Wednesday, April 22, 2009

"(၁၄)နှစ်အရွယ် မိခင်"


 မင်းသား (Haruma Miura、1990年4月5日 - )နဲ့ မင်းသမီး (Mirai Shita、1993年5月10日 - )တို့ခေါင်းဆောင်ပါဝင်တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းနာမည်က "(၁၄)နှစ်အရွယ် မိခင်"တဲ့။

 ဟုတ်ကဲ့၊ "(၁၄)နှစ်အရွယ် မိခင်" ပါ။ အလယ်တန်း ဒုတိယနှစ် ကျောင်းသူလေး မိကိ အိချိနိုဆဲ (မင်းသမီး)ဟာ သူမထက် အတန်းတစ်တန်းသာကြီးတဲ့ အလယ်တန်းတတိယနှစ်ကျောင်းသား စတိုရှိ ခိရိနို(မင်းသား)နဲ့ ကျောင်းသွားကျောင်းပြန် တွေ့ဆုံရာကနေ သံယောဇဉ်ရှိလာခဲ့ပါတယ်။ တစ်နေ့မှာ သူမတို့နှစ်ယောက် ဂိမ်းကစားရင်း ပြန်လာတုန်း လမ်းသူရဲဆန်ဆန် လူငယ်တစ်စုက စတိုရှိ ခိရိနို(မင်းသား)ကို နှောက်ယှက်လို့ နှစ်ယောက်အတူတူ ထွက်ပြေးရင်း လူမရှိတဲ့ အိမ်တစ်အိမ်ကို ရောက်ရှိသွားခဲ့ပါတယ်။ လရောင်ရဲ့ ဖမ်းစားမှု၊ တိတ်ဆိတ်မှုအောက်မှာ လူငယ်နှစ်ဦး မှားမိခဲ့ကြပါတယ်။ တစ်ညတာလေးဆိုပေမယ့် မိကိ အိချိနိုဆဲ (မင်းသမီး)မှာ ကိုယ်ဝန်ရသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမအသက် (၁၄)နှစ်ပေါ့။ သူမရဲ့ချစ်သူကတော့ (၁၅)နှစ်တဲ့လေ။ အင်မတန်မှကို အိမ်ထောင်ပြုရန် စောသေးလွန်းတဲ့ အရွယ်လေးတွေပေါ့။

 သူမဟာ ကိုယ်ဝန်ရှိတာကို သိသိချင်း ဘာလုပ်ရမှန်းမသိဖြစ်ခဲ့ပါတယ်။ မိဘကိုလည်း မပြောရဲ၊ ချစ်သူကိုလည်း မတိုင်ပင်ရဲ၊ သူငယ်ချင်းတွေကို မဆိုဝင့်နဲ့ တော်တော်ဒုက္ခရောက်ခဲ့တာပေါ့။ ဆေးခန်းသွားပြရအောင်လည်း အသက်(၁၄)နှစ်အရွယ် သူမမှာ ကျန်းမာရေးကဒ်ပြားမရှိဘူးလေ။ ကျောင်းသူတစ်ယောက်ဖြစ်တဲ့ သူမမှာ ဆေးခန်းပြစရာ ပိုက်ဆံလည်း လုံလုံလောက်လောက်မရှိတော့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ သူမရဲ့ အမေက သိရှိသွားခဲ့ပါတယ်။ သူမရဲ့ အခန်းကို ရှင်းလင်းရင်း အံဆွဲထဲမှာ ကိုယ်ဝန်စစ်ဆေးထားတဲ့ ပစ္စည်း(မြန်မာလို ဘယ်လိုခေါ်လည်း မသိပါ။)ကို ရှာတွေ့ရင်းနဲ့ပေါ့။ သူမ ဖေဖေဆို ပေါက်ကွဲလိုက်တာ။ (၁၄)နှစ်သမီးအရွယ် ကောင်မလေး၊ သူ့စိတ်ထဲမှာ ကလေးလေးလို့ပဲ ထင်ထားတဲ့ သမီးဟာ ”လူကြီးတစ်ယောက်လို ကိုယ်ဝန်ရှိနေပါတယ်”ဆိုတာကို အချိန်တော်တော်ကြာထိ လက်မခံပေးနိုင်ခဲ့ဘူး။
ဖျက်ချဖို့ သူ့သမီးကို အတင်းနားချခဲ့ပါတယ်။ သူမ မေမေကလည်း တိုက်တွန်းခဲ့ပါတယ်။

