"(၁၄)နှစ်အရွယ် မိခင်"အပိုင်း (၂)
ဒါပေမယ့် သူမချစ်သူဟာ နိုင်ငံခြားကို မသွားဖြစ်ခဲ့ပါဘူး။ လေဆိပ်မှာ သူ့မိခင်လက်ကနေ ထွက်ပြေးခဲ့ပါတယ်။ တကယ်တမ်း ခွဲသွားရမယ်လည်းဆိုရော သူ မလုပ်ရက်ခဲ့ဘူးလေ။ သူဟာ သူမနဲ့ တွေ့ခွင့်ရအောင် ကြိုးစားပြီး တွေ့ခဲ့ပါတယ်။ အဲဒီနေ့က နောက်ဆုံးတွေ့ဆုံတဲ့နေ့ပါ။ ခဏတာ စကားပြောဆို နှုတ်ဆက်ပြီး သူတို့ လမ်းခွဲလိုက်ကြတယ်။ မခွဲလို့ မရဘူးလေ။ သူမရဲ့မိဘတွေဟာ မတတ်နိုင်လို့သာ သူမကို ကလေးမွေးခွင့်ပေးခဲ့ပေမယ့် သူမချစ်သူနဲ့တော့ သဘောမတူခဲ့ဘူးလေ။
ဒီလိုပဲ၊ တစ်ဖက်မှာရှိတဲ့ သူမချစ်သူရဲ့ မိခင်ကလည်း သဘောမတူခဲ့ပါဘူး။ ကလေးကို ဖျက်ချဖို့ သူမရဲ့ မိဘတွေကို လာရောက်ပြောကြားခဲ့ပါတယ်။ သူမ မိဘတွေက မွေးခွင့်ပေးထားတယ်လည်းဆိုရော ဒေါသတကြီးနဲ့ ပက်ပက်စက်စက် ပြောပါတော့တယ်။ ဒီလို မိဘမျိုးရှိလို့ ဒီလိုသမီးမျိုး ထွက်လာတာတဲ့။ "သားသမီးမကောင်း မိဘခေါင်း" ဆိုတဲ့ စကားပုံလိုပေါ့။ သူမ မိဘတွေခမျာ ပြန်မပြောနိုင်တာနဲ့ သူမချစ်သူရဲ့ မိခင်ပြောသမျှကို နားထောင်နေရတော့တာပေါ့။ ဒီကြားထဲမှာ သူမချစ်သူရဲ့မိခင်ဟာ သူမနဲ့ နှစ်ယောက်တည်း တွေ့ပြီး စကားပြောခဲ့ပါသေးတယ်။ မမွေးဖို့ နားချပြောဆိုခဲ့ပေမယ့် ဘယ်လိုမှ ပြောလို့မရတဲ့အဆုံး "နင့်ဟာနင် မွေးချင်မွေး၊ ငါ့သားနဲ့တော့ လုံးဝမပတ်သက်စေနဲ့၊ ငါ့သားနာမည် မပါစေနဲ့ "လို့ အတ္တကြီးစွာ ပြောကြားခဲ့ပါတယ်။ ဘယ်လောက်တောင် သူ့သားနဲ့ မပတ်သက်စေချင်သလည်းဆို ကလေးမွေးရန် ထောက်ပံ့ကြေး (တစ်နည်းပြောရရင် လျော်ကြေး )သန်းနှစ်ရာ(ယန်းငွေ)ကို ပေးပြီး "ဘာအကြောင်းကြောင်းကြောင့်နဲ့မှ သူ့သားနဲ့ မပတ်သက်ရေး " စာချုပ် ချုပ်ဆိုခိုင်းခဲ့ပါတယ်။
သူမကလည်း မာနရှိပါတယ်။ စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ပိုက်ဆံကိုတော့ ခြူးတစ်ပြားမှ မယူခဲ့ပါဘူး။ သူမမိဘတွေကလည်း မယူစေချင်ခဲ့ပါဘူး။ သူမမိဘတွေဟာ သာမန် လူနေမှု့အဆင့်အတန်းလောက်သာ ရှိပေမယ့် သူမနည်းတူ မာနရှိခဲ့ကြပါတယ်။
