Friday, April 24, 2009

ဂျပန်နှင့် မြန်မာတို့၏ ကွာခြားချက်

"(၁၄)နှစ်အရွယ် မိခင်"
"(၁၄)နှစ်အရွယ် မိခင်"အပိုင်း (၂) ပို့စ် နဲ့ ဆက်စပ်ပြီး ဒီပို့စ်ကို ရေးပါတယ်။

ဒီလိုပါ။ မိကိ အိချိနိုဆဲ (မင်းသမီး)ဟာ (၁၄)နှစ်လို့ပြောပေမယ့် မြန်မာအယူအဆအရ ပြောရမယ်ဆိုရင် (၁၅) နှစ်လို့ ပြောနိုင်ပါတယ်ရှင်။ ဂျပန်နိုင်ငံရဲ့ အယူအဆအရ အသက်ကို လျော့ပြီး ရေတွက်လေ့ရှိလို့ပါ။ ဂျပန်တွေက မွေးဖွားလာပြီး တစ်နှစ်ပြည့်မှ (၁)နှစ်လို့ ယူဆပါတယ်။ ဒီနေရာမှာတော့ မြန်မာနဲ့ အတူတူပါပဲ။ အဲ........... စပြီး ကွဲတာက တစ်နှစ်ကျော်မှရှင့်။ သူတို့က (၁)နှစ်ပြည့်ပြီးလို့ (၂)နှစ်မပြည့်ခင်စပ်ကြားအထိကို (၁)နှစ်လို့ ပဲ သတ်မှတ်ပါတယ်။ နည်းနည်း ခေါင်းရှုပ်သွားပြီလားမသိဘူး။

နည်းနည်းလွယ်တဲ့ ဥပမာ ပေးမယ်နော်။ လူတစ်ယောက်ဟာ (၂၀၀၀)ခုနှစ် မေလ (၄)ရက်နေ့မှာ မွေးတယ်ဆိုပါစို့။ အခု (၂၀၀၉)ခုနှစ်မှာ သူဟာ (၈)နှစ်ပဲ ရှိပါသေးတယ်။ သူ့မွေးနေ့ ဖြစ်တဲ့ မေလ (၄)ရက် မရောက်မချင်း သူ့အသက်ဟာ (၈)နှစ်လို့ ပဲ ယူဆပါတယ်။ အကယ်၍ မေလ (၅)ရက်ရောက်သွားပြီဆိုရင်တော့ သူ့အသက်ဟာ (၉)နှစ်ဖြစ်သွားပါပြီ။ အဲလိုမျိုး နည်းလမ်းနဲ့ ဂျပန်တွေဟာ ကိုယ့်အသက်ကို တွက်ချက်ကြပါတယ်။

မြန်မာလို အယူအဆအရဆိုရင် (၈)နှစ်ကျော်ပြီဖြစ်တဲ့အတွက် (၉)နှစ်လို့ ယူဆကြပေမယ့် ဂျပန်အယူအဆအရ (၈)နှစ်ပဲ ရှိနေပါသေးတယ်။

(စကားမစပ်၊ အသက်ကြီးရမှာကို ကြောက်တဲ့လူတွေအတွက်ကတော့ ဂျပန် နည်းလမ်းအရ အသက်ကို ရေတွက်တာ အဆင်ပြေမလားပဲနော်။ ဟိ ဟိ၊ တစ်နှစ်လည်း တစ်နှစ်ပေါ့။ ငယ်ရနည်းလားနော်။ )