 အဖေကော အမေကပါ
ဖျက်ချဖို့ တိုက်တွန်းကျတဲ့အတွက် မိကိ အိချိနိုဆဲ (မင်းသမီး)လေးဟာ ကိုယ်ဝန်ဖျက်ချဖို့ သူမမိခင်လိုက်ပို့ပေးတဲ့ သူမပြနေကျ ဆေးခန်းကို သွားခဲ့ရတာပေါ့။ မသွားလို့လည်း မဖြစ်ဘူးလေ။ သူမမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာကို သိသွားတဲ့ ကျောင်းက အတန်းဖော်တွေဟာ သူမကို ဝိုင်းကျဉ်ကြပါတော့တယ်။ မထိတထိ ပြောကြပါတယ်။ သိသိသာသာ တိုက်ခိုက်ကြပါတယ်။ ”သူမကြောင့် သူတို့ကျောင်း နာမည်ပျက်တယ်”ဆိုတဲ့ အကြောင်းကိုလည်း မကြားကြားအောင် ပြောကြပါလေတယ်။ သူမတို့ကျောင်းက မိန်းကလေးကျောင်းလေ။ ဒီတော့ ပိုနစ်နာတာပေါ့။ ကျောင်းအုပ်ကြီးအပါအဝင် ကျောင်းမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေ အားလုံးဟာလည်းအချိန်ရှိသရွေ့ သူမအတွက်ပဲ ဆွေးနွေးနေကြရတော့တယ်။ ကျောင်းထုတ်ရမလား??? မသင်မနေရ ပညာရေးစနစ်ထဲမှာ ပါနေတဲ့ အလယ်တန်းကျောင်းသူဖြစ်လို့ ဆက်လက်လက်ခံရမလား ??? ဝေခွဲမရခြင်းများစွာနဲ့ပေါ့။

 သူမ ကိုယ်ဝန်ရှိသွားတဲ့ အကြောင်းကို သိလိုက်ရတဲ့အချိန်ကစပြီး မူလတန်းကျောင်းသား သူမမောင်လေးမှာလည်း အနိုင်ကျင့်ခံရပါတော့တယ်။ သူမမိခင်၊ သူမဖခင်တို့လည်း သူတပါး အပြောအဆို၊ အကဲ့ရဲ့ ခံရပါတော့တယ်။

 အဆိုးဆုံးကတော့ သူမချစ်သူတို့ အသိုင်းအဝန်းပါပဲ။ သူမချစ်သူရဲ့ မိခင်ဟာ အဖေမရှိပဲ သူမချစ်သူကို မွေးခဲ့တာပါ။ အဖေမရှိဘဲ ကလေးတစ်ယောက်ကို မွေးခဲ့တဲ့အတွက် သာမန်မိန်းမတွေထက် အဆပေါင်းများစွာ စိတ်ဆင်းရဲ ဒုက္ခခံခဲ့ရတာပေါ့။ ဒါပေမယ့် လုပ်ရည်ကိုင်ရည် ရှိတဲ့ သူမချစ်သူရဲ့ မိခင်ဟာ ကုမ္ပဏီတစ်ခုရဲ့ သူဌေးတစ်ယောက်အဖြစ် အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူမမှာ ကိုယ်ဝန်ရှိတဲ့အကြောင်းကို စီးပွါးရေးအသိုင်းအဝိုင်းက မသိခင် အချိန်အထိပေါ့။ သူမချစ်သူရဲ့ မိခင်ဟာ (၁၅)နှစ်သားအရွယ် သားကြောင့် (၁၄)နှစ်အရွယ်ကောင်မလေးမှာ ကိုယ်ဝန်ရှိနေပါတယ်.....ဆိုတဲ့ သတင်းကို သတင်းမီဒီယာမျိုးစုံမှာ ရေးသားခြင်းခံရပြီး တစ်ဖြည်းဖြည်းနဲ့ စီးပွါးရေးအသိုင်းအဝိုင်းရဲ့ ကဲ့ရဲ့ပြောဆိုမှုတွေကို ခံရ၊ စီးပွါးရေးနယ်ပယ် ကျဉ်းမြောင်းလာပြီး နောက်ဆုံးမှာတော့ ဒေဝါလီ ခံသွားရပါတယ်။