ဒီလိုနဲ့သူမဟာ ကလေးမွေးဖွားဖို့အတွက် ပြင်ဆင်ရပါတော့တယ်။ မိမိ နယ်မြေနဲ့ သက်ဆိုင်တဲ့ ဒေသန္တရာအစိုးရရုံးကိုသွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်သာ ထုတ်ပေးတဲ့ မိခင်နှင့်ကလေးကျန်းမာရေးစာအုပ်ကို တောင်းယူခဲ့ပါတယ်။ ရုံးက တာဝန်ရှိသူက "မိခင်ကိုယ်တိုင် လာရောက်ထုတ်ဆောင်ပါ"လို့ ပြောကြားလိုက်တော့ "ဟုတ်ကဲ့၊ ကျမ မိခင်တစ်ယောက်ပါ"လို့ ပြန်လည်ပြောကြားရတော့တာပေါ့။ ရုံးက လူတော်တော်များများရဲ့ "ဟာ၊ ဟင်၊ အို" အစရှိတဲ့ အာမေဋိတ်သံတွေကြားမှာ ရှက်ရွံ့ခြင်းအပြည့်နဲ့ မိခင်နှင့်ကလေးကျန်းမာရေးစာအုပ်ကို ယူဆောင်ပြီး ပြန်လာခဲ့တဲ့ သူမဟာ လမ်းတဝက်မှာ သူမချစ်သူကို မထင်မှတ်ဘဲ တွေ့လို့ ဘာမှမဖြစ်တဲ့ပုံစံနဲ့ နှုတ်ဆက်လိုက်ပါသေးတယ်။
သူမဟာ ဟန်ဆောင်တော်တော်ကောင်းတဲ့ ကောင်မလေးပါ။ "မိခင်ဖြစ်လာပြီဖြစ်တဲ့ မိန်းမတစ်ယောက်ဟာ တော်ရုံကိစ္စနဲ့ မငိုရဘူး" လို့ ပြောခဲ့တဲ့ သူမမေမေရဲ့စကားကို တသွေမတိမ်း နားထောင်ခဲ့ပါတယ်။ တကယ်ဆို သူမဟာ အငိုသန်တဲ့ ကောင်မလေးပါ။ ဒါပေမယ့် အခုအခါမှာတော့ ဘယ်လောက်ပဲ ကြီးမားတဲ့ ဒုက္ခရောက်ပါစေ၊ သူမ မငိုတော့ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ရလာဒ်ကို အရွယ်နဲ့ မမျှအောင် ခံစားရင်းနဲ့ကို သူမ မငိုတတ်တော့ပါဘူး။
သူမဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက် ရည်ရွယ်ပြီး ဖွင့်ပေးတဲ့ "ကလေးကျန်းမာအောင် ပြုစုစောင့်ရှောက်ရေး သင်တန်း" ကိုလည်း သတ္တိရှိရှိ တက်ရဲခဲ့ပါပြီ။ သင်တန်းတစ်ခုလုံးမှာ အငယ်ဆုံး သင်တန်းသူဖြစ်ပြီး ယောင်္ကျားရယ်လို့ လက်ညှိုးထိုးပြစရာ မရှိတဲ့ သူမဟာ ကိုယ့်အားကို ကိုယ်ပြီး အားပေးခဲ့ရပါတယ်။ တစ်ခါတစ်လေတော့လည်း အထီးကျန်ဆန်စွာနဲ့ပေါ့။ သင်တန်းပြီးလို့ အိမ်အပြန်မှာ တစ်ခြားကိုယ်ဝန်သည်တွေကို ကိုယ်စီကိုယ်စီ သက်ဆိုင်ရာတွေက ကြိုဆိုဖို့ ရောက်လာလေ့ရှိပေမယ့် သူမအတွက်တော့ တစ်ကိုယ်တည်းသာ ပြန်ရုံမှ လွဲ၍ ။