ဟုတ်ကဲ့၊ အသက်အကြောင်းကို သိသွားပြီဆိုရင် ပညာရေးစနစ်အကြောင်းကို ဆက်ပြောပါမယ်ရှင်။
ဂျပန်နိုင်ငံဟာ (၃) နှစ်ပြည့်မှ တရားဝင် မူကြိုထားလို့ ရပါတယ်။ အခုနက ဥပမာထဲက လူနဲ့ နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင်ဖြင့် သူဟာ (၂၀၀၄) ခုနှစ် ဧပြီ ၁ ရက်နေ့မှ တရားဝင် မူကြိုတက်ရောက်ခွင့်ရှိမှာပါ။ (ဘာလို့လည်းဆိုတော့ (၂၀၀၃) ခုနှစ် ဧပြီ ၁ ရက်နေ့မှာ (၃)နှစ်မပြည့်သေးလို့ပါ။)

(၃)နှစ်မှ (၆)နှစ်မပြည့်မချင်း မူလတန်းကို ကူးလို့မရပါဘူး။ ဒီလိုနဲ့ (၆)နှစ်ပြည့်ပြီဆိုကြပါစို့ရှင်။ မူလတန်းကို တက်ရောက်ခွင့်ရပါပြီ။ မူလတန်းက (၃)နှစ် တက်ရပါတယ်။ မူလတန်း ပထမနှစ်၊ မူလတန်း ဒုတိယနှစ်၊ စသဖြင့် မူလတန်း ဆဌမနှစ်လို့ ရေတွက်ပါတယ်ရှင်။

မူလတန်းပြီးသွားပြီဆိုရင်တော့ အလယ်တန်းရောက်လာပြီပေါ့နော်။ အလယ်တန်းက သုံးနှစ်ပါ။ အလယ်တန်း ပထမနှစ်၊ အလယ်တန်း ဒုတိယနှစ်၊ အလယ်တန်း တတိယနှစ်ဆိုပြီး ခွဲထားပါတယ်။ အလယ်တန်းပြီးတဲ့အချိန်မှာ အသက်ဟာ (၁၅)နှစ်ကို ကျော်လွန်နေရပါ့မယ်။

အချပ်ပို၊
(မူလတန်းမှ အလယ်တန်းအထိ (၉)နှစ်တာ ပညာရေးကို မသင်မနေရ ပညာရေးစနစ်အဖြစ် သတ်မှတ်ထားပါတယ်။
မသင်မနေရ ပညာရေးစနစ်ဖြစ်ပေမယ့် အစိုးရကျောင်းတွေဟာ ပညာသင်စရိတ်မပေးရပါဘူး။ ဒါပေမယ့် သင်ရိုးညွှန်းတမ်းစာအုပ်၊ အားကစားလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်း စသဖြင့် အပိုသုံးအတွက်တော့ ပိုက်ဆံပေးကြရပါတယ်။)

အထက်တန်းကလည်း အလယ်တန်းလိုပဲ (၃)နှစ်ပါ။ မူလတန်း (၆)နှစ်၊ အလယ်တန်း (၃)နှစ် ၊ အထက်တန်း သုံးနှစ် ၊ ပေါင်းလိုက်မယ်ဆိုရင် (၁၂)နှစ်။ ဟုတ်ကဲ့၊ အခြေခံပညာရေးအနေနဲ့ ဂျပန်ပညာရေးစနစ်ဟာ (၁၂ )နှစ်ရှိပါတယ်ရှင်။ (၆)နှစ်ပြည့်မှ စတက်တဲ့အတွက် အထက်တန်းကျောင်းပြီးတဲ့အချိန် ၊ကျောင်းသားတစ်ယောက်ရဲ့အသက်ဟာ (၁၈)နှစ်ပြည့်ပြီးနေပါပြီ။

ဒီကောင်မလေး ဘာတွေ ရေးနေမှန်းမသိဘူးလို့ တွေးနေကြပါသလား????????