 သူမချစ်သူမှာလည်း မတတ်သာပါဘူး။ သူ့ရဲ့အတန်းဖော်တွေရဲ့ အနိုင်ကျင့်မှုတွေ၊ သူ့မိခင်နဲ့
ပတ်သက်ပြီး သူ့ကို လိုက်ချောင်းနေတဲ့ သတင်းထောက်တွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါပေမယ့် သူတစ်ခု ကံကောင်းပါတယ်။ သူမဟာ သူ့ကို တာဝန်မယူခိုင်းခဲ့လို့ပါ။ သူနဲ့ မှားခဲ့တာဖြစ်ပေမယ့် သူမဟာ ကျောင်းသားအရွယ် သူမချစ်သူကို အညွှန့်မကျိုးစေချင်ခဲ့ပါဘူး။ သူမတစ်ယောက်တည်း ဖြစ်သမျှအကြောင်းတွေကို ရင်ဆိုင်ချင်ခဲ့တာပါ။ ဒါပေမယ့် လောကကြီးက သူမ ထင်ထားသလောက် ကြင်နာမှု မပေးဘူးလေ။ ဒီလို အကြောင်းကြောင်းတွေကြောင့် သူမဟာ သူမမိဘတွေ တိုက်တွန်းတဲ့ ကိုယ်ဝန်ဖျက်ချဖို့ကို သဘောတူခဲ့တာပါ။

 ဒါပေမယ့် တကယ်တမ်း
ဖျက်ချဖို့လည်း လုပ်ရော သူမ မလုပ်ရက်ခဲ့ပါဘူး။ သူမမေမေ သူမကိုချစ်ခင်ယုယခဲ့သလိုမျိုး သူမလည်း သူမကလေးကို ယူယမြတ်နိုးချင်ပါတယ်။ အခက်အခဲတွေ အများကြီး ရင်ဆိုင်ဖြေရှင်းရမယ်မှန်း သိသိကြီးနဲ့ကို လူ့အသက်တစ်ချောင်းကို တန်ဖိုးထားခဲ့ပါတယ်။ ဒီလိုနဲ့ သူမမိဘတွေကို အတိုက်အခံလုပ်ပြီး ဒီကလေးကို သူမမွေးမယ်လို့ ပြောခဲ့တော့တာပေါ့။ မိဘတွေခမျာ ယူကြုံးမရဖြစ်လွန်းလို့ ၊ ခံစားရလွန်းလို့ သူမကို တားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမရဲ့ ခေါင်းမာမှုက အနိုင်ရသွားပါတယ်။ ”ဘယ်သူတွေ ကဲ့ရဲ့ ကဲ့ရဲ့ သူမဘေးနားမှာ ရပ်တည်ပါမယ်”လို့ သူမကို ကတိပေးခဲ့ပါတယ်။ သူမမောင်လေးက ကလေးပီပီ သူ့အမကြောင့် သူအနိုင်ကျင့်ခံရတာကို အခဲမကျေခဲ့ဘူး။ သူမနဲ့ အတတ်နိုင်ဆုံး ဝေးဝေးမှာ နေခဲ့ပေမယ့် တကယ်တမ်း သူမက ကလေးမွေးမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ မတားရှာပါဘူး။ ”လူ့အသက်တစ်ချောင်းကို သတ်တာဆိုရင် ငါ နင့်ကို လှည့်ကြည့်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခု နင်က လူ့အသက်တစ်ချောင်းကို ကယ်တင်မှာဖြစ်လို့ ငါ အားပေးပါတယ်”လို့ သူသိသလောက် ပြောကြားခဲ့ပါတယ်။