သူမဟာ ရင်ဖွင့်ဖို့ လူလည်းမရှိခဲ့ပါဘူး။ တတ်နိုင်သမျှ လိုက်လျောပေးခဲ့တဲ့ သူမမိသားစုကိုလည်း ဒီ့ထက် ပိုပြီး ဒုက္ခမပေးချင်ဘူးလေ။ ဒီတော့ သူမ ခံစားသမျှကို ရင်ဖွင့်ဖို့ သူမကလေးကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် သူမ ဝမ်းဗိုက်ထဲမှာပဲ ရှိသေးတဲ့ သန္ဓေသားလေးက သူမစကားမှ နားမလည်ပဲ။ ဒါနဲ့၊ သူမဟာ သူမကလေးကို တိုင်တည်ပြီး ပြောတဲ့စကားတွေကို Recorder နဲ့ အသံဖမ်းယူခဲ့ပါတယ်။ အသံဖမ်း ဒိုင်ယာရီလေးမှာ သူမ ခံစားရသမျှ ကိစ္စအဝဝကို အသံသွင်းခဲ့ပါတော့တယ်။ သူမဟာ ကျောင်းမှာတုန်းက ကျောင်းတွင်းမှာ ထုတ်လွှင့်ပေးတဲ့ အသံလွှင့်ဌာနမှာ တာဝန်ယူခဲ့တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
တကယ်တော့ အသံသွင်းခြင်းက သူမအတွက်တော့ ဒိုင်ယာရီတစ်ခုအနေနဲ့သာမက ကျောင်းအလွမ်းပြေ အနေနဲ့ပါ ရှိခဲ့ပါတယ်။ ကျောင်းသူအရွယ်ပဲ ရှိသေးတဲ့ သူမဟာ အခြေအနေအမျိုးမျိုးကြောင့် ကျောင်းဆက်တက်ရန် မဖြစ်နိုင်သေးပေမယ့် ကျောင်းသား/သူ ဘဝကို အောင့်မေ့ဆဲပါပဲ။ သူမရဲ့ အတန်းဖော်တွေကို လွမ်းဆွတ်ဆဲပါပဲ။
ဒါပေမယ့် လက်တွေ့ဘဝမှာတော့ မွေးဖွားရန် တစ်ဖြည်းဖြည်း နီးလာပါပြီ။ သာမန် ကိုယ်ဝန်ဆောင်တွေနဲ့မတူဘဲ ကလေးသာသာ သူမဟာ ကိုယ်ဝန်ရင့်လာပေမယ့် သိသိသာသာ ဗိုက်ပူ မလာပါဘူး။ ဆရာဝန်မကြီးရဲ့ ပြောကြားချက်အရဆို မွေးဖွားရန်လည်း ခက်ပါတယ်တဲ့။ ကံအကြောင်းမလှခဲ့လျှင် မိခင်ကော၊ ကလေးပါ အသက်ရှင်နိုင်ရန် ခဲယဉ်းပါတယ်တဲ့။ သူမရဲ့ အသက်အရွယ်ဟာ ကိုယ်ဝန်ဆောင်ရန် သင့်တော်တဲ့ အရွယ်ထက် အင်မတန်မှကို စောလွန်းခဲ့ပါတယ်တဲ့။ ဒါကြောင့် အာမမခံနိုင်ပါဘူးတဲ့။
သူမရဲ့မိဘနှစ်ပါးမှာ သနားစရာကောင်းလှပါတယ်။ သူတို့ဟာ မိဘတွေဖြစ်လို့ သူမကို သူမကလေးထက် ပိုချစ်ခင်ပါတယ်။ တကယ်လို့ မိခင်နဲ့ကလေး တစ်ယောက်ယောက်ကိုသာ ရွေးရမယ့်အခြေအနေရောက်ခဲ့ရင်တောင် "သူမအသက်ကိုပဲ ကယ်တင်ပေးပါ" လို့ ဆရာဝန်မကြီးကို မေတ္တာရပ်ခံခဲ့ပါတယ်။