ဒီလိုပါ။ ဂျပန်နဲ့ မြန်မာရဲ့ ကွာခြားချက်ကို နှိုင်းယှဉ်ကြည့်နေတာပါ။ ဂျပန်က အထက်တန်းကျောင်းသား/သူတစ်ယောက်ရဲ့အသက်ဟာ မြန်မာမှာဆိုရင် ဘယ်လောက်ရှိပြီဆိုတာကို သိစေချင်လို့ပါရှင့်။ စကား ပြန်ဆက်ပါမယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အရ အခြေခံပညာရေးစနစ်ဟာ (၁၁)တန်းပဲရှိပါတယ်။ အသက်အားဖြင့် (၁၆)နှစ်ပေါ့။ တက္ကသိုလ်တက်ဖို့ မစောင့်ရဘူးဆိုရင် အသက် (၁၈)နှစ်ပြည့်တဲ့အချိန်မှာ မြန်မာကျောင်းသား/သူ တစ်ယောက်ဟာ တက္ကသိုလ် ဒုတိယနှစ်ကို ရောက်နေပါပြီ။ စောင့်ရတယ်ဆိုရင်တောင် ပထမနှစ်လောက်တော့ ရောက်နေပါပြီ။

ဟုတ်ကဲ့၊ အခုလို နှိုင်းယှဉ်လိုက်တဲ့အခါ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံရဲ့ အထက်တန်းကျောင်းသား/သူတွေရဲ့ အသက်ဟာ နှစ်နှစ် နီးပါး ကွာခြားကြောင်းပေါ်လွင်လာပါပြီ။

ဒီလို နှစ်နှစ်ကွာတော့ ဘာဖြစ်လည်းလို့ မေးလာရင် ဒီလို ဖြေချင်ပါတယ်။

ပထမအချက်အနေနဲ့၊ ဂျပန်မှာ ကျောင်းလာတက်ရတာ ကသိကအောင့်နိုင်ပါတယ်။ (၁၁)တန်းပညာရေးနဲ့ (၁၂) တန်းပညာရေးကို ညှိယူလို့ မရပါဘူး။ ဒီတော့ ဂျပန်လာပြီး ကျောင်းဆက်တက်ချင်သူများဟာ (၁၂ )တန်းပညာရေး မဖြစ်ဖြစ်အောင် လုပ်ရပါ့မယ်။

အခြေခံပညာရေး (၁၁)တန်း + တက္ကသိုလ် ပထမနှစ် = ဂျပန်နိုင်ငံ၏ အခြေခံ ပညာရေး (၁၂ )တန်း။

အဲလို တွက်ချက်ယူရပါမယ်ရှင်။ ဒါကြောင့်မလို့ ဂျပန်မှာ တက္ကသိုလ်လာတက်ချင်သူများရှိခဲ့ပါလျှင် (၁၂ )တန်းပညာရေးထိ ရှိအောင် သင်ယူထားသင့်ပါကြောင်း အသိပေးချင်တာပါရှင့်။ တစ်ချို့တက္ကသိုလ် တွေဟာ အသက်မှာလည်း ရစ်တတ်ပါသဖြင့် (၁၈) နှစ်မပြည့်ရင် မလွယ်ကြောင်း တစ်ဆက်တည်းပြောကြားချင်ပါတယ်ရှင့်။

ဒုတိယအချက်ကတော့ ပညာရေးနဲ့မဆိုင်ပါဘူး။ လူမှုရေးနဲ့ ပတ်သက်နေတာပါ။ ဒီလိုပါ။ ကျမကို တစ်ချို့သူငယ်ချင်းတွေက မေးခွန်းထုတ်ကြပါတယ်။ "ဂျပန်မလေးတွေဟာ အထက်တန်းကျောင်းသူ မပြောနဲ့၊ အလယ်တန်းကျောင်းသူတောင် တော်တော် ကဲကြပါလား၊ ဘယ်လိုဖြစ်တာလဲ".......တဲ့။ ဟုတ်ကဲ့၊ ဂျပန်မလေးတွေ တော်တော် ကဲပါတယ်ရှင်။ အထက်တန်းကျောင်းသူ တော်တော်များများ ချစ်သူ ရှိကြပါတယ်။ Love Hotel လည်း သွားကြပါတယ်.....လို့ပြောသံကြားဖူးပါတယ်။ ဒါပေမယ့် သူတို့အသက်ဟာ (၁၆ )နှစ်မှ (၁၈ )နှစ်အတွင်းမှာ ရှိနေပါတယ်ရှင်။ မြန်မာတွေရဲ့ အသက်တွက်နည်းအရဆို (၁၇)နှစ်မှ (၁၉)နှစ်ထဲမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ တက္ကသိုလ်ကျောင်းသား/သူလေးတွေ ပထမနှစ်မှာ ချစ်သူရှာကြသလိုပဲ ဂျပန်က အထက်တန်းကျောင်းသား/သူလေးတွေလည်း ချစ်သူရှာကြပါတယ်။ ဒီလို ယှဉ်ကြည့်မယ်ဆိုရင် အမြင်ရှင်းသွားကြမှာပါ။