 သူမမိသားစုရဲ့ နွေးထွေးကြင်နာတဲ့ မိသားစုစိတ်ဓာတ်ကြောင့် သူမ အားတက်ခဲ့ပါတယ်။ ဒါပေမယ့် သူမချစ်သူကြောင့် သူမ ဝမ်းနည်းရပြန်ပါတယ်။ သူမချစ်သူက ကိုယ်ဝန်ရှိတယ်ဆိုတဲ့ သတင်းကြားပြီးကတည်းက သူမကို အဆက်အသွယ်မလုပ်တော့ပါဘူး။သူမက ”သူ့ကို ဒုက္ခမပေးပါဘူး၊ ကိုယ့်ဘာသာကို ရင်ဆိုင်ပါမယ်”လို့ ကတိပေးတာတောင် သူမချစ်သူဟာ သူ့အနာဂတ်အတွက် နိုင်ငံရပ်ခြားအထိ ထွက်ပြေးဖို့ ကြံစည်ခဲ့ပါသေးတယ်။

အားတော့နာပါတယ်။ လက်ညောင်းလို့ နောက်နေ့မှ ဆက်ရေးမယ်နော်။  :z


ပုံကိုhttp://milkteazoo.files.wordpress.com/2008/11/spd_20070814114106_b.jpg

http://fatemehanahita.parsbigocean.com/images/14sainohaha.jpg

http://www.ntv.co.jp/14/cast/pop/satoshi.html ရယူသည်။

20 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

တောင်ပေါ်သား said...

ဇာတ်လမ်းကောင်းလေး တခုပါပဲ အပိုင်းများ စောင့်မျှော်နေပါတယ် ဟီးးး အရေးအသားနဲ့တင် ဇာတ်လမ်း ကြည့်နေရသလိုလို (မြောက်ပြောခြင်း မဟုတ်ပါ ပင့်ပြောတာပါ)


လေးစားလျက်
တောင်ပေါ်သား

ZT said...

အင်း။ စင်ကာပူမှာတော့ ခပ်ကြောင်ကြောင် ဥပဒေ တစ်ခု ရှိတယ် ကြားဖူးတယ်။ အသက် ၁၆ နှစ်အောက် ကိုယ်ဝန်ရှိရင် မွေးခွင့် မရှိဘူး ဆိုလား။ မွေးလာတဲ့ ကလေးကို မိဘမဲ့ ဂေဟာလို နေရာမျိုးကို ပို့ရတယ် ထင်တယ်။ ရုပ်ရှင်ထဲ တွေ့ဖူးတာပဲ။

စိုင်းစိုင်းလားရှိုး said...

ဟင်... အဲလို ဇါတ်လမ်းရှိတယ်လား..... တစ်မျိုးပဲနော်...

Unknown said...

ကောင်းတော့ ကောင်းပါတယ် ဇာတ်လမ်းက ဒါပေမဲ့ မကြိုက်ဘူး ကလေး တွေ ဟာ ဒါတွေကို ကြည့်ပြီး အတုယူမှားနိုင်တယ်.... ဒီလိုဇာတ်လမ်း မျိုးကို ဘယ်လိုအတွေးနဲ့ ပုံဖော်တာလည်း နားမလည်နိုင်ဘူး။

ဆန်းဝင်း said...

ကောင်းပါတယ်.. ခေတ်မှီခြင်းကို လက်ခံသလို ပညာပေးခြင်းကလဲ လိုက်နိုင်ရမယ်.. မြန်မာပြည်မျာ ဒါမျိုး ပညာပေး ကို ပြည်သူ လက်ခံအောင် မီဒီယာက လိုက်သင့်တယ်..

ရဲဝင့်သူ said...