တစ်ဖက်မှာလည်းသူမချစ်သူ ဟာ အင်မတန်ဒုက္ခရောက်နေပါတယ်။ စီးပွါးပျက်သွားလို့ မိခင်ကြီးနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကျောင်းလည်း ဆက်မတက်ဖြစ်ဘူးလေ။ သူဟာ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်ပေမယ့် ချစ်သူကောင်းတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ သူ့အသက်အရွယ်လေးနဲ့ ကလေးအဖေဖြစ်ရမှာကို သူ မလိုလားပါဘူး။ ဖြစ်နိုင်ရင် ကလေးကို ဖြတ်ချစေချင်ခဲ့ပါတယ်။သူမက မဖျက်ချပဲ မွေးမယ်ဆိုတော့ ကလေးကို တနည်းနည်းနဲ့ ပျက်ကျစေချင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ဆန္ဒမပြည့်ဝခဲ့ပါဘူး။
သူမဟာ ကလေးလေးကို မွေးခဲ့ပါတယ်။ သာမန်ကလေးထက် တော်တော့ကို သေးငယ်တဲ့ကလေးလေးကို မွေးခဲ့ပါတယ်။ ကလေးလေးဟာ ကလေးသာသာ မိခင်က မွေးတာဖြစ်လို့ သာမန်ကလေးတွေနဲ့ မတူ၊ ငိုလည်းမငို၊ ကိုယ့်အားကိုယ်ကိုးပြီး နို့လည်း မစို့နိုင်ခဲ့ပါဘူး။ မိခင်ဖြစ်တဲ့ သူမမှာလည်း ကလေးကို မိခင်နို့ တိုက်ကျွေးဖို့ မလွယ်ပါဘူး။ (14)နှစ်အရွယ်သူမဟာ ကိုယ်ခန္ဓာအနေအထားက အစ ကလေးပုံလေးပဲ ရှိနေပါသေးတယ်။ မိခင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အနေအထားမျိုးမရှိတဲ့အတွက် စိတ်သာရှိပေမယ့် မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် သူမဟာ မိခင်စိတ်တော့ အပြည့်အဝရှိခဲ့ပါတယ်။ ကိုယ့်အသား ကိုယ်အနာခံပြီး ကလေးလေးကို မိခင်နို့ တိုက်ကျွေးခဲ့ပါတယ်။ သူမရဲ့ မိဘ မေတ္တာကြောင့်ပဲ လအနည်းငယ်ကြာတဲ့အခါမှာ ကလေးလေးဟာ ကျန်းမာလာခဲ့ပါတော့တယ်။ သူမက ကလေးနာမည်ကို "ဆိုရ "လို့ နာမည်ပေးခဲ့ပါတယ်။ "ဆိုရ "ဆိုတာ ကောင်းကင်ပါ။ သူမကတော့ "အပြာရောင်ကောင်းကင်" ကို ရည်ရွယ်ပြီး မှည့်ဆိုခဲ့တာပါ။ (စကားမစပ်၊ ကလေးလေးက မိန်းကလေးပါ။)
"ဆိုရ "ရဲ့ ဖခင်ဖြစ်သူ သူမချစ်သူဟာ "ကလေးမွေးလို့ ငါနဲ့အတူလိုက်ကြည့်ပါ"လို့ သူမရဲ့ ဖခင်တောင်းဆိုချက်ကို အစပိုင်းမှာ ခါးခါးသီးသီး ငြင်းဆန်ခဲ့ရာက နောက်ဆုံးတော့လည်း လိုက်လျောခဲ့ပါတယ်။ ဆေးရုံရောက်တော့ ထွက်ပြေးဖို့ ကြံစည်ခဲ့သေးပေမယ့် "ဆိုရ "လေးရဲ့ မျက်နှာကို မြင်လိုက်တဲ့အချိန်မှာတော့ သူဟာ "ဆိုရ "လေးကို ချစ်သွားခဲ့ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ သူတတ်နိုင်သလောက် တာဝန်ယူချင်တယ်လို့ ပြောပြီး ရရာအလုပ် (ကြုံရာကျပန်း) လုပ်ခဲ့ပါတော့တယ်။
