံးပွဲတော်တစ်ခုကိုပါ ကြည့်ခွင့်ရခဲ့ပါတယ်။ ဟီရိုးရှီးမားနဲ့ကမ္ဘာကြီးကို ချိတ်ဆက်ပေးမယ့် ငြိမ်းချမ်းရေးပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ ပန်းပွဲတော်ကြီးတဲ့။

ဆက်ရန်

13 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

အခွင့်ရမယ် ဆိုရင် ကျွန်တော်လည်း တစ်ခေါက်လောက် ရောက်ချင်တယ် မီဂူရေ ... သေဆုံးသွားခဲ့တဲ့ ကလေးတွေနဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ဆုတောင်းပေးချင်လို့ ... အထူးသဖြင့်ထိုင်နေတဲ့ ကလေးလေး နှစ်ယောက်ကို မြင်တော့ စိတ်ထဲတော်တော်လေး နာနာကျင်ကျင် ခံစားရတယ် ... အအံ့သြဆုံးကတော့ 1.8.1964 မှာ ထွန်းညှိခဲ့ပြီး ခုထိ မငြိမ်းသေးဘူးလို့ စာရေးသူ ပြောပြထားတဲ့ နေရာလေ ... သူတို့ရဲ့ ကြေကွဲဖွယ်နိမိတ်ဆိုး ကို အမြဲသတိရနေကြသလိုပဲ ... ဗုံးဒဏ်ခံ ပြည်သူအားလုံး ရောက်ရာဘုံဘဝမှာ ပျော်ရွှင်နိုင်ကြပါစေ ...

Taungoo said...

ဘုရင်နဲ့ မိဖုရား လာဆုတောင်းတာကို ဟီရိုရှီးမားပြည်သူလူထုက ဘာလို့ မကျေနပ်ရတာလဲ။
ဆက်ရန်ကို မျှော်နေပါတယ်...

megumi said...

>ကိုနေဒေးသစ်
ကိုနေဒေးသစ်ရဲ့စိတ်ကူးလေးကောင်းတယ်။ ကျမလည်း နာနာကျင်ကျင် ခံစားခဲ့ရတယ်။ ပြာပုံတစလိုဖြစ်သွားတဲ့ ဟီရိုးရှီးမားက ပြည်သူတွေကို မြင်ယောင်ပြီး ဝမ်းနည်းလို့ မဆုံးဘူး။ ထိုင်နေရင် ထိုင်နေတဲ့အတိုင်း၊ အိပ်နေရင် အိပ်နေတဲ့အတိုင်း၊ လက်ရှိအခြေအနေအတိုင်းမှာ အသက်သေဆုံးသွားပြီး မီးသွေးခဲလိုဖြစ်သွားတဲ့ ရုပ်ကြွင်းတွေအတွက်လည်း တုန်လှုပ်မိတယ်။ နိမိတ်ဆိုးကနေ လွတ်မြောက်ခွင့်ရသွားတဲ့ လက်ရှိလူတွေအတွက်တော့ ဝမ်းသာမိတယ်။ အို ............... ခံစားချက်အစုံပါပဲ။ ဟီရိုးရှီးမားက ကျမအတွက်တော့ မမေ့နိုင်တဲ့ အမှတ်တရများစွာကို ဖန်တီးပေးတဲ့ နေရာတစ်ခုအနေနဲ့ အမြဲသတိရနေမှာပါ။


>ကို တောင်ငူ
သူတို့နိုင်ငံမှာက ဂျပန်တွေက အစွဲကြီးတယ်လေ။ ဟီရိုရှီးမားနဲ့ နာဂါစကီ ဗုံးကြဲခံရတာ အဲဒီခေတ်က အုပ်ချုပ်တဲ့ ဘုရင်တွေရဲ့ အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့်လို့ ဟီရိုရှီးမာ ပြည်သူတွေက ယူဆလိုက်ကြတယ်။.အဲကြောင့်မို့လို့ ခေတ်အဆက်ဆက် အဲလိုဘုရင်ကိုယ်တိုင် လာဆုတောင်းတာကို သားစဉ်မြေးဆက် ဆန့်ကျင်ခဲ့ကြတယ်။ အပြစ်မဲ့ ပြည်သူတွေရဲ့ အုပ်ချုပ်သူအပေါ်ထားတဲ့ အညှိုးလို့ ဆိုရမလားပဲ။

ကောင်းကင်ပြာ said...