ဒီလိုပြောလို့ ဂျပန်က ကျောင်းသား/သူတွေ ချစ်သူရှာတာကို အားပေးနေတာလို့ မထင်ပါနဲ့နော်။ အမှန်ကို အမှန်အတိုင်း တွက်ပြတာတစ်ခုတည်းပါ။ ပညာသင်ရမယ့် အရွယ်ချစ်သူရှာတာ ကျမ အားမပေးပါ။ အထူးသဖြင့် Love Hotel သွားခြင်းကို ပိုကန့်ကွက်ပါတယ်။ ဒါပေမယ့် သူတို့အရပ်နဲ့ သူတို့ဇာတ် ကနေကြတာကိုတော့ ကိုယ်နဲ့ မဆိုင်သရွေ့ ဘာမှ မပြောချင်ပါဘူးရှင်။

6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

ဂျပန်ကို ရောက်တာကြာပြီလား။
ဂျပန်နိုင်ငံ ဗဟုသုတတွေအတွက် ကျေးဇူး။

သီဟသစ် said...

မိဂုရေ..
မှတ်သားစရာတွေပါပဲ.
မြန်မာပြည်နဲ့ ယှဉ်ရေးထားတော့ ပိုမြင်သာတာပေါ့..

Thanks..

megumi said...

မအပြုံးပန်း> လေးနှစ်ကျော်ပါပြီရှင့်။ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

ကိုသီဟသစ်> ဟုတ်ကဲ့၊ သိသလောက် ရေးလိုက်ပါတယ်။ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

အောင်ဦး said...

အလည်ရောက်ပါတယ် ညီမငယ်...

စာတွေတော်တော်ရေးနိုင်တာပဲ။ အားလုံးအဆင်ပါစေ.. စိတ်ချမ်းသာပါစေ..

စိုင်းစိုင်းလားရှိုး said...

ဗဟုသုတ လာယူပါတယ်... အင်းတစ်ချို့ နေရာတွေမှာ အခြေခံ ယဉ်ကျေးမှု ကိစ္စက ညှိနှိုင်းရခက်တယ်နော်

Anonymous said...

ဂျပန်ကို မရောက်ဖူးသလို ဒီဘလော့လေးကိုလည်း ခုမှ ပထမဆုံးရောက်ဖူးတာပါ ... ဂျပန်နိုင်ငံကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ သဘောကျမိပြီး အလည်အပတ် သဘောအနေနဲ့လည်း ရောက်တော့ ရောက်ဖူးချင်တယ်။ နိုင်ငံတစ်ခုနဲ့တစ်ခု သဘောသဘာဝ မတူတာကတော့ အမှန်ပါပဲ ... ကိုယ်မသိတဲ့ နိုင်ငံ တစ်နိုင်ငံရဲ့ ပညာရေး စနစ်အကြောင်း ခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးထားတာ အရမ်းဗဟုသုတရပြီး တန်ဖိုးလည်း ရှိပါတယ်။ ဒီ ကောမန့်လေးနဲ့ အတူ Golden week မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ လို့ဆုတောင်းပေးခဲ့ပါတယ်။

 

Design By:
SkinCorner