သူမချစ်သူရဲ့ မိခင်ကလည်း သူ့အမှားတွေကို လာရောက်တောင်းပန်ပြီး "မခေါ်ချင်လို့သာ ရမည်။ မတော်လို့တော့ မရ၊ ကျမတို့တတွေဟာ ဆွေမျိုးတွေပါပဲ" လို့ သူမရဲ့မိဘတွေကို ပြောကြားလာပါတော့တယ်။
နောက်ဆုံးမှာတော့ သူမနဲ့ သူမချစ်သူ ဟာ "ဆိုရ "ရဲ့အနာဂတ်အတွက် နောက်နှစ်နှစ်အကြာမှာ လက်ထပ်ချင်ပါတယ်လို့ နှစ်ဖက်မိဘကို တောင်းဆိုပါတော့တယ်။ ကျောင်းသူ/ သား တွေဖြစ်တဲ့ သူမတို့ဟာ ကျောင်းဆက်တက်ဖို့ထက် "ဆိုရ "ရဲ့အနာဂတ်အတွက်ပဲ စဉ်းစားကြပါတော့တယ်။ နှစ်ဖက်မိဘခမျာ ကိုယ့်သားသမီးတွေရဲ့ အနာဂတ်ကို လှလှပပဖန်တီးပေးခွင့်မရတဲ့အတွက် ရင်ထုမနာဖြစ်ပေမယ့် သူမတို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ မတားတော့ပါဘူး။
အချပ်ပို၊
အမှတ်မထင်လုပ်မိလိုက်တဲ့ ကိစ္စတစ်ခုဟာ ဘဝနဲ့ရင်းပြီး ပေးဆပ်လိုက်ရလောက်အောင် တန်ဖိုးရှိပါသလား ................??????
ကိစ္စတစ်ခုကို မဖြစ်ခင် "လုပ်သင့်လား၊ မလုပ်သင့်လား" ကြိုတင် စဉ်းစားသင့်ကြောင်း၊ မဆင်မခြင်နဲ့ လုပ်မိသွားပြီဆိုရင်တော့ ဖြစ်လာတဲ့ ပြဿနာကို မရှောင်တိမ်းဘဲ အကောင်းဆုံးနည်းလမ်းနဲ့ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ကြောင်း ဒီဇာတ်လမ်းက ပြောပြပေးနေပါတယ်။
ဘယ်သူမဆို ဖြစ်လာတဲ့ ပြဿနာကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ကြပါစေ။
ဇာတ်ကားကြည့်ချင်တယ်ဆို ဒီမှာကြည့်လို့ရပါတယ်ရှင်။ တစ်ဆယ့်တစ်ပိုင်းရှိတာကို ချုံ့ရေးထားလို့ အမှားပါခဲ့လျှင် လည်း ပြောကြားပေးကြပါရှင်။
စကားချပ်၊
ဒီဇာတ်လမ်းဟာ အပြင်မှာဖြစ်ပျက်နေတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဒါကြောင့်၊ ဇာတ်လမ်းတစ်ခုအနေထက် တကယ့်အဖြစ်အပျက်တစ်ခုလို ဝေဖန်ပြောကြားစေချင်ပါတယ်ရှင့်။
အကယ်၍၊ ဒီလိုအဖြစ်အပျက်မျိုး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့လျှင် ဘယ်လိုဒုက္ခတွေ တွေ့ကြုံလာနိုင်တယ်ဆိုတာကိုလည်း ပြောပြပေးစေချင်ပါတယ်။