စာလေးတွေ ဖတ် ပုံ့လေးတွေကြည့်ပီး စိတ်မကောင်းဖြစ်မိတယ် ညီမလေးရေ၊ အဝေးကနေပဲ ဆုတောင်းလိုက်ရပါတယ်

Anonymous said...

မယ်ဂုမိကို ရှာတွေ့ထားလို့
ဒါတွေကို ဖတ်ခွင့် သိခွင့်ရတာ။

အဲဒီနေရာကို ရောက်သွားပြီးတော့ စိတ်မကောင်းစရာတွေ
ခံစားလိုက်ရသလိုပဲ။

Dr Phyo Wai Kyaw said...

ထူးခြားကောင်းမွန်ပြီး လိုအပ်တဲ့ ပိုစ့်တစ်ပုဒ်ပါ။
စစ်တွေငြိမ်းချမ်းရေးတွေကို လွယ်လွယ်ပြောလေ့ရှိကြတယ်။
စစ်တွေပြုကြဖို့ လွယ်လွယ်ဆုံးဖြတ်ကြတယ်။ တိုက်ဖို့
ခိုက်ဖို့ လွယ်လွယ်ပြောကြတယ်။

တကယ်ခံစားရတဲ့သူတွေအဖို့ မလွယ်ပါဘူး။

မိဂုရဲ့ ပိုစ့်က လူယဉ်ကျေးတွေရဲ့ တောရိုင်းဥပဒေကို လှစ်ပြလိုက်တဲ့ သတိလည်းထားစရာ.. ရှက်လည်းရှက်စရာ ကိစ္စတစ်ခုကို အမှတ်ရစေတယ်။

Anonymous said...

အင်း.... မရောက်ဘူးတော့ ရောက်ဘူးချင်သား
ဂျပန်တွေရဲ့ မိုက်မဲမှုကို လှစ်ပြထားတာလား
ဒါမှမဟုတ် အမေရိကန်တွေရဲ့ ရက်စက်မှုကို
ပြသထားတာလား တခုခုတော့ ခံစားလိုက်ရတယ်။

စိုင်းစိုင်းလားရှိုး said...

ဒီဖြစ်ရပ်ဆိုးက ဖက်ဆစ်ရဲ့ နိဂုန်းလို့ ပြောရမှာပဲ....
ဒီလိုမှမလုပ်ရင် အပြစ်မဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ ဘယ်လောက်ထိများ ဆက်လက် သေဆုံးကြရမယ်ဆိုတာ ခန့်မှန်းလို့ မရဘူး.... ပြိးခဲ့တာတွေလည်း ပြီးခဲ့ပြီလေ...
အခုတော့ သမိုင်းပြတိုက်အနေနဲ့ နှောင်လာနောက်သားတွေ အတွက် သင်ခန်းစာ ယူစရာ မှတ်သားစရာပေါ့ဗျာ...... ဖတ်ရှုခွင့်ရတာ ကျေးဇူးပါ မယ်ဂုမိခင်ဗျာ...

အောင်ဦး said...

ညီမ မယ်ဂု...
စိတ်ဝင်တစားနဲ့ စောင့်ဖတ်နေပါမယ်။ အခုလို ဖော်ပြပေးတဲ့ အတွက် ကိုယ်တိုင်ဘာမှ မသိရသေးတဲ့ အချက်တွေကို သိရှိလိုက်ရတယ်။ ကျေးဇူးတင်ပါတယ်။
ကမ္ဘာကြီးပေါ်က နျူကလီးယားပျောက်ကွယ်သွားတဲ့ တစ်နေ့မှာ မီးငြိမ်းပါမယ်.. ဆိုတဲ့ အချက်ကို အင်မတန် စိတ်ဝင်စားမိတယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ...