လရောင်ရဲ့ ဖမ်းစားမှု၊ တိတ်ဆိတ်မှုအောက်မှာ လူငယ်နှစ်ဦး မှားမိခဲ့ကြပါတယ် ဆိုတဲ့စာသာလေးတော့ဖတ်ရတာတမျိုးပဲဗျာ။ မှားတယ်လို့သုံးလိုက်တော့ Romantic မဖြစ်တော့ဘူးပေါ့။ လူပီသကြတာပါဗျာ။ဟီး

megumi said...

ကိုတောင်ပေါ်သား > ပင့်ပြောလို့ ကျေးဇူးတင်ပါတယ်ရှင့်။

ကို ZT>စကာင်္ပူ ဥပဒေက တစ်မျိုးပဲနော်။

ကိုရှင်ရဲထွတ်>ဒီလို အဖြစ်အပျက်မျိုး အပြင်မှာ တကယ် ရှိပါတယ်။

ကိုရဲ>ပညာပေးအတွက် ရည်ရွယ်ပြီး ရိုက်တာပါ။ လူငယ်တွေ ဆင်ခြင်နိုင်အောင်ပေါ့။

ကိုဆန်းဝင်း> ဟုတ်ပါတယ်။ မြန်မာနိုင်ငံလည်း လုပ်သင့်တယ်လို့ ထင်ပါတယ်။ မမှားသင့်တာကို ထပ်မမှားရအောင်ပေါ့။

ကိုရဲဝင့်သူ> ဖတ်ရတာ တစ်မျိုးဖြစ်သွားရင် ခွင့်လွှတ်ပါ။ လူပီသရအောင် သူတို့အရမ်းငယ်ပါသေးတယ်ရှင့်။

မြတ်သွယ် said...

တကယ်ဖတ်လို့ကောင်းတယ်
ဇာတ်လမ်းကြည့်နေရတဲ့အတိုင်းပဲ
လက်မညောင်းဘဲဆက်ရေးရင် လာဖတ်မယ်နော်
း)

Unknown said...

အလည်လာပါတယ် ညီမလေး.. တကူးတက ရေးသားတင်ပြထားတာ ကျေးဇူးတင်ပါတယ်။

စိတ်ချမ်းသာပါစေ.. ညီမငယ်

ကိုဥာဏ်(စက်မှု) said...

သူတည်းတစ်ယောက် ကောင်းမှုရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုပေမယ့် အခုတော့ တစ်ယောက် မွေးလာဖို့အရေး ဒုက္ခရောက်ရတဲ့လူ အများသားပါလား … ညတစ်ညမှ ဘ၀တစ်ခုသို့ ဆိုတာမျိုးလား .. မယ်ဂုရေ အသက် ၁၄ နှစ်ကျော်သွားတာ ကံကောင်းတယ်မှတ် .

mabaydar said...

အဲဒိကား ငါကြည့်ပြီးပြီ.. အဲဒိထဲက မင်းသားလေးကို ကြိုက်တယ်.. Bloody Monday ထဲက မင်းသားပဲ.. ငါ့မင်းသားလေးကို ဒီလို လူဆိုးလုပ်ပြီး တန်းလန်းမထားပါနဲ့ဟ.. အမြန် ဇာတ်သိမ်းကို ဆက်ရေး.. ဟီး.. ဟိး.. အဲဒိ မင်းသမီးကောင်မလေးက လူသာငယ်တာ သူ့ကားတော်တော်များတယ်.. ဒီအရွယ်နဲ့လဲ အမြဲ ခေါင်းဆောင်မင်းသမီးလုပ်ရတယ်.. ကလေးကားဆိုလဲ.. သူက အဓိက ကလေး.. တော်တော်တော့ အောင်မြင်ပုံရတယ်နော်..

Anonymous said...

ဇာတ်လမ်းလေးဘယ်လိုသိမ်းမလဲ သိချင်သေးတယ်၊
မယ်ဂုမိရေးတာပဲ စောင့်ဖတ်မှာနော်။

မြစ်ကျိုးအင်း said...