စိတ်ရှည်လက်ရှည် ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ရှင်။
ပုံကိုhttp://milkteazoo.files.wordpress.com/2008/11/spd_20070814114106_b.jpg
http://fatemehanahita.parsbigocean.com/images/14sainohaha.jpg
http://www.ntv.co.jp/14/cast/pop/satoshi.html ရယူသည်။

15 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
မမ လာဖတ်သွားတယ် မယ်ဂုမိလေး၊ ညီမလေးပီးအောင်ရေးတာ ဖတ်ပီးမှ မမကြည့်မလို့ စောင့်နေတာ ၊ 14 sai no Haha ဆိုတာ ထင်တယ်နော်
ဟုတ်ကဲ့၊ "14 sai no Haha " ပါ။
ဇာတ်လမ်းလေးကို တကယ်မှတ်သွားပါတယ်
အချပ်ပိုမှာ မမရေးထားတာလေးတွေလည်း မှတ်သွားတယ်
စိတ်ရှည်ရှည်နဲ့ ရေးပေးတဲ့ မမမယ်ဂုမိကိုအထူးအာရိဂသောပါ ဟီးးးး)
လက်ညောင်းတွားပြီ နှိပ်ပေးမယ် ရာရား)
မဖြစ်သင့်တဲ့ ကိစ္စမို့လို့ မဖြစ်ရအောင်တားဆီးရ မှာပါ..
လိမ္မာလိုက်တဲ့ ပုလဲလေးရယ်။
နှိပ်ပေးလို့ ကျေးဇူးပါ ။
လက်ညောင်းသလားတော့ မမေးနဲ့။ လေးနာရီကြာတယ်လေ။ ဟိ ဟိ၊ စဉ်းစားလိုက် ရေးလိုက်နဲ့ဆိုတော့။ ;) ခေါင်းတွေလည်း မူးရော။ သတ်ပုံတောင် မစစ်နိုင်တော့ဘူး။ :p
အထက်ကပြောသွားသလို မဖြစ်သင့်တဲ့ ကိစ္စမို့ မဖြစ်အောင်တားဆီးရမှာပါ။ ဖြစ်လာခဲ့ရင်လည်း တရားခံတွေလို ပစ်မထားပဲ ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ မေတ္တာရနိုင်ရင် အဆိုးသက်သာပါမယ်။
ဟုတ်ပါတယ်။
ကိုရဲရင့်နီနဲ့ မမသီတာ ပြောတာကို ထောက်ခံပါတယ်ရှင်။
မိဂုရေ..
မဖြစ်အောင် ဘယ်လိုတားဆီးမလဲ ဆိုတာ အဓိကပဲနော်..
ကိုZT ရဲ့ post တစ်ခုတောင် သတိရသွားတယ်..
လောကဓံက ကြောက်စရာကောင်းတယ်။
အဲဒီလောကဓံထဲမှာမှ ကိုယ်ကျင့်တရား ပျက်ယွင်းတယ်လို့ အထင်ခံရတဲ့ လောကဓံဟာ ကြောက်စရာအကောင်းဆုံးပဲ။
တခါ ကိုယ်က တကယ်ကိုယ်ကျင့်သီလမပျက်ပါဘဲလျက် ပျက်တယ်လို့ အထင်ခံရတာက တော်သေးတယ်။ ခံသာသေးတယ်။ ကိုယ့်ရဲ့သီလကို အားကိုးလို့ရသေးတယ်။ သစ္စာပြုလို့ရသေးတယ်။
ကိုယ်က ကိုယ်ကျင့်တကယ်ပျက်သွားတဲ့ အခါရရှိတဲ့ လောကဓံအဆိုးတွေကျတော့ ဘယ်ဟာကို အားကိုးရမယ်မသိတော့ဘူး။