Unknown said...

ရေးထားတာလေးက စိတ်ဝင်စားစရာကောင်းပါတယ် .....ဒီတသက်တော့ ရောက်ဖြစ်မယ်မထင်ဘူး......
ငြိမ်းချမ်းရေးကတော့ ခေါင်းနဲ့ ပန်း ကို မြင်တတ်မှပဲ ဖြစ်မယ် .....
ထင်ပါတယ် ....မီးတိုင်လေး ငြိမ်းတဲ့ နေ့က ကမ္ဘပျက်တဲ့နေပဲ .....နူးကလီးယားမရှိတဲ့ အချိန်ဟာ နူးကလီးယား စစ်ပွဲတွေဖြစ်ပြီးတဲ့ အချိန်ပဲဖြစ်မယ်......
စိတ်မကောင်းစရာဖြစ်ဆိုးတွေ ဆက်မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ...

ဂျူနို said...

သိတ်ရောက်ဖူးချင်တယ်။ ခုလိုရေးပြ ပြောပြတာကျေးဇူးတင်ပါတယ်။
စစ်ရဲ့ ဆိုးကျိုးတွေပေါ့။
လက်နက်အားကိုးတာရဲ့ ဆိုးကျိုး။
သင်ခန်းစာပေးလိုက်တာပဲ။
ဖြစ်လိုက်ကြတဲ့ ကင်ဆာတွေ။
လွတ်မြောက်သွားတဲ့လူရှိသေးတယ်နော်။
ဟိုတစ်လောက သတင်းမှာပါတယ်။ သူက ခုထိ အသက်ရာကျော်။ ဘာ အနာရောဂါမှလည်း မဖြစ်လိုက်ဘုးတဲ့။

ဆက်ရေးပါအုန်း။
အယ်ဇီ

vanko said...

ညီမလေး မယ်ဂု စာပြန်ရေးဖြစ်တာ အရမ်းဝမ်းသာပါတယ်။ နောက်လည်း ဒီလိုပဲ စိတ်ထဲမှာ ဝေမျှချင်တာလေးတွေ ရှိတဲ့အခါ ရေးပေါ့။ တာဝန်ကြီးတစ်ခုလို သဘောမထားတာ ပိုပြီးကောင်းပါတယ်။ ဂျပန်ပြည်ရဲ့ အတွေ့အကြုံလေးတွေ စောင့်ဖတ်ဦးမယ်နော်။
......

"ဟီရိုရှီးမားရဲ့ ဆည်းဆာညချမ်းမှာ
မိုးစက်ပွင့်ဖြူဖြူ သွန်ကျလာ
ပန်းပွင့်လွှာပေါ်က အရောင်လွင့်ပြယ်ကာ
နွေဦးကုန်ဆုံးတော့မှာ
ဒါပေမယ့် တို့တတွေ ကြံ့ကြံ့ရပ်တည်ကာ
သာတူညီမျှကောင်းစားရေး အိပ်မက်များ
အကောင်အထည်ပေါ်စပြုလာ"