ဇာတ်လမ်းတွေ သူ့ထက်ငါ အပြိုင် အဆိုင်ရေးကြတာဆိုတော့ ဒါမျိုးဇာတ်လမ်းလေးတွေ ရှိတာ နားလည်ပေးရမှာပဲ ။တကယ်ပြောချင်တာ ကတော့ အရေးအသားကောင်းလို့ ဆက်ရန်ကို မျှော်နေ ပါကြောင်း

သီဟသစ် said...

မိဂုရေ..

ဇာတ်လမ်းလေးကို ကိုယ်တိုင်ကြည့်ရင် အဲလောက်ကောင်းမှာမဟုတ်ဘူး.. (သိပ်စိတ်မရှည်တတ်လို့)
ရေးတတ်လိုက်တာ ဆက်ရန်မျှော်နေမယ်..

ကောင်းကင်ပြာ said...

ရေးထားတာ ကောင်းလွန်းလို့ ဆက်ရန် စောင့်မယ် ညီမလေးရေ

မသက်ဇင် said...

မီဂုလေးရေ
စိတ်ဝင်စားစရာပါပဲ
အဆက်မျှော်နေပါ့မယ်
ခင်မင်လျက်

Dr Phyo Wai Kyaw said...

ဂွတ်လှချည်လား
မိဂုရ။

Anonymous said...

ဖြစ်ရလေဗျာ။ ခံစားဖတ်ရူးသွားပါတယ်နော်။

Anonymous said...

အဟင့်.. ဆယ့်လေးနှစ်တဲ့.. ဗြဲ.. မမရယ် !__!

မိုးပြေး said...

ဇာတ်လမ်းလေးကတော့ ဖတ်လို့ ကောင်းပါတယ်။ တစ်ခုတော့ရှိတယ်ဗျာ။ အဲဒါမကောင်းဘူးဆိုရင် မလုပ်နဲ့ ပေါ့ ဒါပေမယ့် လုပ်မိပြီ ဆိုရင်လည်း ပစ်ပယ်ထားလို့ မရဘူးလေ။ အမှားတစ်ခုကို မှားမှန်သိလို့ ကောင်းတာဘက်ကို ဦးတည်နေပြီ ဆိုရင် သူ့ ကို ဆက်လက်ပြီး ဝေဖန်မယ့် အစား အားပေးသင့်တယ်။ ခေတ်မှီ သင့်ပါတယ် ဒါပေမယ့် ခေတ်မဆန်အောင်လို့ ပညာပေးသင့်ပါတယ်။ ဇာတ်လမ်းကောင်းတယ် ဆိုတာ လက်ခံပေမယ့် အတုယူရမယ် အရာမဟုတ်တာကိုတော့ သိထားပြီး ပညာပေး ဗဟုသုတ အဖြစ် ပြောင်းလည်းနားလည်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ။ ဇာတ်လမ်းအရ ကောင်းတာကို ပြောရရင်တော့ မင်းသမီးရဲ့ စိတ်ဓတ်ပါပဲ လောကထဲကို အပြစ်မဲ့စွာနဲ့ ရောက်လာတဲ့သူကို လောကကြီးထဲမှာ ဆက်လက်ရှင်သန်ခွင့်ပြုတဲ့စိတ်၊ ပြီးတော့ ”လူ့အသက်တစ်ချောင်းကို သတ်တာဆိုရင် ငါ နင့်ကို လှည့်ကြည့်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခု နင်က လူ့အသက်တစ်ချောင်းကို ကယ်တင်မှာဖြစ်လို့ ငါ အားပေးပါတယ်” ဆိုတာတွေကတော့ လေးစားအပ်တဲ့ စကားတွေပေါ့။ ကိုယ်လုပ်တာကို ကိုယ်ခံရဲရမယ် တာဝန်ယူရမယ် ဆိုတာကိုတော့ မင်းသားဆိုတဲ့ သူက ပျက်ကွက်ခဲ့တာကတော့ ၀မ်းနည်းစရာပါပဲ။

 

Design By:
SkinCorner