ဒါပေမဲ့ မိတ်ဆွေစစ်ဆိုတာကတော့ ကိုယ်ကျင့်မကောင်းတဲ့ မိတ်ဆွေကိုတောင် ဒုက္ခရောက်ချိန်မှာ ပစ်မထားဘဲ ကူညီဖေးမပါတယ်။
ဒီဇာတ်ကားထဲက ကောင်မလေးရဲ့ မိခင်လိုပေါ့။
ဒီဇာတ်ကားထဲမှာပါတဲ့ ကလေးကို ဖျက်မချဘဲ မွေးမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ အာရှစိတ်ဓာတ်နဲ့ ကျင့်ဝတ်ပါ။ ဒါတွေကို အနောက်တိုင်းသားတွေ နားမလည်နိုင်ဘူး။ ဒီစိတ်ဓာတ်ဟာ မှန်ပါတယ်။ ဘာသာအရရော ရိုးရာအစဉ်အလာ ယဉ်ကျေးမှုအရရော မှန်ပါတယ်။ စနစ်တွေပြောင်းသွားလည်း ဒီအာရှတန်ဖိုးတွေကို ထိန်သိမ်းရမယ်။ ဒါကြောင့် ရည်ရွယ်ချက်ဇောင်းပေးမှု မှန်ကန်တဲ့ ဇာတ်ကားလေး လို့ ထင်တယ်။
မိဂုရဲ့အားထုတ်မှုကိုလည်း အသိအမှတ်ပြုပါတယ်။
မယ်ဂုမိရေ၊
ဇာတ်လမ်းက ဒီလို ဖြစ်ချိန်မတန်ပဲ ဖြစ်ခဲ့တဲ့အတွက် ဖြစ်လာမယ့်ဟာတွေကို ပညာပေးချင်တာရယ်၊ တကယ်လို့ ဖြစ်လာခဲ့ရင် ရင်ဆိုင်ရမယ့် ခွန်အားတွေကို ပေးချင်တာပေါ့နော်။
ဖြစ်လာမှတော့လဲ ကဲ့ရဲ့ရူတ်ချမယ့်အစား ကူညီပေးသင့်ရင် ပေးရမှာပေါ့လေ။
ဂုဂုရေ ညီမလေးပေးလိုက်တဲ့ လင့်ကို အချိန်ရတိုင်း ကြည့်တယ်သိလား ဒီဇါတ်လမ်းကိုလေ ဇါတ်လမ်းအရ ပညာပေး ဇါတ်လမ်းနေလိမ့်မယ်နော်... အင်္ဂလိပ်စာတန်းထိုးပေးတော့ ကြည့်ရတာ အဆင်ပြေပါတယ်.... ဇါတ်လမ်းတော့ ပြီးေ၇ာင် မကြည့်ရသေးဘူး... အချိန်ပေးပြီး ပြီးအောင်ကြည့်လိုက်ဦးမယ်.. တော်တော်လေးတော့ ကောင်းမှာပဲ..... နောက်ဆက်တွဲရေးဦးနော်.....
ရေးနိုင်ပါပေ့ဗျာ။ ဒီမှာတောင် တကြောင်းရေးပြီး
တရက်လောက် အနားယူတာ သူပဲရေးနိုင်ပါ့။
စိတ်ရှည်လက်ရှည်နဲ့ အများကြီး ရေးပေးခဲ့တာကျေးဇူးတင်ပါတယ်။ ကြိုးစားထားမှုကို အသိအမှတ်ပြုမိပါတယ် ညီမငယ်။
ချမ်းသာသုခ ပြည့်ဝပါစေ..
မမရေ.. အာပွား! :)
ကျတော် စိတ်ထဲက အတိုင်းရေးချင်တဲ့ ကွန်မန့်ကို မရေးတော့ဘူး။ လူထုမေတ္တာခံ ရမှာကြောက်လို့။ ဘာပဲပြောပြော ဂူးဂူးရေးတဲ့ အချပ်ပိုလေးကိုတော့ ထောက်ခံပါတယ်။ movie ကတော့ မကြည့်တော့ပါဘူး။ ဂူးဂူးရေးတာနဲ့တင် လုံလောက်ပါတယ်။ ဖတ်လို့လဲကောင်းပါတယ်.....
Post a Comment