Tuesday, April 28, 2009

မာယာနှင့် အာဏာ

လူတွေဟာ ကိုယ့်အားကိုယ်မကိုးနိုင်တဲ့အခါမှာ သူများကိုအားကိုးလာကြရတယ်။ အထူးသဖြင့် မိန်းမတွေပေါ့။ ရှေးခေတ်တုန်းက မိန်းမဆိုတာ အခုခေတ်လို ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီးမှ မရပ်တည်နိုင်ခဲ့တာ။ အိမ်တွင်းမှုလုပ်၊ ကလေးထိန်းနဲ့ ပြီးခဲ့ကြရတယ်လေ။ ဒီတော့ အာဏာရယ်လို့ ဘယ်ရှိပါ့မလဲ။ ယောင်္ကျားပြောသလိုနေ၊ ယောင်္ကျားပြောသလို ထိုင်ရုံကလွဲလို့ မတတ်နိုင်ကြဘူး။ ယောင်္ကျားဆိုတာကလည်း ကောင်းတဲ့ယောင်္ကျားရှိသလို မကောင်းတဲ့လူတွေလည်း အများကြီးပဲမလား။ ဒီတော့ အိမ်ထောင်ရှင်ဖြစ်တဲ့ ယောင်္ကျား ကိုယ့်ဘက်ပါအောင်၊ ကိုယ့်အနားကနေ ထွက်မသွားအောင် အမျိုးမျိုး ကြိုးစားကြံစည်ကြရတော့တာပေါ့။ မူယာမာယာအမျိုးမျိုးသုံးရင်းနဲ့ပေါ့။

နာမည်ကြီးမိန်းမတစ်ယောက်ကို ဥပမာပေးရမယ်ဆိုရင် ပါတော်မူမင်းရဲ့ မိဖုရားခေါင်ကြီးဖြစ်တဲ့ စုဖုရားလတ်ကိုပဲ ကြည့်။ အမအရင်းဖြစ်သူကိုတောင် ရန်သူလိုသဘောထား တိုက်ခိုက်ပြီး မိဖုရားခေါင်ဖြစ်အောင် လုပ်ယူခဲ့တယ်။ အလားတူ အဖြစ်အပျက်မျိုးတွေကို တရုတ်ရာဇဝင်တွေ ၊ ကိုရီးယားရာဇဝင်တွေမှာလည်း တွေ့ရတယ်။ War and Beauty ဆိုတဲ့ ဇာတ်ကားမှာ အာဏာရဖို့၊ ကိုယ့်ရဲ့ ရပ်တည်ချက် ရေရှည်ခိုင်ခန့်ဖို့ နည်းအမျိုးမျိုးနဲ့ ဘုရင်ကို ဖြားယောင်းသွေးဆောင်ရတဲ့ မိဖုရားတွေကိုကြည့်ပြီး သံဝေဂရတယ်။ အခုခေတ်မှာ လူဖြစ်ရတာ တော်တော်ကံကောင်းပါလားလို့ တွေးမိတယ်။ မိဖုရားမဖြစ်ရင်နေပါစေ ၊ ကိုယ့်ကိုယ်ကျိုးတစ်ခုတည်းအတွက်နဲ့ သူများရဲ့ဘဝတွေကို မဖျက်စီးချင်ပါဘူး။ အဲလိုလုပ်မယ့်အစား သာမန်လူနေထိုင်မှုဘဝမှာပဲ ရပ်တည်ချင်ပါတယ်။

2 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

ဒီခေတ်မှာ လူဖြစ်ရတာကတော့ ဟိုးရှေးခေတ်မှာ လူဖြစ်ရတာ ၊ နောက်ပြီး ကမ္ဘာစစ်အတွင်း လူဖြစ်ရတာတွေထက် စာရင် အများကြီး သာတယ်လို့ ကျွန်တော်လည်း ထင်ပါတယ်။ မိန်းကလေးတွေ တော်တော်များများဟာ မာယာအမျိုးမျိုးသုံးပြီး ကိုယ့်အတွက် နေရာတစ်နေရာရဖို့ ( ဝါ ) ကိုယ် အာဏာရဖို့ လုပ်ဆောင်တတ်ကြတာ မှန်ပေမယ့် တကယ်တော့ အမျိုးသမီး တစ်ယောက်ရဲ့ နဂိုမူရင်း စိတ်အခံက နူးညံ့ပျော့ပြောင်းပါတယ်။ သူတို့လိုချင်တဲ့၊ လိုလားတဲ့၊ လိုအပ်ချက်တစ်ခုကိုသာ ပေးနိုင်တဲ့သူ တစ်ယောက် ဘေးနားမှာ အမြဲရှိကြည့် ... သူတို့ ဘယ်တော့မှလည်း မာယာမများတတ်သလို သူတို့လိုချင်တာကိုလည်း ဘယ်တော့မှ ဦးစားမပေးတတ်ကြတော့ဘူး ... ပေးဆပ်သူတစ်ယောက် အနေနဲ့ပဲ သူတို့ရပ်တည်သွားချင်ကြတော့တယ်။ သူတို့တွေရဲ့ နူးညံ့ပျော့ပြောင်းမှုတွေ အရောင်စွန်းထင်းမသွားအောင် ကျွန်တော်တို့တွေ ( ဝါ ) အမျိုးသားတွေ ဝိုင်းဝန်းထိမ်းသိမ်းပေးကြမယ် .. ဒါဆိုကမ္ဘာကြီးက ပိုပြီး နေပျော်ဖို့ ကောင်းလာမယ် ထင်ပါတယ်လေ ....

Unknown said...

နေတတ်ရင်....
နေရာတိုင်းဟာကျေနပ်စရာတွေကြီးပါဘဲလေ..

 

Design By:
SkinCorner