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျောင်းတွေမှာ ကလေးတွေ မဆိုမနေရပြဌာန်းထားတဲ့ စိတ်တက်ကြွဖွယ် သီချင်းတစ်ပုဒ်ပေါ့။ အဲဒီသီချင်းလေးကို ကျောင်းသားကလေးတွေ သီဆိုနေချိန်မှာပဲ ဟီရိုရှီးမားမြို့ပေါ်မှာ အနုမြူပန်းပွင့်ဖြူဖြူ ပွင့်သွားခဲ့တာပေါ့။
.....
ဗုံးသည် ဟီရိုရှီးမားမြို့ အနောက်မြောက်ပိုင်း အထက်ပေ ၁၅၀၀ ပြာလဲ့ကြည်လင်သော ကောင်းကင်ထဲတွင် ပေါက်ကွဲသွားသည်။ အချင်းပေ ၂၅၀ ခန့်ရှိသော မီးလုံးကြီးတစ်ခုသည် နေမှ ပဲ့ထွက်လာသော အလုံးကြီးတစ်လုံးကဲ့သို့ အထက်ကောင်းကင်တွင် အတန်ကြာ တွဲလွဲချိတ်နေသည်။ နောက်တစ်ခဏအတွင်း ဂျပန်အမျိုးသား ၆၄,၀၀၀ တို့သည် မီးလောင်ကျွမ်းသွားခဲ့ကြသည်။ သို့မဟုတ် ကြေမွသွားခဲ့ကြသည်။ နောက်ထပ် ဂျပန်လူမျိုး ၂၆,၀၀၀ တို့သည်လည်း မီးလောင်ကျွမ်းသွားကြသည်။ နျူထရွန်နှင့် ဂမ္မာရောင်ခြည်တို့ ဖြာထွက်သွားမှုကြောင့် မိနစ်ပိုင်း၊ နာရီပိုင်း၊ ရက်ပိုင်း၊ လပိုင်း၊ နှစ်ပိုင်းများတွင် သေဆုံးခဲ့ကြသည်။
......

ကယောင်ကတမ်းဖြစ်နေသော အသက်ရှင်ကျန်သူများသည် မီးလောင်ကျွမ်းနေသော တစ္ဆေသရဲများသဖွယ် အပျက်အစီးပုံများကြားထဲမှ ထွက်လာကြပြီး ဦးတည့်ရာကို ပြေးလွှားနေကြသည်။ ... ဟီရိုရှီးမားမြို့လယ်ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်သုံးစင်းစလုံးတွင် နေရာလပ်မရှိအောင် အလောင်းတွေ တင်းကျမ်းပြည့်နေသည်။ အပူရှိန်ပြင်းလွန်းသဖြင့် မြစ်ရေထဲသို့ ဆင်းပြေးရာမှ ရေနစ်သေကြခြင်းဖြစ်သည်။
....

တိုက်ဆိုင်ဆိုင်ပဲ ဟိုတစ်လောက အင်တာနက်ကနေ ဟီရိုရှီးမားကို အနုမြူဗုံးဒဏ်ခံခဲ့ရပုံ မှတ်တမ်းကားကလေးကို ကြည့်လိုက်ရပါတယ်။ ဆရာမြသန်းတင့်ရဲ့ "အီနိုလာဂေး၊ မိုးစက်ပွင့်ဖြူဖြူ၊ ဟီရိုရှီးမားညချမ်း" ဆိုတဲ့အက်ဆေးလေးကို သတိရမိတယ်။ ဆရာမြသန်းတင့် အက်ဆေးထဲကလိုပါပဲ။ မှတ်တမ်းကားထဲမှာ ရိုက်ပြထားတာက။ လူသားမျိုးနွယ်တွေ အပြစ်မဲ့ပြည်သူတွေ ကလေးတွေ ခံစားနေရတာ သွေးပျက်ဖို့တောင် ကောင်းပါတယ်။

ဟီရိုးရှီးမားလို နာဂါဆာကီလို့ အဖြစ်ဆိုးမျိုး လူသားတွေ ထပ်မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းပါတယ်။ ကမ္ဘာကြီးပေါ်မှာ နူကလီးယားကတော့ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ အဆပေါင်းများစွာ ပိုအစွမ်းထက်တဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေပေါ်နေပါပြီ။ လူသားတွေရဲ့ ဆင်ခြင်ဥာဏ်နဲ့ ချစ်ခြင်းမေတ္တာတရားတွေသာ ထွန်းကားလာဖို့ ဆုတောင်းကြပါ။

ပျော်ရွှင်ချမ်းမြေ့ပါစေ။

ဖြိုးဝေတိုး said...

ငြိမ်းချမ်းရေးအော်သံကို တနေ့ကြားနိုင်ကြပါစေလို့ပဲ ဆုတောင်းပေးပါတယ်။

 

Design By:
SkinCorner